ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် အတွက် သြဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ အခမဲ့ဖူးမြော်ကြည်ညိုရန် ဖွင့်လှစ်ထားသည်။ အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆဋ္ဌမမြောက်နေ့ (ယနေ့)တွင် လာရောက်ဖူးမြော်ကြသည့် ဆရာတော် သံဃာတော်များနှင့် ဘုရားဖူး အလှူရှင်များ၏ ဝမ်းသာပီတိစကားသံများကိုလည်း ပြန်လည်မျှဝေလိုက်ရပါသည်-
ဘဒ္ဒန္တ ဣန္ဒာစရိယ၊( မိတ္ထီလာမြို့)
တကယ်သက်တော်ထင်ရှား ဘုရားကို ဖူးရသလိုပါပဲ။ ကြည်နူးမှုဖြစ်ရပါတယ်။ ပုဂ္ဂိုလ်များထဲမှာ ထူးထူးခြားခြားဖြစ်တာပေါ့လေ။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးတော့မှ ဘုရားရယ်လို့ဖြစ်လာတာ။ အဘက်ဘက်က ပြည့်စုံနေတာကို ဘယ်သူမှ နှိုင်းယှဉ်လို့မရတဲ့ အနေအထား မျိုးပါပဲ။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ဘုရားဖူးတွေက လာဖူးရသလိုပါပဲ။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတွေ အထူးစည်ကား များပြားတာတွေ့ရ တော့လည်း ကြည်နူးရပါတယ်။ ဒီဘုရားကြီးကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓသာသနာ နေလိုလလို ထွန်းတောက်တယ်ဆိုတာ ထင်ရှား တာကိုပြလိုက်တာပဲ။ မြန်မာပြည်အနှံ့ ဘုရားပေါင်းများစွာ ဖူးဘူးပါတယ်။ အခြားနေရာက ဘုရားတွေထက်ပိုပြီး ခံ့ညားတယ်။ အဘက်ဘက်က ပြီးပြည့်စုံတယ်။ စနစ်ပိုပြီးကျတာ တွေ့ရပါတယ်။ အခုလို များပြားလှတဲ့ ဧည့်ပရိသတ်ကို ထိန်းနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဒီမှာတော့ ဘယ်လောက် ဧည့်ပရိသတ်လာလာ ဘုရားရင်ပြင်တော် ပေါ်ရောက်ရင် ဘုရားရဲ့ရင်ငွေ့တော် ခိုလှုံရသလို အေးမြသွားတယ်။ အားလုံးက စကျင်တွေနဲ့လုပ်ထားတော့ ခိုင်ခံ့မှု၊ လှပမှု၊ သပ္ပာယ်မှုဘာမှ ပြောစရာမရှိအောင် ပြည့်စုံလွန်းပါတယ်။ ဆေးမခြယ်တဲ့အတွက် ရေရှည်အခုမြင်ရတဲ့အတိုင်းပဲ တည်ရှိနေမှာပဲလေ။ ဆေးခြယ်တာဆိုရင် မှိန်တာပြုတာရှိနိုင်တယ်။ အခုက သဘာဝအတိုင်း ကျောက်သား၊ ကျောက်ဆစ်နဲ့ထုလုပ်ထား တာဆိုတော့ ခိုင်ခံ့မှု၊ လှပမှု၊ သပ္ပာယ်မှုတွေအားလုံးက ဘာမှပြောစရာမလိုဘူး။ သာသနာအတွက်တော့ ဒုတိယ သီရိဓမ္မာသောကမင်းလို့ပဲ ဦးဇင်းအနေနဲ့ မှတ်ချက်ပေးချင်ပါတယ်။ ခံ့ညားထည်ဝါတဲ့ အတိုင်းအတာကတော့ ဘယ်တုန်းကမှမတွေ့ဖူးပါဘူး။ အခြားအခြားသော ဘာသာတွေဆိုရင်လည်း သူတို့ဘာသာကို သူတို့ အထွတ်အထိပ် လုပ်ကြတာပဲလေ။ အခုလည်း ဗုဒ္ဓဘာသာအတွက် အကောင်း ဆုံး လုပ်လိုက်တာပဲလေ။ ကလေးတွေတောင် အခုလို ဘုရားကြီးကို ဖူးတွေ့ရတဲ့အချိန်မှာ ဝမ်းသာကြမှာပဲလေ။ လူကြီးတွေဆိုရင် တော့ပြောဖွယ်ရာမရှိ ကြည်နူးဝမ်းသာမဆုံးပေါ့။ ဘိုးဘွားရိပ်သာ တစ်ခုကို သွားပြီးလှူခဲ့ရင် အဲဒီဘိုးဘွား ရိပ်သာက လူတစ်စုလောက်လေးပဲ ချမ်းသာမှုကိုရမှာပါ။ အခုလို ဘုရားကြီးကို တည်လိုက်တယ်ဆိုတာ ဒီဘုရားကိုရောက်လာတဲ့ ခုနစ်ရက်သားသမီးအားလုံး စိတ်ချမ်းသာမှုရမှာပဲလေ။ ကုသိုလ်စိတ်တွေဖြစ်ကြမယ်။ အဲဒီကုသိုလ်စိတ်က တမလွန်ဘဝမှာ ကောင်းကျိုးတွေပေးသွားမှာပဲလေ။ အဲဒါက ဘုရားတည်ခြင်း အနှစ်သာရပဲ။
ဒေါ်သန်းနွဲ့၊ ရန်ကုန်မြို့
ဒီနေ့ဘုရားကြီးလာဖူးရင်းနဲ့ ဘုရားကြီးအတွက် အလှူငွေ ၈၆ သိန်း လှူဒါန်းခဲ့ပါတယ်။ အဘွားသားလေးရဲ့ပင်စင်ကိုစုပြီး လှူတာပါ။ ဘုရားဖူးရတာရော အလှူငွေတွေ လှူခဲ့ရတဲ့အပေါ်ဝမ်းမြောက်ကြည်နူးရပါတယ်။ အဘွားရဲ့သားက(တေဇ-၁၅)က သူရဲကောင်းမှတ်တမ်းဝင် ဒုတိယဗိုလ်အေးချမ်းပါ။ သူ့ပင်စင်လေးကို စုပြီးတော့ အဘွားတို့က ဒါနပြုတာပါ။ ဘုရားကြီးတည်ဖို့ ကျောက်တုံးတွေစသယ်တဲ့ အချိန်ကစပြီးတော့ အောင်အောင်မြင်မြင် တည်နိုင်ပါစေလို့ ဆုတောင်းခဲ့တာပါ။ အဘိုးတို့အဘွားတို့က အသက်တွေကလည်း ၈၆/၈၇ ရှိပြီ။ ကိုဗစ်တွေကလည်းဖြစ်နေတော့ ဘုရားကြီးပြီးအောင်မှ အသက်ရှင်ခွင့်ရပါ့မလား ဆိုပြီး နှစ်ယောက်သား ပြောဖြစ်ခဲ့သေးတာ။ အခုတော့ ဘုရားကြီးအနေကဇာတင်တဲ့ အထိနေရတဲ့အတွက်၊ ကိုယ်တိုင်ကိုယ်ကျဖူးခွင့်ရ တဲ့အတွက် အရမ်းပဲကြည်နူး ဝမ်းသာရပါတယ်။ အခုဒီမှာဘုရားဖူးတွေကလည်း တအားစည်ကားတာ တွေ့ရတော့ ဝမ်းသာကြည်နူးရပါတယ်။ ဗုဒ္ဓသာသနာကြီး ဒီထက်အဓွန့်ရှည်ဖို့ တတ်နိုင်သမျှ ကုသိုလ်ပြုမှာပါ။ အခုလို ခမ်းနားတဲ့ဘုရားသာမက သာသနိက အဆောက်အအုံတွေ အဘွားတစ်သက် မတွေ့ဖူးပါဘူး။
ဦးသန်းထွန်း၊ ပျော်ဘွယ်မြို့နယ်
ကျွန်တော်တို့ ဒီနေ့ဘုရားကြီးကို လာဖူးတာ ရွာကလူ ၂၀၀ ပါပါတယ်။ မနက် ၇ နာရီရွာက ထွက်လာကြတာပါ။ ရွာကဆရာတော် ဦးတိလောကရဲ့ အစီအစဉ်နဲ့ ကား ၁၂ စီးကို အပြတ်ငှားပြီး လာကြတာပါ။ ဘုရားကြီးကို ဖူးရတာရယ်၊ သာသနိက အဆောက်အအုံတွေကိုမြင်ရတော့ တကယ့်အံ့မခန်းပါပဲ။ အသက် ၆၄ နှစ်ရှိပါပြီ။ဒီလိုပြီးပြည့်စုံပြီး ခမ်းနားတာမတွေ့ဖူးသေးပါဘူး။ ဗုဒ္ဓဘာသာ အဓွန့်ရှည်အောင် အခုလိုဘုရားတွေတည် ဆောက်လုပ်လှူဒါန်း ပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ကျေးဇူး အထူးတင်ပါတယ်။ တကယ့်ထူးဆန်းအံ့ဖွယ်ပါပဲ။ ရွာပြန်ရောက်ရင်လည်း ဘုရားကြီး ကြီးကျယ်ခမ်းနားတဲ့ အကြောင်းကိုပြောပြီး မဖူးရသေးတဲ့သူတွေကိုလည်း သွားဖူးဖြစ်အောင်ဖူးကြဖို့ တိုက်တွန်းဦးမှာပါ။ မြန်မာပြည် အရပ်ရပ်မှာနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလည်း ဘုရားကြီးကို ဖူးဖြစ်အောင်ဖူးကြဖို့ တိုက်တွန်းပါတယ်။ တကယ့်အံ့ဖွယ်ဘုရားကြီးပါပဲလို့ တိုက်တွန်းစကား ပြောချင်ပါတယ်။