မြစ်တို့၏သဘော

ယမန်နေ့မှအဆက်

''ဒီမယ်ပန်းရဲ့၊ ဒီအဖေရဲ့သမီးဖြစ်ရတာ ဂုဏ်ယူစမ်းပါ။ ဒီအဖေ ဘာပဲလုပ်လုပ် ရိုက်ခတ်လာတဲ့ ဂယက်ကို ရဲရဲဝံ့ဝံ့ခံယူဖို့၊ ရင်ဆိုင်ဖို့ကြိုးစားစမ်းပါကွယ်။ ဒီအဖေဟာဘယ်လောက်ချစ်ဖို့ ကောင်းသလဲဟင်။ ဒီအဖေဟာ ဘယ်လောက်လေးစားစရာ ကောင်းသလဲပန်းရယ်။

ဒီအဖေမျိုးရဲ့သမီးအဖြစ် သူတစ်ပါး တံတွေးထွေးကြတာကို ဂုဏ်ယူပြီး ခံယူစမ်းပါကွယ်''

''အရီတော့  ကိုယ့်လင်မို့ပြောတာ မဟုတ်ပါဘူး ဦးချစ်သောင်း။ သူဟာ သမီးအပေါ် ဘယ်လောက် ချစ်တယ်ဆိုတာ ဖြစ်တဲ့နည်းနဲ့ ပြသွားတာမို့ သနားလည်း သနားတယ်၊ မုန်းလည်း မမုန်းနိုင်တော့ဘူး''

''ဒီအသံကြားရတာ ကျွန်တော်ဝမ်းသာလို့ မဆုံးပါဘူးဗျာ။ ဒီအသံကြားချင်လို့ ဘယ်လိုကြိုးစားခဲ့တယ် ဆိုတာ နောင်အေး သိပါတယ်''

ပန်းသည် တိတ်ဆိတ်စွာ စဉ်းစားတွေးတောရင်း လိုက်ပါလာသည်။ တိတ်ဆိတ်စွာ ငိုလျက်ရှိ၏။ သူ့ပါးပေါ်ဝယ် မြမျက်ရည်တွေတွေ စီးနေသည်။

''ဟေ့ ဘာဖြစ်လို့ ငိုရပြန်တာလဲ''

ဦးချစ်သောင်းက မှန်ထဲတွင်ကြည့်၍မေး၏။

''ပန်းမိုက်မဲခဲ့တာတွေကို ယူကျုံးမရလို့ပါ အန်ကယ်ရယ်''

''ပြီးပြီးသားအတွက် ငိုမနေဘဲ ငိုပြီးသားအပေါ်က အမြတ်ထုတ်ဖို့၊ သင်ခန်းစာယူဖို့ ကြိုးစားပါလားကွယ်''

ပန်းသည်တိတ်ဆိတ်နေ၏။ သို့သော် သည်အဖေ မြတ်နိုးသောအိမ်သို့ အမြန်ဆုံး ပြန်ပြောင်းရန်ကိုကား သူဆုံးဖြတ်လိုက်ပေပြီ။

ကိုချစ်သောင်း၏ အိမ်သို့ရောက်သည်။

မမြသွေးမှာ   အကောင်းပကတိကဲ့သို့ ရှိနေကာ ပန်းနှင့်မခင်ရီ၏ အလယ်တွင်ထိုင်၏။ ကြောက်ရွံ့ဟန်မူ မပျောက်သေးပေ။

ကိုချစ်သောင်းက ''မြသွေးဘယ့်နှယ့်နေလဲ။ လှဲနေမလား''ဟုမေး၏။

''နေကောင်းပါပြီ။ ဒီလိုပဲနေပါရစေ''

မခင်ရီသည်  မမြသွေးအား  တစ်ချက်ငုံ့ကြည့်လိုက်ပြီး-

''သူတစ်ခုခုကိုကြောက်နေတယ် ဦးချစ်သောင်း''ဟုပြောကာ   ''ဟုတ်သလား  မမြသွေး။    ဘာကိုကြောက်နေတာလဲ၊  ကျွန်မမသိရဘူးလား'' ဟုဆက်မေး၏။

''ပြောချင်ပါတယ်ရှင်။ ပြောရမှာခက်နေလို့ပါ''

