မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသူများ၏ ကြည်နူးပီတိ စကားသံများ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့ပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သြဂုတ် ၈ ရက်မှ ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီး အခမဲ့ဖူးမြော်ခွင့်ပြုလျက်ရှိ သည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များနှင့် ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန် အတွက် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးတို့ကို ထည့်သွင်း တည်ဆောက်ထားသည်။
ထို့ပြင် ဘုရားဖူးပြည်သူများ လေ့လာနာယူကြည်ညိုနိုင်စေရန် ပိဋကတ်သုံးပုံလာ တရားတော်များကို ခေတ်မီစက်ကိရိယာများ အသုံးပြု၍ စကျင်ကျောက်ချပ်များ ပေါ်တွင် ထွင်းထုထားပြီး ကျောက်စာရုံစေတီတော် အဆူ ၇၂၀ ဖြင့် ထည့်သွင်း တည်ဆောက် ပူဇော်ထားရှိသည်။
ယင်းသို့တည်ထားပူဇော်ထားရှိမှုအား လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူပြည်သူများ၏ ကြည်ညိုသဒ္ဓါပွားများဖွယ်ရာ ပီတိစကားသံများကို ဖော်ပြလိုက်ပါသည်-
ဦးတေဇောဘာဿ (မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဓနုတ်ကျောင်းတိုက်၊ ဓနုတ်စံပြကျေးရွာ၊ ဒလမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)
ဦးဇင်းအပါအဝင် ရွာက ဒကာ၊ ဒကာမ အားလုံး၂၀ ကျော်နဲ့ လာရောက်ပြီးတော့ ဒီနေပြည်တော်မှာ တည်ထားတဲ့ မာရဝိဇယ ဘုရားကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် အလွန့်အလွန် အတိုင်းမသိဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကလျာဏမိတ္တ အားလုံးသော ဗုဒ္ဓဘာသာသူတော်စင်တို့အားလုံး လာရောက်ပြီးတော့ ဖူးမြော်တာကိုလည်း ဝမ်းမြောက်ဝမ်းသာ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း တွေ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘုရားကြီးရဲ့ ရင်ပြင်တော်ပေါ်မှာ စကျင်ကျောက်တွေနဲ့ ပြုလုပ်ထားတဲ့ ဂန္ဓကုဋိတိုက် အဆောင်တွေ၊ (၂၄)ပစ္စည်း၊ ဗုဒ္ဓဝင်ပန်းချီကားတွေကို မြင်ရတွေ့ရတာလည်း အံ့မခန်းပါပဲ။ လက်ရာတွေကလည်း ပြောစရာမလိုအောင် သေသပ်လှပတာကို လေ့လာခဲ့ရပါတယ်။ နောက်နောင်လည်း ထပ်မံလာရောက် ဖူးမြော်ချင်ပါသေးတယ်။ သုဓမ္မာဇရပ်တွေ ရေကန်တွေကလည်း လက်ရာမြောက်လွန်းပါတယ်။ အဲ့ဒါကြောင့် ဝမ်းသာပီတိလည်း ဖြစ်ရပါတယ်။ ကျောက်စာရုံစေတီတော်တွေကိုလည်း သွားရောက်ဖူးမြော် ခဲ့ရပါသေးတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေဖြစ်တဲ့ ပိဋကတ်တရားတော်တွေကို အခုလို စကျင်ကျောက်ချပ်ပေါ်မှာ ကျောက်ထက်အက္ခရာတင်ပြီး ထွင်းထုပူဇော်ထားတဲ့ အတွက် ကမ္ဘာတည်သရွေ့ ဗုဒ္ဓသာသနာတော်ကြီး နေလိုလလို ထွန်းလင်းတောက်ပ နေမှာဖြစ်ပါတယ်။ ခုနစ်ရက်သားသမီးတွေ လာရောက်ဖူးမြော်နိုင်ကြဖို့ကိုလည်း စကားလက်ဆောင် ကမ်းပေးပါဦးမယ်။
ဒေါ်မြင့်မြင့်သန်း (ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်)
မာရဝိဇယဘုရားကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘုရားကြီးကို ဖူးမြော်ချင်လို့ မိသားစုနဲ့လာခဲ့တာပါ။ ဒီဘုရားကြီး တည်ဆောက်ပေးတဲ့ အကြီးအကဲတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ဝိုင်းဝန်းပြီးတော့ အလှူငွေတွေ ထည့်ဝင်လှူဒါန်းကြပြီး ပါဝင်ပူဇော်ပေးကြတဲ့ ပြည်သူတွေကိုလည်း ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။ မာရဝိဇယဘုရားကြီးကို နေ့တိုင်းပဲ TV ကနေကြည့်ပြီးတော့ ကြည်ညိုနေတာပါ၊ အခုလို အောင်အောင်မြင်မြင်နဲ့ တည်ဆောက်ပြီးစီးသွားတော့ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဘုရားကြီးကို ကိုယ်တိုင်လာပြီး ဖူးမြော်ရတဲ့အချိန်မှာ ပိုပြီးအံ့သြမိပါတယ်။ ဒီလို စကျင်ကျောက်တွေနဲ့ ထုလုပ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ ညီညာပြီး သေသပ်လှပတဲ့ ကျောက်စာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ လေ့လာခဲ့ရပါတယ်။ ဒီနေ့က အစိုးရ ရုံးပိတ်ရက်ဆိုတော့လေ သူလိုကိုယ်လို လာရောက်ဖူးမြော်တဲ့သူတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ကျွန်မတို့ နိုင်ငံမှာ အခုလိုကြီးမားပြီး ခံ့ညားသပ္ပာယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထား ကိုးကွယ်နိုင်တဲ့ အတွက်ကြောင့် နိုင်ငံသား တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ပြည်သူများကိုလည်း ဒီဘုရားကြီးကို လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါ်အေးတင့် (ပျဉ်းမနား၊ နေပြည်တော်)
ကျွန်မတို့ ရွာကလူတွေစုပြီးတော့ မာရဝိဇယဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့ လာခဲ့တာပါ။ ခြေထောက်နာနေတာကို မရောက်ရောက်အောင် လာခဲ့တာ။ ဖွင့်ကတည်းက လာချင်နေတာ။ ဒီနေ့တော့ ရောက်အောင် လာလိုက်တယ်။ ဘုရားဝင်းထဲ ရောက်တော့ စကျင်ကျောက်ပြားတွေ ခင်းထားတာ တွေ့ရပါတယ်။ ခင်းထားတဲ့ စကျင်ကျောက်ပြားတွေပေါ် ခြေချမိတာနဲ့ အေးနေတာပဲ အလွန်အံ့သြမိပါတယ်။ လူတွေကလည်း ကြိတ်ကြိတ်တိုးနေတာပဲ။ဘုရား ရင်ပြင်တော်ပေါ်ကို စက်လှေကားနဲ့ တက်ရပါတယ်။ ရင်ပြင်ပေါ်မှာ ဘုရားဖူးပြီးတော့ ဂန္ဓကုဋိတိုက်ထဲမှာ စုပြီးထမင်းစားကြပါတယ်။ ရွာကစားစရာတွေ ယူလာပါတယ်။ ဒီမှာလည်း ဘုရားဖူးတွေစားဖို့ သီးစုံဒံပေါက်ဘူးတွေ ဝေပေးပါတယ်။ နေပြည်တော်မှာ အခုလို မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရတဲ့ အတွက် တည်ဆောက်ပေးခဲ့တဲ့ အကြီးအကဲတွေကို ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။ ကျေးဇူးလည်းအထူးတင်မိပါတယ်။
ဒေါ်သန်းသန်းရီ (ရွှေပြည်သာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး)
မာရဝိဇယဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့ ရန်ကုန်ကနေ မနက်အစောကြီး ကတည်းက ထပြီးလာခဲ့ကြတာပါ။ ဒီဘုရား ကြီး နေပြည်တော်မှာ တည်ထားပူဇော်နေတဲ့အကြောင်းကို နေ့စဉ်သတင်းစာတွေထဲမှာလည်း ဖတ်ရပါတယ်။ ဖွင့်တဲ့နေ့ကတည်းက လာချင်တာ ဒီနေ့မှ ရုံးပိတ်ရက်ဖြစ်တော့ လာဖြစ်တာပါ။ အခုလို ကိုယ်တိုင်လာပြီး ဖူးမြော်ရတဲ့အခါမှာ ပိုပြီးအံ့သြရပါတယ်။ ဘာကြောင့်လဲဆိုတော့လေ ဘုရားအဝင်မုခ်ဦးကို ဝင်လိုက်တာနဲ့ စိတ်ထဲမှာလေ အေးချမ်းလိုက်တာ၊ မြင်မြင်သမျှ အံ့သြမိတယ်။ မိသားစုတွေပျော်ပျော်ပါးပါးနဲ့ အမှတ်တရ ဓာတ်ပုံတွေရိုက်တယ်။ အနယ်နယ်အရပ်ရပ်ကသူတွေလည်း လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ။