ညောင်ဦးမြို့နယ်၌ စိုက်ပျိုးထားသော ပြောင်းဖူးများ လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုမှ တောင်သူများ စိုက်ပျိုးထားသော ပြောင်းဖူးများ ယခုလလှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းနေကြောင်း သိရသည်။

အဆိုပါ ကျေးရွာအုပ်စုများရှိ ကျေးလက်တောင်သူများသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးများသာ စိုက်ပျိုးကြကာ တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာတွင် မြစ်ရေတင်ဖြင့် စိုက်ပျိုးကြသည့် တောင်သူများရှိသလို မြေအောက် ရေတွင်းတူးကာ ရေစုပ်စက်ဖြင့် တင်၍ ရေသွင်းစိုက်ပျိုးကြသည့် တောင်သူများလည်း ရှိပြီး သကြားပြောင်းဖူးနှင့် အစီး(စေး) ပြောင်းဖူးနှစ်မျိုးသာ အများဆုံး စိုက်ပျိုးကြကာ ကြက်တမော့ပြောင်းဖူးကိုလည်း  စိုက်ပျိုးကြသည်။

''ထွက်ရှိလာတဲ့ပြောင်းဖူးတွေကို ကားလမ်းမကြီးဘေးမှာ ပုံထားကာ   လမ်းသွား လမ်းလာတွေကို ရောင်းချရသလို မြင်းခြံ၊ညောင်ဦး၊ ပခုက္ကူ၊ ပုဂံ၊ ကျောက်ပန်းတောင်းပွဲစားတွေက လာရောက် ဝယ်ယူကြပါတယ်။

ပလင်းကမ်းသာယာ ဆင်စခန်းကလည်း ဆင်စာအတွက် အမြဲဝယ်ယူပါတယ်။ ရန်ကုန်၊ မန္တလေး ပြောင်းဖူးပွဲစားတွေ လာရောက်ဝယ်ယူရာမှာ ကားနဲ့တစ်ခါ လာရောက်ဝယ်ယူရင်ပြောင်းဖူးတစ်သောင်းကနေ သုံးသောင်းအထိ အဖူးရေနဲ့ ရောင်းချရတယ်။ ယခုလအတွင်း ပြောင်းဖူးများ လှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးတစ်ဖူး ငွေကျပ် ၉ဝ နဲ့ရောင်းချနေရတဲ့အတွက် ပြောင်းဖူးဈေး အနိမ့်ဆုံးသို့ ထိုးကျနေတယ်''ဟု လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ပြောင်းဖူးစိုက်ပျိုး ရောင်းချသူ ဦးဝင်းတင် ကပြောသည်။

မိုးရာသီတွင် ပြောင်းဖူးစိုက်လျှင် ရက် ၉ဝ ဖြင့်ပြောင်းဖူးရရှိကာ နွေရာသီ စိုက်ပျိုးချိန်တွင် ၇၅ ရက်ဖြင့် ပြောင်းဖူး ရရှိကြောင်း၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုရှိကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုရှိ ပြောင်းဖူးစိုက် တောင်သူများ ပြောင်းဖူး အထွက်နှုန်း ကောင်းမွန်သော်လည်း ဈေးနှုန်း ကျဆင်းနေသဖြင့် အခက်တွေ့နေကြောင်း သိရသည်။