အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

မြေဝင်နည်းနေသေးစဉ် အထက်သို့တက်ကာ ဆောက်သည့်အလေးချိန်က များသွားသဖြင့် ကမ္ဘာ့ဆွဲအားနှင့်မမျှဖြစ်ကာ မဟန်နိုင်ဘဲ လဲကျသွားခြင်းဖြစ်သည်။ ထိုစဉ်က  သောင်းဒန်တို့ အတော်ပင် ဦးနှောက်ခြောက်ခဲ့ရသည်။ သတင်းစာများတွင် ထိုသတင်းပါသဖြင့်  သောင်းဒန်ကို   သွားလေရာတွင် အသိမိတ်ဆွေများက မေးမြန်းကြသည်။  ဤသည်မှာ ထိပ်သီးအင်ဂျင်နီယာများနှင့် ဆောက်သည့်တံတား ဖြစ်သည်။  ယခုကား သူတို့ဘာသာ နွှဲရမည့်ပွဲဖြစ်သည်။ 

အခက်အခဲများ တွေ့မည်မှာ သေချာသည်။ သို့သော် ဇွဲကောင်းကောင်းနှင့် ရင်ဆိုင်ဖို့သာရှိလေသည်။

သို့နှင့်တံတားဆောက်အဖွဲ့သည် စခန်းသာမှ စင်ရော်မြို့သို့ထွက်ခဲ့ကြသည်။ အင်း၀ ဂုတ်ထိပ် စစ်တောင်းတံတားတို့သည် တို့ဆောက်ခဲ့သည် ဟူသော သီချင်းသည် အလုပ်သမားများ ပါးစပ်ထဲသို့ ရောက်သွားကြပြီး တစ်လမ်းလုံး တို့အလုပ်သမား  ခေတ်ရောက်ပြီ သီချင်းသံသည် လေထဲတွင် ပျံဝဲနေသည်။ သို့နှင့် စင်ရော်သို့ရောက်ကြသည်။ စင်ရော်သည် သူတို့အဖို့နောက်ဆုံးစခန်း မဟုတ်သေး။ တံတားစခန်းသို့ ဆက်ရဦးမည်။

စင်ရော်တွင် နလကဥက္ကဋ္ဌ ဗိုလ်ကြီးဘကြိုင်နှင့်ခရလ ၃၁၀ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းအောင်တို့က သောင်းဒန်တို့အဖွဲ့ကို ကြိုဆိုနေကြသည်။

မနေ့ကတည်းက ရောက်နေတာဗျ။ ခင်ဗျားတို့အတွက် ဒီမှာစားဖို့သောက်ဖို့ ဗိုလ်ကြီးဘကြိုင်နဲ့ စီစဉ်ထားတယ်။ ဒီမှာ စားသောက်ပြီးမှ အင်ကြင်းတောင်စခန်းသွားကြမယ် မဟုတ်လား။ ကျွန်တော်တော့ ဒီလိုစီစဉ်ထားတယ် ဗိုလ်သိန်းအောင်က သူ့အစီအစဉ်ကို ပြောသည်။

တပ်ရော ဗိုလ်မှူး သောင်းဒန်အဖို့ ယခုအခိုက်အတန့်တွင် အရေးကြီးသည်မှာ လုံခြုံရေး အစီအစဉ်ပင်ဖြစ်သည်။ မနေ့ညကတည်းက စခန်းသာ ရေလယ်ဘုရားတွင် သူ့အဖွဲ့နှင့်အတူ သူလည်း အနည်းငယ် ချောက်ချားခဲ့သည်။ လုံခြုံရေးအတွက် အများကြီးစိတ်ပူသည်။

 ပါပါတယ်ဗျာ။ အားလုံးစီစဉ်ပြီးပါပြီ။ ဦးသောင်းဒန်ဘာမှ မပူပါနဲ့။ ဒီက အခြေအနေအားလုံး ကျွန်တော်တို့သိပါတယ်

