
ယမန်နေ့မှအဆက်
မောင့်ကိုနားလည်တယ်မဟုတ်လား မြင့်။ မောင့်ကိုနားလည်ရင် မောင်ဘာလုပ်လုပ်မြင့်ခွင့်လွှတ်ရမှာပဲ။ မောင့်ကိုနားလည်ရင် မောင့်အလုပ်ကို နားလည်ရမှာပဲ။ မောင့်ကိုချစ်တယ်မဟုတ်လားဟင် မြင့်။ မောင့်ကိုချစ်တယ် မဟုတ်လား
တော်ပါတော့၊ ကလေးသုံးယောက်တောင်ရနေပြီ
အိမ်ကမိန်းမအတွက်တော့ စိတ်ချရပြီ။ သို့သော် သောင်းဒန်သည် ထိုရက်အတွင်း စိတ်မအားလူမအား ဖြစ်နေသည်။ လူစုရ၊ ပစ္စည်းစုရနှင့် နားနေရသည်ပင်မရှိ။ ပစ္စည်းစုရသဖြင့် ရုံးတွင်ထိုင်မနေနိုင်။
သီရိတံတားလုပ်ငန်းများကား လက်စသတ်နေပြီ။
လူစုကားမကွဲသေး။ လက်သမား၊ ပန်းရန်၊ စက်ပြင်စက်မောင်း၊ သံချည်သံခွေစသည့် အလုပ်သမားတို့သည် သုံးနှစ်အတွင်း ဟိုမှသည်မှ တစ်စုစီတစ်ယောက်စီ ရောက်လာကြသော အလုပ်သမားများဖြစ်ကြသည်။ သူတို့ကား လခစားများ မဟုတ်ကြ။ နေ့စားသမားများသာ ဖြစ်ကြသည်။ သီရိတံတားတွင်မူ အခကြေးငွေ ကောင်းကောင်းရသည်။ သူတို့သည် တစ်နေ့လျှင် ခြောက်ကျပ်မှ ၁၀ ကျပ်အထိရကြသည်။ ပျဉ်ထမ်း၊ သဲထမ်းသမားများသာလျှင် သုံးကျပ်ဆယ့်ငါးပြား စားများဖြစ်သည်။ သူတို့ကား စက်ပြင်၊ စက်မောင်းတို့လို ကျွမ်းကျင်သည့်အလုပ်သမားများမဟုတ်ကြ။ မည်သို့ဖြစ်စေ သုံးကျပ်ဆယ့်ငါးပြားစား မဟုတ်သူတို့သည် လခစားဖြစ်လိုကြသည်။ သို့မှ သူတို့ဘဝသည် အာမခံချက်ရှိမည်။ အစိုးရကလည်း သူတို့အားလုံးကိုမခန့်နိုင်။ လုပ်ငန်းရှိလျှင် နေ့စားပေး၍ခိုင်းသည်။
သူတို့အထဲတွင် စက်ကြီးမောင်းတို့သာ လခစားများဖြစ်ကြသည်။ သို့ဖြစ်ရာ သူတို့ကိုစည်းရုံးရာ၌ မက်လုံးပေးရတော့မည်။ လုပ်ငန်းပြီးဆုံးလျှင် လခစားဖြစ်စေရမည် ဟူသော မက်လုံးပင်ဖြစ်သည်။ ဖြစ်လည်းဖြစ်ရမည်ဟု သောင်းဒန် မျှော်လင့်ထားသည်။
သို့နှင့်သောင်းဒန်ပစ္စည်းစုနေစဉ် အင်ဂျင်နီယာလေး စောသာအေးက တစ်နေ့လယ်ခင်းတွင် သတင်းစကားတစ်ခုပါးသည်။ စက်ကြီးမောင်းနှစ်ယောက်ဖြစ်သည့် ဘလှနှင့် အေးသန်း မလိုက်နိုင်ဘူးဟူသော သတင်းပင်ဖြစ်သည်။
မလိုက်နဲ့ကွာ။ အားလုံးမလိုက်ကြနဲ့။ ကောင်းတယ်၊ ငါချည်းသွားမယ်။ ငါတစ်ယောက်တည်းဆောက်မယ်
သောင်းဒန်စိတ်ရှုပ်လာသည်။
နေစမ်းပါဦး စောသာအေး၊ မင်းရောပျက်ဦးမှာလား
မပျက်ပါဘူး ကိုသောင်းဒန်၊ ကျွန်တော်လည်း လိုက်မယ်။ ကျွန်တော့်မိန်းမလည်းလိုက်မယ်။ တစ်အိမ်ထောင်လုံး လိုက်မယ်။ တံတားပြီးမှပြန်မယ်
