၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲ အများပြည်သူ စိတ်ဝင်စားစွာ ပါဝင်ဆင်နွှဲ
ရန်ကုန် သြဂုတ် ၄
၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV)ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပပြီး အဆိုပါ မိုးရာသီဈေးရောင်း ပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ စက်မှုထုတ်ကုန်များကို ပြခန်းပေါင်း ၁၁၃ ခန်းဖြင့် ပါဝင်ပြသလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများအပါအဝင် ပြည်သူများ ဝယ်ယူအားပေးမှု များပြားခဲ့သည်။
ထို့ပြင် စက်မှုထုတ်ကုန်ပြပွဲ၌ E-Market Platform တစ်ခု၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ သမဝါယမအသင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်း(MSMEs)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ အမျိုးသမီးစွမ်းဆောင်ရှင်များ အသင်းနှင့် E-Sport Game တို့မှ ပြသရောင်းချလျက် ရှိသည့်အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှလည်း ဒေသထုတ် ကုန ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။
ပြည်သူများအထူး စိတ်ဝင်စားသည်မှာ လျှပ်စစ်ကား(EV)နှင့် လျှပ်စစ်ဆိုင်ကယ် ပြပွဲဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်းတို့မှ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိရာ ဝန်ဆောင်မှုပေးနေသည့် ဌာနဆိုင်ရာများ၊ လာရောက်ကြသည့်ပြည်သူတို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
ဦးအောင်ကိုဆက် (Business Development Leader)
ကျွန်တော်တို့ (MG) NPK Motor အနေနဲ့ MG EV ကားတွေကို အိမ်စီးကားအပြင် အငှားယာဉ် တက္ကစီအနေနဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ နေပြည်တော်မှာ ဧပြီလကစပြီး ကားအစီးရေ ၁၅ စီးနဲ့ တက္ကစီတွေပြေးဆွဲပါတယ်။ ကားအင်ဂျင်သံဆူညံမှု မရှိတဲ့အပြင် သက်သောင့်သက်သာရှိပြီး ဆီကားဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်း သက်သာတာကြောင့် ခရီးသည်တွေအနေနဲ့ သွားလာမှု အဆင်ပြေကြပါတယ်။ EV ကားဖြစ်တဲ့အတွက် သပြေကုန်းမှာ တည်ဆောက်ထားတဲ့ MG Charging Station ကိုအခြေပြုပြီး တက္ကစီဝန်ဆောင်မှု ပေးနေပါတယ်။ ရန်ကုန်မှာလည်း ပြေးဆွဲသွားမှာဖြစ်ပါတယ်။
ဒေါက်တာအောင်မြတ်(ဒုတိယညွှန်ကြားရေးမှူး-မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန)
ကျွန်တော်တို့ဌာနအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ နေ့စဉ်ထုတ်လုပ်တဲ့ အသားတွေကို ဈေးနှုန်းသက်သာစွာ အများပြည်သူ ဝယ်ယူစားသုံးနိုင်အောင် ရောင်းချပေးနေပါတယ်။ ဝက်သားတစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀၊ ဆိတ်သားတစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀၀ (အသား)၊ အမဲသား တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ ကြက်သားတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ နဲ့ အပြင်ဈေးနှုန်းထက် သက်သာစွာ ရောင်းချပေးနေပါတယ်။ ဝယ်ယူသူ များပါတယ်။