ကျွန်တော်တို့ အရင်နေရာမှာပဲ စခန်းချကြရမယ်နော်

ဦးသောင်းဒန်က ဘယ်နေရာ ပြောတာလဲ

ချောင်းရဲ့ မြောက်ဘက်က ကွမ်းသီးခြံထဲမှာခင်ဗျ။

အဲဒီနေရာမှာပဲ စခန်းဆောက်ဖို့ စိတ်ကူးထားတယ်။

သြော် ဟုတ်သားပဲ၊ အရင်တစ်ခေါက် ကျွန်တော်တို့ လာကြည့်ကြတုန်းက ဗိုလ်မှူးမပါဘဲကိုး။ဗိုလ်မှူးကြီးတော့ပါတယ်။ ချောင်းရဲ့မြောက်ဘက်ဆိုတော့ စင်ရော်နဲ့လည်း အသွားအလာလွယ်ကူတာပေါ့။ ချောင်းကူးနေရဖို့ မရှိတော့ဘူး

ကျွန်တော်က ချောင်းရဲ့ တောင်ဘက်က ပြန်ပေးတောင်ကုန်းစောင်းမှာ စီစဉ်ထားတယ်

ခင်ဗျာ၊ အင်ကြင်းတောင်ကုန်းစောင်း ပြောတာမဟုတ်လား ဗိုလ်မှူး။ တစ်ခုတောင်းပန်ပါရစေ ဗိုလ်မှူး။ ကျွန်တော့်အဖွဲ့ရှေ့မှာ   အဲဒီတောင်ကို အင်ကြင်းတောင်လို့ပဲပြောပါ ဗိုလ်မှူး။  ကျွန်တော့်ကောင်တွေက နဂိုကမှ စိတ်ဓာတ်ချောက်ချားနေတာ၊ ပြန်ပေးတောင်လို့သာ ကြားရင်တော့ နက်ဖြန်အကုန်ပြန်ပြေးကြမှာပဲ

ဟား   ဟား   ဟား၊ ကောင်းပါပြီ ခင်ဗျာ။အင်ကြင်းတောင်ပါပဲ။ ဒါက ကျွန်တော် ရွေးတဲ့နေရာပဲ ဦးသောင်းဒန်။ ချောင်းရဲ့ မြောက်ဘက်မှာ စခန်းနေရာ ရွေးသွားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်မကြိုက်ဘူး။ ကျွန်တော်တို့က စစ်ရေးအရ ကြည့်ရတာကိုး။ ချောင်းရဲ့ ဒီဘက်မှာဆိုရင် တကယ်လို့ ခင်ဗျားတို့စခန်းကို ရန်သူဝင်စီးမယ်ဆိုပါတော့၊ ပြေးပေါက်ဘယ်မလဲ။ ခင်ဗျားတို့နောက်မှာ ချောင်းပဲရှိတယ်။ အဲဒီနေရာက အားလုံးမြေပြန့်၊ ရန်သူခဏခဏဖြတ်နေတာ။ ဝင်လို့လွယ်တယ်။ ချောင်းရဲ့တောင်ဘက်မှာဆိုရင် အင်ကြင်းတောင်ကုန်းရှိတယ်။ ဒီတောင်ကုန်းကိုတက်ဖို့ မလွယ်ဘူး။ တောင်ကုန်းထိပ်မှာ အစောင့်ရှိမယ်။ ဒီတော့ဝင်ရတာမလွယ်ဘူး။ ဒါက ကျွန်တော်တို့ စစ်ရေးအရကြည့်ရတာပါ

သောင်းဒန် ပြောပိုင်ခွင့်မရှိတော့။

ဟုတ်ပါပြီ ခင်ဗျာ။   ဗိုလ်မှူးတို့တော်သလိုသာစီစဉ်ပါ။ ကျွန်တော်တို့ကတော့ ဒါတွေ ဘာတွေ ဘာမှသိတာ မဟုတ်ဘူး

ဒုတိယဗိုလ်မှူးကြီးသိန်းအောင်ကို အရင်က နာမည်သာ ကြားဖူးသည်။ ယခုမှ လူချင်းတွေ့ရသည်။ သဘောကောင်းသည်။ စစ်သားပီသသည်။ တစ်ဇွတ်ထိုး လုပ်တတ်သည့်အကျင့်ရှိမည်ဟု သောင်းဒန်အကဲခတ်မိသည်။ စင်ရော်တိုင်းမှူးက  လုံခြုံရေးကိစ္စနှင့်အခြားလိုအပ်သည့် အကူအညီတို့ကို  ဒုတိယဗိုလ်မှူးကြီး သိန်းအောင်နှင့်သာ စီစဉ်ပါ။ လိုသည့်အကူအညီ အားလုံးကို ပေးပါလိမ့်မည်ဟုပြောလိုက်သည်။ အခြားစားရေးသောက်ရေးကိစ္စ၊ စင်ရော်မြို့နှင့် အဆက်အသွယ်ကိစ္စတို့ကိုကား  နလကဥက္ကဋ္ဌဗိုလ်ကြီးဘကြိုင်နှင့် တိုင်ပင်ပါ။ အကူအညီတောင်းပါဟု မှာထားသည်။