စောသာအေးစကားကြားလိုက်ရသည့်အတွက် အားတက်သလိုလိုရှိလာသည်။
ဒီလိုလုပ် စောသာအေး၊ ဒီကောင်တွေညနေအလုပ်ဆင်းရင် မပြန်စေနဲ့။ တံတားပေါ်မှာတန်းစီခိုင်းထား၊ ငါလာခဲ့မယ်။ သူတို့အားလုံးကို စကားပြောမယ်။ စပြီးခေါ်တုန်းကတော့ မိုးလားကဲလားနဲ့။ ဘယ်လိုကောင်တွေမှန်းမသိဘူး
ညနေတွင် သီရိတံတားသစ်ပေါ်၌ အလုပ်သမား တစ်ရာကျော် သောင်းဒန်ကိုစောင့်နေကြသည်။ တံတား မဖွင့်သေးသည့်အတွက် စည်းဝေးစရာ နေရာတစ်ခု ရနေသည်။ သောင်းဒန်ရောက်လာပြီး သူတို့အားလုံးကို စကားပြောသည်။
ကဲ ဘယ်လိုလဲ။ ဟေ့ ဘလှနဲ့အေးသန်း ဘယ်လိုလဲကွ။ မင်းတို့မလိုက်တော့ဘူးဆို။ မင်းတို့က လခစားသမားတွေဆိုတော့ ဘယ်နေနေ ပိုက်ဆံကတော့ ရနေမှာကိုးကွ၊ ဟုတ်လား။ မင်းတို့ ငါ့ကိုမကူညီချင်ဘူးလား။ တို့တိုင်းပြည်ရဲ့ တည်ဆောက်ရေးမှာ တစ်လက်တစ်ကမ်းမပါချင်ဘူးလား။ အေးကွာ ဒီအထိကြီးကြီး ကျယ်ကျယ် စကားလည်း ငါမပြောချင်ပါဘူး။ ငါနဲ့အတူ အလုပ်မလုပ်ချင်ဘူးလား။ ငါ့ကိုမကူညီချင်ဘူးလား။
ဒါပဲမေးချင်တယ်။ ဟေ့ ဘလှနဲ့အေးသန်း၊ မင်းတို့ ငါ့ကိုမကူညီချင်ဘူးလား
အဖြေမရ။
ပြောလေကွာ၊ ငါမေးနေတယ်
ကူ ကူ ကူညီချင်ပါတယ် ခင်ဗျာ
အေး ကူညီချင်တယ်ဆိုရင် ငါနဲ့လိုက်ခဲ့ကြဖို့ပဲ။
ခင်ဗျားတို့အားလုံးလခစားဖြစ်ချင်ကြတယ်မဟုတ်လား။
အဲဒါဖြစ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေကြတယ်။ အခုစင်ရော်တံတားဆောက်လို့ပြီးရင် ကျွန်တော်တို့ အဖွဲ့ဟာ မြန်မာအင်ဂျင်နီယာများ တံတားဆောက်အဖွဲ့ ဖြစ်လာမယ်။ ခင်ဗျားတို့တစ်တွေဟာ တံတားဆောက် ကျွမ်းကျင်သူတွေ ဖြစ်လာမယ်။ တံတားဆောက်အဖွဲ့ဖြစ်လာရင် အားလုံးလခစားတွေဖြစ်လာမှာပဲ။ ကျွန်တော်နဲ့ဦးသော်ကောင်းတို့ တိုင်ပင်ပြီး တံတားဆောက် အဖွဲ့ဖွဲ့စည်းပုံတစ်ခုအထက်ကို တင်ပြထားတယ်။ ခင်ဗျားတို့မယုံရင်မေးကြည့်။ ဟောဒီက ဦးလှမင်းတို့၊ ဦးစောသာအေးတို့မေးကြည့်။ ဟုတ်လား။ ခင်ဗျားတို့သာ အနာခံပြီး လိုက်ခဲ့ကြမယ်ဆိုရင် ခင်ဗျားတို့အကြောင်း အကောင်းပြောလို့ဖြစ်တယ်။ ခင်ဗျားတို့က အနစ်နာမခံဘူးဆိုရင် ကျွန်တော်ဘာမှ ပြောမပေးနိုင်ဘူး။ ခင်ဗျားတို့အတွက် ဘဝအာမခံချက်ဘာမှ ရှိတော့မှာ မဟုတ်ဘူး။ ကဲ သဘောပေါက်ကြရဲ့လား။ မေးချင်တာရှိရင် မေးကြဗျာ
ဆရာ ဦးသောင်းဒန်ခင်ဗျား၊ ကျွန်တော်တစ်ခုမေးပါရစေ။ အဲဒီစခန်းမှာ ကျွန်တော်တို့ ဘယ်လိုနေရမှာလဲ
