ပင်းတယမြို့ပေါ် ကျောင်းတိုက်များမှ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူ

ပင်းတယမြို့ပေါ် ကျောင်းတိုက်များမှ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူ

    ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယမြို့ပေါ် ကျောင်းတိုက်များမှ သံဃာတော် ၃၄၄ ပါးအား မြို့နယ်ဓမ္မာရုံကြီးရှေ့၌ သြဂုတ် ၈ ရက် နံနက်ပိုင်းတွင် ဝါတွင်းကာလ အဖိတ်နေ့ သံဃာ့ဒါနအသင်း အဖွဲ့ဝင်များက  အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းများ ဆက်ကပ် လောင်းလှူသည်။

ရှေးဦးစွာ ဝါတွင်းကာလ အဖိတ်နေ့ သံဃာ့ဒါနအသင်းဥက္ကဋ္ဌ ဦးကျော်သူရနှင့် အသင်းအဖွဲ့ဝင်များက  အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်း အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဆွမ်းဟင်းများ    စုပေါင်းချက်ပြုတ်၍ ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက် (ဝါတွင်းကာလအဖိတ်နေ့) နံနက်အရုဏ်တက်ချိန်တွင်  အလှူရှင်မိသားစုများ ကိုယ်စား အသင်းဝင်များက  မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း ၁၈ ကျောင်းမှ ပင့်သံဃာတော်များအား   ဆက်ကပ်လောင်းလှူခြင်းနှင့် ကျောင်းထိုင် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းများကို သက်ဆိုင်ရာ ကျောင်းတိုက်ဆရာတော်များထံသို့ ပို့ဆောင်ဆက်ကပ် လှူဒါန်းပေးကြောင်း သိရသည်။

နှစ်စဉ်ဝါတွင်းကာလ အဖိတ်နေ့များတွင် စဉ်ဆက်မပြတ်  ဆွမ်းလောင်းလှူခြင်းကို ဝါတွင်းကာလ အဖိတ်နေ့ သံဃာ့ဒါန အသင်းက အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် စီမံဆောင်ရွက်ပေးနေကြောင်း သိရသည်။

 အရုဏ်ဆွမ်းလောင်းလှူပွဲသို့ ရွာသစ်ရပ်ကွက်နှင့် နီးစပ်ရာရပ်ကွက်များမှ မိဘပြည်သူများကလည်း ဆွမ်းနှင့်ဆွမ်းဟင်းများ  လာရောက် လောင်းလှူကြကြောင်း  သိရသည်။