''ဒီလိုရှိပါတယ်လေ။ ကျွန်မလည်း အရင်တုန်းကတော့ ကြောက်ခဲ့တာပဲ။ မေးငေါ့တာလည်းကြောက်၊ အတင်းပြောခံရတာလည်း ကြောက်၊  အကုန်လုံးကြောက်နေတာပဲ။ ဒါပေမဲ့ ကနေ့စဉ်းစားကြည့်တော့ ကျွန်မ ကြောက်ခဲ့တာတွေဟာ ဘာမှအဓိပ္ပာယ် မရှိပါဘူး။  တချို့အချက်တွေကို ကြောက်စရာမဟုတ်ဘဲနဲ့ ကြောက်နေခဲ့ပြီး တချို့ဟာကျတော့ ကြောက်တယ်ဆိုတာကိုက ရယ်စရာဖြစ်နေပြီ။ ဒါကြောင့်ကျွန်မဟာ ဘာမှမကြောက်တော့ဘူး။ ကြောက်နေမယ့်အစား ပြေးပြီးရင်ဆိုင်လိုက်တော့မယ်''

မမြသွေးက ငြိမ်ပြီးစဉ်းစားနေ၍ ကိုချစ်သောင်းက ဝင်ပြော၏။

''ကြောက်တယ်ဆိုတာ အလကားပါ။ သရဲဘောကြောင်တဲ့လူတွေ ကြိုတွေးပြီး ကြိုတင်ပူပန်တာကို ကြောက်တယ်ခေါ်တာပဲ၊ ဒါပဲ။ ကြည့်လေ လူတွေက စစ်ဆိုတာမကောင်းဘူး။ စစ်ဖြစ်ရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့။ ဟောစစ်ဖြစ်တော့လည်း နေလို့ထိုင်လို့ ဖြစ်ကြတာပဲ မဟုတ်လား။ ကိစ္စတစ်ခုကို ကြောက်တယ်။တွေးပြီးကြောက်တယ်။ ဒါပေမဲ့ ဒါကြီးနဲ့ တကယ်တွေ့ရတော့လည်း ထင်သလောက် ကြောက်စရာမကောင်းတာတွေအများကြီးပဲ''

''ကဲမမြသွေး ဘာကြောက်နေတာလဲ။ အရီတို့ကူပြီး ကာကွယ်ပေးမယ်။ ဦးချစ်သောင်းနဲ့ ပတ်သက်လာတဲ့ အတွက် အရီတို့လည်းခံစရာရှိရင် မျှခံမယ်။ အဲဒါ အရီတို့သိပါရစေ''

မမြသွေးက ကိုချစ်သောင်းကို လှမ်းကြည့်သဖြင့် ကိုချစ်သောင်းက ပြုံး၍အားပေး၏။

''ကြောက်စရာမရှိပါဘူးကွယ်။ ဖွင့်ပြောလိုက်ရရင် ပေါ့တောင် သွားသေးတယ်။ ပြောနိုင်မယ်ဆိုရင်တော့ ပြောသာပြောလိုက်ပါ''

''မောင်ကြီးက အခုချက်ချင်း မယူနိုင်တာဟာ ဒါကြောင့်ပါပဲ''

အကြောင်းအရာမှာ မျှော်လင့်သည်ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းလာ၏။ ကိုချစ်သောင်း၊ မခင်ရီနှင့်ပန်းတို့သည် မမြသွေးအား စိတ်အားထက်သန်စွာ ကြည့်ကြ၏။

''ဟုတ်လား ပြောပြပါလားရှင်'' မခင်ရီကလည်း ထပ်မံအားပေးသည်။

''မောင်ကြီးကို မြသွေးချစ်ပါတယ်။ ချစ်လို့ယူလိုက်ရင် မြသွေးကျူးလွန်ထားတဲ့ အမှုတစ်ခု ပေါ်လာလိမ့်မယ်။ မောင်ကြီးပါ မြသွေးအတွက် ဂုဏ်သရေညှိုးမယ်''

''ရှင်းပစ်လိုက်ပေါ့ မမြသွေးရယ်။ ဒါမြန်မြန်ရှင်းသွားရင် စိတ်အေးချမ်းသာစွာနဲ့ မြန်မြန်လက်ထပ်နိုင်မယ် မဟုတ်လား''

''ဟုတ်ပါတယ်''

''ကဲ မြသွေး၊ ငါတစ်ယောက်လုံးရှိနေတယ်။ ရင်ထဲမှာ တနုံ့နုံ့ခံစားပြီး ကြောက်နေမယ့်အစား ဖွင့်ပြောလိုက်ရင် ဘာလုပ်သင့်တယ်ဆိုတာ ငါတို့အားလုံးဝိုင်းပြီး အကြံပေးနိုင်တယ်။ ကူညီနိုင်တယ်။ ဒီတော့ ဖွင့်သာပြောလိုက်။ မင်းကြောက်နေတာ ဘာလဲ''

ဆက်လက်ဖော်ပြပါမည်။