ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာနှင့် တံခါးဖွင့် ဆွေးနွေးပွဲတို့အပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်
၂၀၂၂ ခုနှစ်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်အစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၇) နိုင်ငံကို ထည့်သွင်းလျက် ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်အကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်တံခါးဖွင့် ဆွေးနွေးပွဲကို ၁၄-၇-၂၀၂၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစီရင်ခံစာ၏ နောက်ဆက်တွဲတွင် တပ်မတော်ကို ထပ်မံစာရင်းသွင်းခဲ့သည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရပြီး ၎င်းလုပ်ရပ်သည် နိုင်ငံရေး သွတ်သွင်းမှု သက်သက်သာဖြစ်ကြောင်း မြန်မာနိုင်ငံက ရှုမြင်သည်။ ကုလသမဂ္ဂ၏ လွတ်လပ်သော ကျွမ်းကျင်သူများသည် သက်ဆိုင်ရာအစိုးရမှ ပေးပို့သော အချက်အလက်များကို ထည့်သွင်းစဉ်းစားရန်နှင့် အချက်အလက်အားလုံးကို အပြန်အလှန် စစ်ဆေးရန် လိုအပ်သော်လည်း အစီရင်ခံစာတွင် အစိုးရဘက်မှ ပံ့ပိုးထားသည့် အချက်အလက်များကို တမင်ချန်လှပ်ထားရုံသာမက စွပ်စွဲချက်များကို သက်ဆိုင်ရာနိုင်ငံနှင့် စိစစ်ရန် ပျက်ကွက်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သည်ဟူသော စွပ်စွဲချက်များကို အကြောင်းပြု၍ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ၂၀၁၈ ခုနှစ်မှ စတင်ဖော်ပြခဲ့သည်။ သို့ရာတွင် ယင်းကဲ့သို့ အကြမ်းဖက်မှုများ၏ ကျူးလွန်သူကို သက်သေပြရန် ခိုင်မာသော သက်သေအထောက်အထား မရှိပါ။ အစီရင်ခံစာတွင်မူ အစိုးရဆန့်ကျင်သည့် သတင်းရင်းမြစ်များမှ အခြေအမြစ်မရှိသော စွပ်စွဲချက်များ ထည့်သွင်းထားပြီး စွပ်စွဲထားသည့်ဖြစ်စဉ်များကို စိစစ်နိုင်ရန်အတွက် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ၊ နေ့ရက်၊ အချိန် သို့မဟုတ် သင့်လျော်သည့် အချက်အလက်များ မပါဝင်ကြောင်း တွေ့ရှိရသည်။ တစ်ဖက်တွင်လည်း ယခုနှစ်အစီရင်ခံစာ၌ ကော့ဘဇားရှိ စခန်းများတွင်ဖြစ်ပွားခဲ့သည့် လိင်အကြမ်းဖက်မှုများနှင့် ယင်းအမှုများကို ထိခိုက်နစ်နာစေသည့် နည်းလမ်းများဖြင့် ဖြေရှင်းလေ့ရှိသည့် စခန်းခေါင်းဆောင်များထံ ညွှန်းပို့လေ့ရှိကြောင်း ဖော်ပြပါရှိသည်။ စိတ်မကောင်းဖွယ်ပင် ယင်းကဲ့သို့ဖြစ်စဉ်များသည် ပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး စစ်တွေရှိနေရပ်စွန့်ခွာ စခန်းတစ်ခုမှ စခန်းခေါင်းဆောင်တစ်ဦးက အမျိုးသမီး ၄၀ ကျော်ကို အဓမ္မပြုကျင့်ကြောင်း တိုင်ကြားသူ ၆ ဦးက ယခုနှစ် အစောပိုင်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ယင်းအမှုများသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အစီရင်ခံစာတွင် တိုင်ကြားမှုများ လက်ခံရရှိခြင်း မရှိကြောင်း ဝန်ခံထားသော်လည်း မှန်းဆချက်များကိုအခြေခံ၍ “သတင်းပို့မှု လျော့နည်းခြင်းဖြစ်သည်” ကောက်ချက်ချထားသည်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ကျူးလွန်သည့် လိင်အကြမ်းဖက်မှု ဖြစ်စဉ်များပျံ့နှံ့နေသည့်တိုင် ယင်းကဲ့သို့ အချက်အလက်များကို ထည့်သွင်းဖော်ပြရန် ပျက်ကွက်ခြင်းကြောင့် အစီရင်ခံစာကို ပို၍ပင် မမျှတဖြစ်စေသည်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၄ ဦးသည် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပဲကတိုးရွာ၌ မိန်းကလေးငယ် ၄ ဦး အပါအဝင် စုစုပေါင်း လူ ၇ ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည်ဟု သိရှိရသည်။
