ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ သြဂုတ် ၁ ရက်)
ဝါဆိုလပြည့်နေ့သည် မင်္ဂလာရှိပြီး မြင့်မြတ်သောလပြည့်နေ့ဟု မှတ်ယူနိုင်ခဲ့ကြသည်။ ထိုသို့မှတ်ယူခဲ့ရခြင်းမှာ ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားဂေါတမ အလောင်းတော်သည် မယ်တော် မာယာဒေဝီ၏ ဝမ်းကြာတိုက်၌ သန္ဓေယူသောနေ့ဖြစ်သည်။ သိဒ္ဓတ္ထမင်းသားဘဝတွင် နိမိတ်ကြီး လေးပါးကိုမြင်တော်မူပြီး သံဝေဂရရှိသွားကာ ရွှေနန်းစည်းစိမ်အားလုံးကို စွန့်ခွာ၍ တောထွက်တော်မူပါသည်။
ဘုရားအဖြစ်သို့ ရောက်တော်မူပြီး တရားဦးဒေသနာဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် (ဓမ္မစကြာ)တရားတော်ကို ဟောတော်မူပါသည်။ တုဖက်၍ ယှဉ်ပြိုင်လာသော တိတ္ထိတက္ကတွန်းများကို နှိမ်နင်းရန်အတွက် ရေမီးအစုံတန်ခိုး ပြာဋိဟာပြတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဟု မှတ်တမ်းပြုထားပါသည်။
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဂေါတမဘုရားရှင် အဖြစ် ရောက်ရှိတော်မူပြီးနောက် မိမိသိမြင်တော်မူသည့် သစ္စာတရားကို သတ္တဝါတို့အား ဟောပြလိုသည့်စိတ် အကြံဖြစ်ပေါ်လာသည်။ “အဘယ်ပုဂ္ဂိုလ်သည် ငါဟောပြသည့်တရားကို သိမြင်နားလည်နိုင်သည့် အရည်အချင်း ရှိသနည်း” ဟူ၍ ဆင်ခြင်ကြည့်ရှုတော်မူလေသည်။ ပထမဦးဆုံး အာဠာရနှင့် ဥဒကရသေ့နှစ်ဦး သတိရသည်။ ဒိဗ္ဗစက္ခုဖြင့်ကြည့်သောအခါ ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ကွယ်လွန်သွားကြပြီဖြစ်ကြောင်း သိရသည်။ ထို့နောက် တစ်ဖန် ပဉ္စဝဂ္ဂီငါးဦးကို သတိရလာပြန်သည်။
ထိုပဉ္စဝဂ္ဂီငါးဦးသည်ကား ဘုရားရှင်ခက်ခဲသည့်အကျင့် (ဒုက္ကရစရိယာ)ကို ကျင့်စဉ်က ဘုရားဖြစ်လိမ့်နိုးနိုးနှင့် ဘုရားအလောင်းကို လုပ်ကျွေးပြုစုနေကြပြီးလျှင် ဘုရားအလောင်းသည် ခက်ခဲသည့် အကျင့်ကို စွန့်လွှတ်လိုက်သည့်အခါ စိတ်ပျက်ပြီး ထွက်ခွာသွားကြသူများ ဖြစ်သည်။ ထိုပဉ္စဝဂ္ဂီငါးဦးမှာ သစ္စာတရားကို သိမြင်နားလည်နိုင်သည့် အရည်အချင်းနှင့်ပြည့်စုံကြ၏ဟု သိမြင်တော်မူ၍ မြတ်စွာဘုရားသည် ယင်းတို့ငါးဦးနေထိုင်ရာသို့ ကြွသွားတော်မူသည်။
ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ တရားဦးဓမ္မစကြာ ဟောကြားတော်မူသော နေ့ဖြစ်သည်။
ဂေါတမမြတ်စွာဘုရား အဖြစ်နှင့် ပထမဦးစွာ ဟောကြားတော်မူခဲ့သော ဓမ္မစကြာတရားတော်ကို စကြာဝဠာတိုက် တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်း တစ်ရာ့ရှစ်ကုဋေနှင့် ပဉ္စဝဂ္ဂီငါးဦး စုစုပေါင်း တစ်ရာ့ရှစ်ကုဋေနှင့် ငါးဦးရှိသည်။ ဓမ္မစကြာတရားတော်ကို နာယူပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့သည် ထိုသစ္စာတရားတော်ကို နားလည်သဘောပေါက်သွားကြပြီးလျှင် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင်အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့သည် သောတာပန် တည်တော်မူကြသည်။
