အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကျင်းပ

အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်  ဇူလိုင်  ၄

 

ပြန်ကြားရေးဝန်ကြီးဌာနက  အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း  စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့်ဇနီး၊  ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊  ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပန်းတိုင်းပွင့်၍ မွှေးပါစေ မှတ်တမ်းဗီဒီယိုနှင့် မိုခါမုန်တိုင်း စုပေါင်းမှုအင်အားရလဒ် မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  မိမိတို့အနေဖြင့် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် တတ်နိုင်သည့်အင်အားဖြင့် ပထမအကြိမ်လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း၊    လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင် ကြမည့်သူများ ဖြစ်သည့်အတွက် ကျောင်းပညာရပ်များကို ကြိုးစားသင်ယူခြင်း၊ သုတရသစာအုပ် စာစောင်များကို ဖတ်ရှုလေ့လာခြင်းတို့ဖြင့်  မိမိတို့ဘဝကို မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများက လူငယ်များ၏ ဘဝကိုမြှင့်တင်ပေးပြီး အသိပညာဗဟုသုတများ ရရှိစေမည်ဖြစ်ကြောင်း။    

  နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း လူငယ်ကဏ္ဍကို အလေးထားမြှင့်တင်ပေးလျက်ရှိကြောင်း၊ ထိုသို့ အလေးထားဆောင်ရွက်သည်နှင့်အညီ  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း မိမိဝန်းကျင်၊ မိမိဒေသ၊ မိမိတိုင်းပြည်က အားကိုးအားထားပြုရသည့် လူချွန်လူကောင်း၊ သားကောင်းရတနာများဖြစ်အောင်  ကြိုးစားသွားကြစေလိုကြောင်း၊  ယနေ့လှူဒါန်းသည့်     စာအုပ်များတွင် ကျောင်းသားလူငယ်များအတွက် အကျိုးရှိမည့်စာအုပ်များကို ရွေးချယ်လှူဒါန်းပေးထားကြောင်း၊   စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်စကားအတိုင်း   မိမိတို့ဘဝအတွက် အထောက်အကူပြုပြီး အကျိုးရှိစေမည့် သက်ဆိုင်ရာ စာအုပ်များကို  လေ့လာ ဖတ်ရှုကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှတ်(၁၂) အခြေခံပညာအထက်တန်း ကျောင်းစာကြည့်တိုက်အတွက်  စာအုပ်စာစောင်များနှင့် စာအုပ်ဗီရိုတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုတို့က လက်ခံရယူကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးများနှင့်  ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်း    ဒုတိယဥက္ကဋ္ဌ ဒေါ်သူဇာဝေက စာကြည့်တိုက်သို့ စာအုပ် စာစောင်များ လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊   မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ တာဝန်ရှိသူများသည် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း ဥတ္တရအလင်းတန်းစာကြည့်တိုက်အတွင်း   ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုကို   ကြည့်ရှုအားပေးကြသည်။

 ယနေ့တွင်   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းမိသားစုက  စာကြည့်တိုက် အတွက်  ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ ကျွန်း ဗီရိုနှစ်လုံး၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ငွေကျပ် ၆၅၀၀၀၀ တန်ဖိုးရှိ စာအုပ် ၁၅၀၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ငွေကျပ် ၅၁၀၀၀၀ ကျော်တန်ဖိုးရှိ  စာအုပ် ၃၇၀ စုစုပေါင်း ငွေကျပ် ၂၁၆၀၀၀၀ ကျော်ကို   ဥတ္တရအလင်းတန်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။