ဦးဝေလင်း(လက်ထောက်ညွှန်ကြားရေးမှူး-ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန)
ကျွန်တော်တို့ဌာနအနေနဲ့ ဟင်းသီးဟင်းရွက်နဲ့သီးနှံ ၁၆ မျိုးကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေပါတယ်။ ဟင်းသီးဟင်းရွက်ကို ညောင်နှစ်ပင်နဲ့ အသီးအနှံကို သီရိမင်္ဂလာဈေးကယူပြီး ရောင်းချပေးတာ ဖြစ်တဲ့အတွက် ဈေးနှုန်းသက်သာပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သြဂဲနစ်ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံကို ဈေးနှုန်းသက်သာစွာ လတ်လတ်ဆတ်ဆတ်နဲ့ ဝယ်ယူနေကြတာမြင်တော့ ကျွန်တော်တို့ ကြည်နူးဝမ်းသာရပါတယ်။
ဦးမောင်မောင်လတ်(တွဲဖက်အတွင်းရေးမှူး-မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း)
ဒီနေ့ရောင်းချပေးတာက ဟင်းသီးဟင်းရွက်ဆီပါ။ တစ်ပိဿာတစ်ဘူးကို ငွေကျပ် ၅၅၀၀ နဲ့ရောင်းပေးပါတယ်။ တစ်ဦးကို တစ်ပိဿာနှုန်း ရောင်းချပေးတာပါ။ ဝန်ထမ်းနဲ့ ဌာနဆိုင်ရာဆိုရင် သီးခြားရောင်းချပေးပါတယ်။ နံနက် ၉ နာရီကနေ ည ၆ နာရီအထိ သုံးရက်တိုင်တိုင် ရောင်းချပေးသွားမှာပါ။ အပြင်ဈေးနှုန်းထက်နည်းတဲ့ ပမာဏနဲ့ ဝယ်ယူရတဲ့အတွက် စားသုံးသူပြည်သူတွေ ပျော်ရွှင်နေတာမြင်ရတော့ ကျွန်တော်တို့လည်း ထပ်တူပီတိဖြစ်ရပါတယ်။
ဒေါ်မင်းမင်းအေး(ပြည်သူ)
ဒီနေ့ဝယ်ယူတဲ့ အသားတွေဟာ လတ်ဆတ်ပြီး ရေခဲရိုက်တာမရှိ၊ ရေထိုးတာမရှိတဲ့အပြင် ဈေးနှုန်းသက်သာတယ်။ အလေးချိန်ခွင်လည်းပြည့်တယ်။ မိုးရာသီဈေးရောင်းပွဲတော်က သုံးရက်ဆိုတော့ နောက်ရက်တွေလည်း လာမှာပါ။ အခုလို အသားတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥ၊ ဆီ၊ ဆန်တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့ အတွက် တာဝန်ရှိသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
ဒေါ်သီတာဝင်း(ဝန်ထမ်းတစ်ဦး)
အပြင်ထက်စာရင် ဈေးနှုန်းသက်သာတဲ့အပြင် အသီးအရွက်တွေက လတ်ဆတ်တဲ့ အတွက် ဝယ်ချင်စရာလည်းဖြစ်နေတယ်။ နောက်ရက်တွေလည်းဆက်လက်ပြီး ဝယ်ယူအားပေးသွားမှာပါ။အခုလိုမျိုးဆက်ပြီး ရောင်းပေးဖို့လည်း အကြံပြုလိုပါတယ်။
ခွန်ဖြိုးကျော်ဝေ(ပအို့ဝ်တိုင်းရင်းသား)
ကျွန်တော်က ဒုတိယနှစ်ကျောင်းသားပါ။ ဒီနေ့စက်မှုထုတ်ကုန်ပြပွဲကို သူငယ်ချင်းတွေနဲ့ လာတဲ့အခါမှာ စားစရာတွေ၊ ဝယ်စရာတွေ၊ ပညာယူစရာတွေ အများကြီးတွေ့ရပါတယ်။ သူငယ်ချင်းတွေနဲ့အတူ စတုဒိသာမုန့်ဟင်းခါးနဲ့ အချိုရည်တွေလည်း သောက်ကြတယ်။ ကျွန်တော်တို့ လျှပ်စစ်(EV)ကားတွေကို စိတ်ဝင်စားတယ်။ အခုလိုကဏ္ဍစုံက ပါဝင်ပြသတဲ့အတွက် ကျွန်တော်တို့ လူငယ်တွေ ပိုပြီး ဗဟုသုတရစေမှာဖြစ်ပါတယ်။