ထိုပဉ္စဝဂ္ဂီငါးဦးတို့ကို ဓမ္မစကြာတရားဦး ဟောသည့်နေရာကား ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တောဖြစ်သည်။ ဓမ္မစကြာတရား၏ အကျဉ်းချုပ်ကား ရဟန်းတို့ အစွန်းနှစ်ပါးက ိုရှောင်ရမည်။ ထိုအစွန်းနှစ်ပါးကား ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်အောင် လွန်လွန်ကြူးကြူး အကျင့်ကျင့်ခြင်းနှင့် လူ့စည်းစိမ် ကာမဂုဏ်ကို လွန်လွန်ကြူးကြူး ခံစားခြင်းဖြစ်သည်။ ဓမ္မစကြာဆိုသည်မှာ သစ္စာလေးပါး အမှန်တရားကို စက်ကဲ့သို့ အဖန်ဖန် အထပ်ထပ်ဟောတော်မူသော တရားတော်ဟု အဓိပ္ပာယ်ရပါသည်။ ဓမ္မစကြာတရားတော်၏ အနှစ်ချုပ်မှာ သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးဖြစ်ပါသည်။ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိ(ကောင်းစွာမြင်ခြင်း)၊ သမ္မာသင်္ကပ္ပေါ(ကောင်းစွာကြံခြင်း)၊ သမ္မာဝါစာ (ကောင်းစွာပြောဆိုခြင်း)၊ သမ္မာကမ္မန္တော(ကောင်းစွာပြုလုပ်ခြင်း)၊ သမ္မာအာဇီဝေါ (ကောင်းစွာအသက်မွေးခြင်း)၊ သမ္မာဝါယာမော(ကောင်းစွာအားထုတ်ခြင်း)၊ သမ္မာသတိ (ကောင်းစွာအောက်မေ့ခြင်း)၊ သမ္မာသမာဓိ(ကောင်းစွာတည်ကြည်ခြင်း)ဟူ၍ဖြစ်သည်။
ကောင်းသောအသိ၊ ကောင်းဘိအကြံ၊ ကောင်းသံဆိုပြော၊ ကောင်းသောအပြု၊ ကောင်းမှုသက်မွေး ကောင်းရေးလုံ့လ၊ ကောင်းထသတိ၊ ကောင်းဘိတည်ကြည်၊ ဤရှစ်မည် ဟူသည်မှာ အမှားတရား(အစွန်းတရား)နှစ်ပါးနှင့် လွတ်ကင်းသော အလယ်အလတ် ကျင့်စဉ်အမှန်တရားဖြစ်သည်။ ထိုကျင့်စဉ်ကို ပွားများကျင့်ကြံခြင်းဖြင့် ဒုက္ခသစ္စာ(ဆင်းရဲခြင်း အဖုံဖုံကို သိမြင်လာနိုင်သည်)၊ သမုဒယသစ္စာ (ဒုက္ခဖြစ်သော အကြောင်းများကို ပယ်ဖျောက်လာနိုင်သည်) နိရောဓသစ္စာ(ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုဆိုက်ရောက်နိုင်သည်)၊ မဂ္ဂသစ္စာ (ဒုက္ခချုပ်ငြိမ်းကြောင်း မဂ္ဂင်ရှစ်ပါး ပွားများနိုင်သည်)။ ထို့ကြောင့် မဂ္ဂင်ရှစ်ပါးသည် သစ္စာလေးပါးကို မြင်နိုင်စွမ်းရှိပြီး နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာတော်ဖြစ်သည်။
ဝါဆိုလပြည့်နေ့သည် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဆိုသော ထူးမြတ်သည့်ဂုဏ်ဒြပ် လေးရပ်အပြင် ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာရတနာ စတင်ပေါ်ပေါက်လာသောနေ့ ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့် ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခူ ဟူသောစကားကို စတင်ကြားရသောနေ့ ဖြစ်ခြင်း စသည်ဖြင့် ထူးခြားဂုဏ်ဒြပ်ကိုးရပ် ရှိပါသည်။ ဤသည်မှာ ဝါဆိုလပြည့်နေ့၏ ထူးခြား မွန်မြတ်ခြင်းပင်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။