အားလုံးစုပြီးနေကြရမှာပေါ့ဗျ
ဝင်းခြံတို့ ဘာတို့ရော လုံလုံခြုံခြုံရှိရဲ့လား
လုံလုံခြုံခြုံရှိအောင် လုပ်ရမှာပေါ့
အဲဒီမှာ ကျားတို့ ဆင်တို့ရှိမှာပေါ့ခင်ဗျာ
ဟာ ဒီလူတွေဘာတွေမေးနေတာလဲ။ ခင်ဗျားတို့ တော်တော် အသေးတာပဲ။ တောကြီးမျက်မည်းမဟုတ်ဘူးဗျ။ အဲဒီမှာလူသူရှိတယ်။ အနားပတ်ဝန်းကျင်မှာ ကွမ်းသီးခြံတွေ၊ ရော်ဘာခြံတွေ၊ ဒူးရင်းခြံတွေရှိတယ်။
ချောင်းထဲမှာ လှေတွေ၊ ပဲ့ချိတ်တွေသွားလာနေကြတယ်
သူတို့နားမလည်ကြ။ သူတို့အားလုံးသည် ရန်ကုန်ဇာတိမဟုတ်ကြ။ အလုပ်အကိုင်ပေါသော မြို့ကြီးပြကြီးသို့ တက်လာကြသည့် တောသူတောင်သားများသာ ဖြစ်ကြသည်။ များသောအားဖြင့် ရန်ကုန်မှလွဲလျှင် တခြားတစ်ရပ်တစ်ကျေး ရောက်ဖူးသူများမဟုတ်ကြ။
သူတို့တွင် ဗဟုသုတမရှိ။ အတွေ့အကြုံမရှိ။ ရန်ကုန်တွင်ကား သားရဲစားသည့်ကျားမရှိ။ လူသားစားကျားများသာ ရှိသည်။ လူသားစားကျားများကို သူတို့တွေ့ဖူးကြုံဖူးကြလိမ့်မည်။ သို့သော် တောကြီးမျက်မည်းထဲက သားငါးစားကျားထက် မြို့ကြီးပြကြီးက လူသားစားကျားသည် ပို၍ကြောက်စရာကောင်းသည်ကို သူတို့နားမလည်ကြ။ ရန်ကုန်တွင် သားရဲစားကျား ဆို၍ တိရစ္ဆာန်ရုံတွင်သာရှိသည်။ တောဆိုလျှင် ကျားရှိမည်ဟု သူတို့အထဲက တချို့တလေ အတွေးခေါင်နေကြသည်။ အချင်းချင်း ပြောဆိုဆွေးနွေးကြရာမှ တစ်ယောက်ယောက်က တောထဲနေရမယ်တဲ့၊ ကျားတော့ ကြောက်ရမှာပေါ့ကွာဟု ပြောလိမ့်မည်။ ထိုမှ ဤမေးခွန်းထွက်လာခြင်း ဖြစ်သည်။
သောင်းဒန်၏ အဖြေကြောင့် အားလုံးငြိမ်သွားသည်။
ခဏကြာလျှင် တီးတိုးတီးတိုးပြောကြပြန်သည်။
အစားအသောက်ရော ပေါရဲ့လားခင်ဗျာဟာ ရန်ကုန်ထက်တော့ပေါတာပေါ့ဗျာ။ တောပဲဟာ ပေါရမှာပေါ့။ ငါးတစ်ပိဿာဆိုရင် တစ်ကျပ်၊နှစ်ကျပ်တဲ့ သောင်းဒန်ကိုယ်တွေ့မဟုတ်။ တစ်ဆင့်ကြားနှင့်ပြောရခြင်းပင်ဖြစ်သည်။ သူ့ကိုသတင်းပေးသူမှာ စင်ရော်ဒေသသားတစ်ယောက်ပင်ဖြစ်သည်။ ယခုသောင်းဒန်တို့ အကြီးအကဲထဲတွင် တစ်ယောက်ဖြစ်သည်။ ယခုမေးခွန်းကို သောင်းဒန်က ထိုပုဂ္ဂိုလ်အားမေးဖူးသည်။
ထိုပုဂ္ဂိုလ်က ဟာ ပေါတာပေါ့ဗျာ။ ငါးတစ်ပိဿာမှ ငါးမူး၊ တစ်ကျပ်ရယ် ဟု ဖြေသည်။ ယခု သောင်းဒန်က အလုပ်သမားများအား မယုတ်မလွန်တစ်ကျပ်၊ နှစ်ကျပ်ဟုပြောလိုက်သည်။
ကဲ ကဲ အမာခံတွေလိုတယ်။ ဒေါင်ဒေါင်မြည်တွေ လိုတယ်။ တံတားပြီးမှ ပြန်မယ်ဆိုတဲ့လူတွေလိုတယ်။
