မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Physical Fitness Dance သင်တန်းဖွင့်လှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် Physical Fitness Dance သင်တန်းဖွင့်ပွဲကို ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်က သင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်မှုကို တိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင် ပျော်မွေ့သောဝန်ထမ်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး Physical Fitness Dance သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ကိုယ်လက် လှုပ်ရှားမှုကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ကုသခြင်းပြန်လည်ထူထောင်ခြင်းနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုတိုးတက်၍ ရောဂါပိုးမွှားများကို ခုခံတွန်းလှန်နိုင်စွမ်းကို မြင့်တက်ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်ကို ပံ့ပိုးငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၃ ရက်မှ ၁၇ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။