အိုးလုပ်ငန်း လုပ်ကိုင်သူများ အရောင်းအဝယ် မရှိ၍ စားဝတ်နေရေး အခက်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့၌ အိုးလုပ်ငန်း လုပ်ကိုင်သူများ  ယခုကာလအတွင်းအရောင်းအဝယ် မရှိ၍  စားဝတ်နေရေး အခက်တွေ့နေကြောင်း အဆိုပါ အိုးလုပ်ကိုင်သူများထံမှ သိရသည်။

''လက်ရှိမှာ အိုးကအရောင်းအဝယ် အေးနေတာ။ အခု ဝယ်မယ့်သူ မရှိတော့ ပွဲစားကလည်း မသိမ်းတော့ဘူး။ လက်ရှိ လုပ်နေတဲ့အိုးတွေကို လှောင်ထားတာ။

လက်လီလက်ကား အနည်းအကျဉ်းဝယ်တဲ့သူတွေ ရောင်းရတာပေါ့။ အဆင်တော့ မပြေဘူး။ ဒါတစ်ခုပဲ လုပ်နေရတဲ့သူတွေဆိုတော့  ဝင်ငွေမရှိတော့   စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်''ဟု  တန့်ဆည်မြို့နယ်မှ အိုးလုပ်ငန်း လုပ်ကိုင်သူ မတင်တင်စိုးက ပြောသည်။

အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ထင်း၊ သဲ၊ မြေကြီး၊ ကောက်ရွေးကို တစ်နှစ်စာအတွက် ကြိုတင်စုဆောင်းရပြီး လက်ရှိအချိန်တွင် အရောင်းအဝယ်မဖြစ်သော်လည်း အိုးလုပ်ငန်းကို ပုံမှန်လုပ်ကိုင်နေကြကာ အရောင်းအဝယ် ဖြစ်မည့်အချိန်ကို သိုလှောင်ထားခြင်း ဖြစ်သည်။

အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် ဘုရားပန်းအိုး၊ ညောင်ရေအိုး အစရှိသည့် ဆိုဒ်စုံအိုးမျိုးစုံကို လုပ်ကိုင်လျက်ရှိပြီး တန့်ဆည်မြို့တွင် အိုးလုပ်ငန်း လုပ်ကိုင်သူ ၁ဝဝ  ခန့်ရှိသည်။

တန့်ဆည်မြို့တွင် အိုးလုပ်ငန်း လုပ်ကိုင်သူ အများအပြားရှိပြီး ဘုရားပွဲများ ပြန်လည်ပြုလုပ်ခွင့်ရမည့် အချိန်ကိုသာ မျှော်လင့်နေကြောင်း၊ ယခုလက်ရှိတွင် အိုးများကိုသာ  ဝယ်ယူသိုလှောင်ထားကြပြီး အရောင်းအဝယ် မဖြစ်သည့် အတွက်   အိုးလုပ်ငန်း လုပ်ကိုင်သူများ  စားဝတ်နေရေး အခက်တွေ့နေကြောင်း သိရသည်။