ကဲ ဘယ်လိုလဲ၊ စောသာအေး စာရင်းကောက်စမ်းကွာ ကျွန်တော်လိုက်မယ်ဆရာ
ကျွန်တော်လည်းလိုက်မယ်ဆရာ
ဘယ်လောက်ရသလဲဟေ့
အားလုံး လေးဆယ်
မဖြစ်သေးဘူး၊ လေးဆယ်နဲ့မဖြစ်သေးဘူး။ တစ်ရာ
ကျော်လိုတယ်
ကျွန်တော့်မိန်းမက ကိုယ်ဝန်လေးလရှိနေပြီခင်ဗျ။
သူ့ကိုလည်း မထားခဲ့နိုင်ဘူး။ ကိုယ်ခွဲလည်းမရှိဘူး။ သာကေတမှာရှိတဲ့ သူ့အစ်မကလည်း တာဝန်မယူနိုင်ဘူး။ ကျွန်တော့်မိန်းမမှာ မွေးချင်းက နည်းတယ်။ ကျွန်တော်တို့က ဟိုး ရွှေဘိုက ခင်ဗျ လက်သမားညွန့်ရွှေက တစ်လုံးချင်းပြောနေသည်။ ရာဇဝင်ခင်းနေသည်။
ဟေ့ တော်ပြီ တော်ပြီ။ ငါနားလည်တယ်။ မင်းမိန်းမခေါ်ခဲ့။ စင်ရော်မှာဆေးရုံရှိတယ်။ ဆရာဝန်နဲ့မွေးပေးမယ်ကွာ။ မင်းဆိုချင်တာက ဒီမှာထားခဲ့လို့မဖြစ်ဘူး ပြောတာမဟုတ်လား။ ကဲ နောက် ဘာမေးချင်သေးသလဲ။ ဒီ့ထက်လူများမှဖြစ်မယ်။ အခုမှ လေးဆယ်ရှိသေးတယ်။ မဖြစ်သေးဘူး။ တစ်ရာကျော်လိုတယ်။
ကဲ ဘာမေးချင်ကြသေးသလဲ
ကလေးတွေခေါ်ခဲ့ရင် ကျောင်းထားဖို့ရော
တောက် ဟုတ်တယ်။ အဲဒါငါမေ့သွားတယ်။
အိမ်ထောင်တစ်စုလုံးလိုက်ကြမယ်ဆိုရင် ကလေးတွေ ပါလာမယ်။ ကျောင်းသားတွေပါလာမယ်။ သူတို့အတွက် ကျောင်းရှာရမယ်။ ကျောင်းထားပေးရမယ်။ အဲဒါကြောင့် ငါပြောတာပေါ့။ စင်ရော်မြို့နားမှာဆောက်မယ်ဆိုရင် ဒီကိစ္စတွေအားလုံးအဆင်ပြေမယ်။ ကလေးတွေကို စင်ရော်မြို့က ကျောင်းမှာထားလိုက်ရုံပဲ ကလေးတွေကို စင်ရော်မြို့က ကျောင်းကိုပို့ပေးမယ်ကွာ။ တို့တံတားဆောက်မယ့်စခန်းနဲ့ စင်ရော်ဆိုတာက သုံးမိုင်သာသာပဲဝေးတယ် ဘာနဲ့သွားမလဲ။ နေ့တိုင်းအမှုတာဝန်ယူရမယ်။ အိုဖြစ်သလိုစီစဉ်ရမှာပဲ။ အရေးကြီးတာက သူတို့အားလုံး ငါတို့နဲ့အတူ ပါလာဖို့ပဲ။
ကဲ ကဲ စဉ်းစားကြဦး၊ နောက်တစ်ခါစာရင်း ထပ်ကောက်မယ်ဟုတ်လား
သူတို့လူစုခွဲလိုက်ကြသည်။
ထိုအတောအတွင်းမှာပင် သော်ကောင်းလည်း ရာထူးတက်သွားသည်။ ဂျင်းဖောတိုင်းတစ်နေရာတွင် အကြီးတန်း အင်ဂျင်နီယာ ရာထူးတစ်နေရာ လစ်လပ်သည်။ အထက်က သော်ကောင်းကိုလွှတ်သည်။
သော်ကောင်းနှင့်တွဲ၍ လုပ်ခဲ့ဖူးသည့် တိုင်းအင်ဂျင်နီယာ ဦးသန်းမောင်ကလည်း မြန်မာပြည်အလယ်ပိုင်း တစ်နေရာ သူ့လက်အောက်တွင် သော်ကောင်းကိုခေါ် ယူချင်သည်။ သော်ကောင်း၏ လုပ်ရည်ကိုင်ရည်ကို သိသဖြင့် ဦးသန်းမောင်က ကြိုးစားသေးသည်။
ဆက်လက်ဖော်ပြပါမည်။
ကျော်အောင်