နှစ်ယောက်စလုံး သဘောကောင်းများဖြစ်သည်။ လိုသည့်အကူအညီ ပေးနိုင်မည့် ပုဂ္ဂိုလ်များဖြစ်သည်ဟု ခန့်မှန်းမိသဖြင့် သောင်းဒန်စိတ်အေးသွားသည်။

ကဲ   ကဲ  သွားကြမယ်။ ပြီးရင် စခန်းကို သွားကြမယ်။ ဒီမှာအိပ်စရာ

မဟုတ်ဘူး ဗိုလ်မှူး။ ကျွန်တော်တို့  ဒီမှာအိပ်ဖို့ စီစဉ်ထားတယ်။ ဖောင်တော်ဦးဘုရား တန်ဆောင်းထဲမှာ အိပ်စရာနေရာတွေ အများကြီးပါ။

နလကဥက္ကဋ္ဌကပြောသည်။ သောင်းဒန်စိတ်ကူးတွင် ဘာမှမရှိ။ စခန်းသို့ ရောက်ချင်ဇောအားကြီး၍သာ နေသည်။ ညနေသွားလျှင် ဖြစ်နိုင်သည်။ အချိန်ရှိသေးသည်။ သို့သော်လည်း စားရသောက်ရဦးမည်။

စင်ရော်မြို့သို့ရောက်လျှင် လည်ချင်ပတ်ချင်ကြဦးမည်။ သူတို့ကား အထိန်းအကွပ်မရှိ။ ဇောင်းမှ လွတ်လာသော မြင်းများဖြစ်ကြသည်။ သူတို့အိမ်တွင်မှု သားမယားက ထိန်းသည်။ ယခုကား ထိန်းမည့်သူမရှိ။

လှေကားသုံးထစ်ဆင်းလာခဲ့ကြသော လူပျိုများဖြစ်နေကြသည်။ သူတို့အဖွဲ့ထဲတွင် လူပျိုစစ်စစ်များလည်း ပါသည်။

အင်းလေ ခင်ဗျာ၊ ကောင်းသလိုသာ စီစဉ်ကြပါ။

ကျွန်တော့်ပစ္စည်းတွေလည်း စက်လှေနဲ့ရောက်လာကြမယ် ခင်ဗျ။ ဘယ်နေ့လောက် ရောက်မယ်မသိဘူး။ အဲဒါတွေလည်း စခန်းကို သယ်ရရွှေ့ရဦးမယ်

ဖြစ်ပါတယ်ဗျာ။ ပူမနေပါနဲ့။ ဟောဒီက ဗိုလ်ကြီးဘကြိုင် အားလုံးစီစဉ်ပေးလိမ့်မယ်။ ခင်ဗျား စက်လှေတွေက ဘယ်တုန်းက ထွက်လာတာလဲ

ကျွန်တော်တို့ ထွက်တဲ့နေ့ပဲခင်ဗျ

စိတ်ချ၊ မရောက်သေးဘူး။ နောက် နှစ်ရက်လောက်ရှိမှရောက်မှာ

ဒီပစ္စည်းတွေကို အင်ကြင်းတောင်စခန်း ပို့ရဦးမယ်။

စက်လှေက တောက်လျှောက်ဝင်နိုင်ပါ့မလား မသိဘူး။ ပစ္စည်းတွေက အလေးကြီးတွေ။ ဒါကြောင့် အစကတို့ပြောသလို မြို့နားမှာ တံတားဆောက်ရင် အားလုံးအဆင်ပြေမှာ။ ခက်တာပဲ။ ခုမှတော့ ဖြစ်သလို စီစဉ်ရတော့မှာပဲ။

စိတ်ပူနေ၍ မပြီး။ စီစဉ်စရာရှိသည်တို့ကို စီစဉ်ရမည်။ ညအိပ်ဖို့အတွက် သူ့လူများကို နေရာချထားရမည်။

