ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီး အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် ဖွင့်ပွဲကျင်းပ
နေပြည်တော် သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိရတနာ ခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက ကျောင်းကျန်းမာရေး သီချင်းဖြင့် တေးသရုပ်ဖော် တင်ဆက်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျောင်းကျန်းမာရေး လုပ်ငန်းများဆောင်ရွက် နေမှု အခြေအနေများ၊ ကျန်းမာရေး အဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက ဘဝတစ်သက်တာ ကျောင်းကျန်းမာရေး သီချင်းဖြင့် တေးသရုပ် ဖော်တင်ဆက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေး စံပြကျောင်းဆု၊ ကျောင်းကျန်းမာရေး အဆင့်မြင့်ကျောင်း အသင်း လုပ်ငန်းထူးချွန်ဆုရ ကျောင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။