မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး တောင်သူလယ်သမားများအား ဓာတ်မြေသြဇာပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ တောင်သူများ ဝင်ငွေတိုးတက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်၏ လယ်ယာကဏ္ဍ တိုးတက်လာစေရေး၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေး အတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ပံ့ပိုးပေးသည့် ဓာတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၇ ရက် နံနက်ပိုင်းတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဌေးက တောင်သူလယ်သမားများအား ဓာတ်မြေသြဇာ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နမ္မတူမြို့နယ် မန်ဆာလုံ၊ နမ့်တောင်ကုန်း၊ ခိုဖိတ်၊ ပန်ချင်၊ မန်စံ၊ မိုင်မုနှင့် မိုင်းရင်ကျေးရွာအုပ်စုတို့ရှိ တောင်သူ ၂၆ ဦး၊ စိုက်ဧက ၆၂ ဧကအတွက် တစ်ဧကလျှင် ဓာတ်မြေသြဇာ တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ဓာတ်မြေသြဇာ ၆၂ အိတ်အား တောင်သူများ လက်ဝယ်သို့ ပံ့ပိုးပေးအပ်ကြောင်း သိရသည်။