ကဲ သွားကြမယ်။ ကျွန်တော်တို့ရှေ့က သွားနှင့်ကြမယ် ဗိုလ်ကြီး။ ဟေ့ စောသာအေးနဲ့ လှမင်း၊ မင်းတို့အဖွဲ့ကို ကြည့်ပြီး ခေါ်ခဲ့ကြ။ တို့ဒီည ဒီမှာအိပ်မယ်။

ဖောင်တော်ဦးဘုရားမှာစခန်းချမယ်။ အဲဒီမှာ စားကြသောက်ကြမယ်။ နက်ဖြန်ကျမှ တံတားစခန်းကို သွားမယ်

သူတို့သည် ဖောင်တော်ဦးဘုရား တန်ဆောင်းထဲတွင် ထိုည စခန်းချကြသည်။

ရဲဘော်တို့ ဘယ်မှ မထွက်ကြပါနဲ့။ တတ်နိုင်သမျှစခန်းထဲမှာနေကြပါ။ ဟိုနား ဒီနား ထွက်ချင်ရင် စခန်းမှူး ဦးစောသာအေးကိုပြောပြီး ထွက်ကြပါ။ ညနေ ၅ နာရီခွဲမှာ ထမင်းစားမယ်

လက်သမား ညွန့်ကြည်သည် အသံချဲ့စက်ငယ်လေးနှင့် အော်နေသည်။ လိုရမည်ရဆိုကာ ဓာတ်ခဲသုံးစကားပြော အော်လန်ငယ်လေးတစ်ခုကို သောင်းဒန်ယူခဲ့သည်။ ထိုအော်လန်ငယ်ကို လက်သမား ညွန့်ကြည်လက်သို့ အပ်ထားလိုက်သည်။ ညွန့်ကြည်သည် အင်မတန်တရားဟောချင်သူဖြစ်သည်။ ဟိုတုန်းက အလုပ်သမားခေါင်းဆောင် လုပ်ခဲ့ဖူးသည်။ ပထမအစိုးရလက်ထက်တွင် ယူအယ်အိုမှာ တက်တက်ကြွကြွ ခေါင်းဆောင်ငယ်တစ်ဦးဖြစ်လာသည်။ နောက်မှ    မနည်းပင် ဘရိတ်အုပ်ကိုယ်ရှိန်သတ်ကာ နောက်ဆုတ်နေလိုက်ရသူဖြစ်သည်။ ဆက်လုပ်ရင်တော့ ကွဲမှာပဲ  ဆရာ။ ကျွန်တော်တို့က ဘာမှ နားလည်တာမဟုတ်ဘူး။ နိုင်ငံရေးဆိုတာ နကန်းတစ်လုံးသိတာမဟုတ်ဘူး။ တော်လှန်ရေး

အစိုးရတက်လာတော့ စွတ်ပြီးအော်တာပဲ။ အာဏာသိမ်းတာ မတရားဘူး၊ ဘာညာပေါ့ ခင်ဗျာ။ နောက်တော့မနည်း ကိုယ်ရှိန်သတ်ယူရတယ် ဤသို့ ပြောဖူးသည်။

ယခုကား သူ့လက်ထဲတွင် စကားပြောအော်လန်လေး ရောက်သွားသည့်အခါ ဟိုတုန်းက အမူအကျင့်တို့ ပြန်ပေါ်လာဟန်တူသည်။ ရဲဘော်တို့၊ စည်းကမ်းသေဝပ်ကြပါ။ တစ်မြို့တစ်ရွာမှာ စည်းကမ်းရှိကြဖို့ အရေးကြီးပါတယ်ညွန့်ကြည် နှစ်ခါလောက် ဟစ်လိုက်လျှင် သူ့ကို မျက်စောင်းထိုးသူက ထိုးသည်။ ပြုံးသူကပြုံးသည်။ ညွန့်ကြည်ကလည်း အကင်းပါးသည်။

ဆရာကြီးရဲ့ ညွှန်ကြားချက်အရ   သတိပေးတောင်းပန်ရတာပါခင်ဗျာဟု    သောင်းဒန်နှင့် ကိုင်ပေါက်သည်။       

    ဆက်လက်ဖော်ပြပါမည်။    

ကျော်အောင်