အစီရင်ခံစာတွင် ပဋိပက္ခနှင့် စပ်လျဉ်းသော လိင်ပိုင်းအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အတွက် အစိုးရ၏ များပြားသော ဆောင်ရွက်ချက်များကို ထိန်ချန်ထားခြင်းဖြင့် နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေသည်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့် စပ်လျဉ်းသော လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းမှ ပယ်ဖျက်ရေးအတွက် ပဋိပက္ခနှင့် စပ်လျဉ်းသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲကြေငြာချက် (Joint Communique) ကို မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ၇-၁၂-၂၀၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို ၂၆-၃-၂၀၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါအမျိုးသားအဆင့် ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၃၁-၃-၂၀၂၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ၂၀၂၁ ခုနှစ် ဇွန်လတွင် အတည်ပြုချမှတ်ခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဘောထား မှတ်ချက်များကိုလည်း သင့်လျော်သကဲ့သို့ ထည့်သွင်းရေးဆွဲ ထားသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့် ၎င်း၏အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အထူးကိုယ်စားလှယ်ထံသို့ သင့်လျော်ကောင်းမွန်စွာ မျှဝေအသိပေးလျက် ရှိသည်။ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ၁၀-၁၁-၂၀၂၃ ရက်အထိ တစ်နှစ်သက်တမ်းတိုး ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့အသိုက်အဝန်းသည် ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုအရ မည်သည့်ပုံစံဖြင့်မဆို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်သော အသိုက်အဝန်းဖြစ်သည်။ တပ်မတော်သားများသည် စည်းမျဉ်း၊ ကျင့်ဝတ်များကို အတိအကျလိုက်နာရန် လိုအပ်ကြောင်း အများက ကောင်းစွာသိရှိကြသည်။ ပြစ်မှုကျူးလွန်သူများကို လုံးဝခွင့်မလွှတ်ရေးမူနှင့်အညီ အမြင့်ဆုံးပြစ်ဒဏ်အထိ အရေးယူ အပြစ်ပေးလျက်ရှိသည်။ တွဲဖက်စစ်ရေးချုပ်ရုံးမှ ပဋိပက္ခနှင့် စပ်လျဉ်းသော လိင်ပိုင်းအကြမ်းဖက်မှု မဖြစ်ပွားစေရေးအတွက် ၂၄-၁၁-၂၀၂၁ ရက်တွင် စာအမှတ်၊ ၁/၈၅/၇၂၇/ရေး ၃ (ဂ) ဖြင့် ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အဆိုပါညွှန်ကြားချက်များကို တပ်မတော်လက်နက်ကိုင် တပ်ဖွဲ့များရှိ ရာထူးအဆင့် အားလုံးသို့အသိပေးထားပြီး လိုက်နာမှုနှင့်ပတ်သက်၍ တင်းကျပ်စွာစောင့်ကြည့် ဆောင်ရွက်လျက်ရှိသည်။ စစ်ဥပဒေချုပ်ရုံးနှင့် စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများတွင် ဥပဒေအသိပညာပေးရေး သင်တန်းများကို ပို့ချပေးလျက်ရှိပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးရေး အသိပညာပေးရေး အစီအစဉ်များလည်း ပါဝင်သည်။ ၂၀၂၂ ခုနှစ်အတွင်း အဆိုပါသင်တန်းများသို့ တပ်မတော်သား ၄၃၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။
ထိန်းသိမ်းရေးစခန်းများနှင့် ပတ်သက်သော စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ သို့မဟုတ် မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားနိုင်သည်။ မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အကျဉ်းထောင်များတွင် ပြုမူဆက်ဆံပုံများသည် အကျဉ်းသားများအား ပြုမူဆက်ဆံခြင်းဆိုင်ရာ ကုလသမဂ္ဂ၏ အနိမ့်ဆုံး စံသတ်မှတ်ချက် စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိ-မရှိ စစ်ဆေးရန်အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် မေလအထိ အကျဉ်းထောင် ၄၁ ခုသို့ ကွင်းဆင်း သွားရောက်ခဲ့သည်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပုံစံ အမျိုးမျိုးနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန်အတွက်၂၀၁၆ ခုနှစ်မှစတင် သတ်မှတ်ထားသည့် Helpline ဖုန်းနံပါတ်အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ Viber နှင့် Facebook စာမျက်နှာများကို တိုးချဲ့သတ်မှတ်ထားခဲ့သည်။ ၂၀၁၇ ခုနှစ်မှစ၍ လိင်ပိုင်း အကြမ်းဖက်ခံရသူများအား တစ်နေရာတည်းတွင် အကူအညီပေးနိုင်ရန် စင်တာ (One Stop Women Support Center- OSWSC) ၅ ခုကို ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၂ ခုတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ ယင်းစင်တာများတွင် ကျား-မအခြေပြု အကြမ်းဖက်မှု ခံခဲ့ရသူများအတွက် ခိုလှုံရာနေရာ၊ ဥပဒေပိုင်း အကူအညီပေးမှုနှင့် စိတ်လူမှုရေးပိုင်းဆိုင်ရာ အထောက်အပံ့များ အပါအဝင် လိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ အလားတူ ၂၀၂၂ ခုနှစ် မတ်လမှစ၍ ကျန်းမာရေးဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုရှိ အထွေထွေဆေးရုံကြီး ၇ ခုတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် စင်တာ (One Stop Crisis Centers-OSCC)) ၇ ခုကိုဖွင့်လှစ်ခဲ့သည်။
အစီရင်ခံစာနှင့် ပတ်သက်သည့် တံခါးဖွင့်အစည်းအဝေးတွင် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားရင်ဆိုင်နေရသူ ကျော်မိုးထွန်း တက်ရောက်၍ မြန်မာနိုင်ငံအပေါ် အထင်အမြင်မှားစေမည့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။ ယင်းသို့အစည်းအဝေးတွင် ပါဝင်တက်ရောက်မှုနှင့် နိုင်ငံကို ကိုယ်စားမပြုသည့် မိန့်ခွန်းပြောကြားခဲ့မှုတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကုလသမဂ္ဂရုံးများသို့ ကန့်ကွက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် အစည်းအဝေးတွင် နိုင်ငံအချို့က မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တရားလက်လွတ်နှင့် တစ်ဖက်သတ် ပြောဆိုချက်များကိုလည်း ကန့်ကွက်ပယ်ချသည်။
ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်၍ သိသာထင်ရှားသော ဖြစ်စဉ်များမရှိဘဲ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲတွင် မြန်မာနိုင်ငံအား ဆက်လက်ထားရှိ ခြင်းသည် နိုင်ငံရေးသွတ်သွင်းမှု သက်သက်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ရွေးချယ်ပစ်မှတ်ထားခြင်း ဖြစ်သည်။
အစီရင်ခံစာတွင် ဖော်ပြထားသော အကြောင်းအရာများ ခိုင်လုံမှုမရှိခြင်းနှင့် မမျှတခြင်း တို့က ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံအား နိုင်ငံရေး အခြေခံဖြင့် သိက္ခာချရန် ကြိုးပမ်းမှုမျှသာဖြစ်ကြောင်း သက်သေပြလျက်ရှိသည်။ အစီရင်ခံစာတွင် ပါဝင်သော စွပ်စွဲချက်များသည် သက်သေ အထောက်အထား ခိုင်လုံမှုမရှိခြင်း၊ ကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တားဆီးကာကွယ်ရန်အတွက် ပြည်တွင်းယန္တရားများ ချမှတ်ဆောင်ရွက်လျက် ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံကို အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ထည့်သွင်းထားခြင်းမှ ပယ်ဖျက်သင့်ကြောင်း မြန်မာနိုင်ငံက ခိုင်မာစွာ ယုံကြည်သည်။
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်