သတင်းစာစက္ကူစက်ရုံ (သာပေါင်း)စတင်ဖွင့်လှစ်ခြင်း

သတင်းစာစက္ကူစက်ရုံ (သာပေါင်း)စတင်ဖွင့်လှစ်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဟူသော စီးပွားရေး ဦးတည်ချက်အတိုင်း နိုင်ငံ့စီးပွားမြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခင်က အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အမှန်တကယ် အထောက်အကူပြုသည့် စက်ရုံများကို ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိသည်။ ယခုအခါ သတင်းစာစက္ကူစက်ရုံ (သာပေါင်း)စတင်ဖွင့်လှစ်လည်ပတ်ခြင်း အခမ်းအနားကို သြဂုတ် ၁၂ ရက်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံ၏စက္ကူလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့်သတင်းစာစက္ကူစက်ရုံ (သာပေါင်း)ကို ပြန်လည်လည်ပတ် နိုင်ခဲ့သည့်နေ့ဖြစ်၍ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်နေ့ဖြစ်သည်။  အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အနေဖြင့်  ယခင်ကလုပ်ငန်းလည်ပတ်ခဲ့ပြီး ဖြစ်သည့် စက်ရုံများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်ခဲ့ရသည်။ နေ့စဉ်အသုံးပြု နေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့်စက္ကူလိုအပ်ချက်များစွာကို နှစ်စဉ်ပြည်ပမှ တင်သွင်း အသုံးပြုနေရသည့်အတွက် နိုင်ငံခြားငွေများစွာသုံးစွဲကုန်ကျလျက်ရှိသည်။ ယခင်ကစစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံနှင့် သာပေါင်းစက္ကူစက်ရုံတို့ကိုဆောင်ရွက်ခဲ့ပြီး စစ်တောင်းစက္ကူစက်ရုံမှာ သက်တမ်းကြာမြင့်ပြီ ဖြစ်သဖြင့် ဖျက်သိမ်းပြီးဖြစ်သည်။

ယခုစက်ရုံစုသည် စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူ အမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်သည်။ ခေတ်ကာလ၏အခြေအနေအရ Online  မီဒီယာအသုံးပြုမှု ပိုမိုများပြားလာပြီး Printed မီဒီယာများအတွက် သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက် လျော့နည်းလာသည် ကိုတွေ့ရှိရသော်လည်း    နေ့စဉ်ထုတ်သတင်းစာများသည်    သမိုင်းကို ဖော်ပြနေခြင်းဖြစ်သဖြင့် နိုင်ငံတိုင်းတွင် သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေလျက်ရှိသည်။ ထို့ကြောင့် သတင်းစာစက္ကူ လိုအပ်ချက်သည်လည်း အမြဲမပြတ်ရှိနေမည်ဖြစ်သည်။  စက်မှုစွမ်းအား ခေတ်ကျော်လွှား ဆိုသည့်အတိုင်း စက်မှုကဏ္ဍတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ စက်မှုလုပ်ငန်းများဖြင့်  ကုန်ထုတ်လုပ်မှုများကိုထုတ်လုပ်၍  ပြည်တွင်းအတွက် လိုအပ်သည့်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များကိုလျှော့ချနိုင်သဖြင့် နိုင်ငံခြား ငွေသုံးစွဲမှုများ များစွာလျော့နည်းလာမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ယခုစက်ရုံသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံတစ်ခုဖြစ်ပါကြောင်း၊ ယခင်ကအကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပြီး ယခုအချိန်တို အတွင်းလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်းသည်   မူလဝန်ထမ်းများ၏   ထိန်းသိမ်းထားရှိမှု အရည်အချင်းကောင်းများကြောင့်ပင် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်အကျိုးရှိသည့် လုပ်ငန်းလည်ပတ်မှုဖြစ်ပြီး များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့်  ယခုကဲ့သို့ပြန်လည်ပြုပြင်မှု အနည်းဆုံးဖြစ်အောင်  ထိန်းသိမ်းထားရှိမှုများကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း  ဟူ၍ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)တို့မှ ဝန်ထမ်းများနှင့် နေ့လယ်စာမသုံးဆောင်မီ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေးအတွက် အကြောင်း အမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့်စက်ရုံ၊ အလုပ်ရုံများပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့ပြင်ကျန်ရှိနေသေးသည့်အခြားစက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်သည်။ သတင်းစာစက္ကူစက်ရုံ (သာပေါင်း)ကို ပြန်လည်လည်ပတ်နိုင်ခြင်းသည် နိုင်ငံ၏စက်မှုကဏ္ဍကို အသစ်တစ်ဖန်ဆန်းသစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

စာအုပ်စာပေ၊ လူ့မိတ်ဆွေ ဆိုသည့်ဆိုရိုးစကားနှင့်အညီ စာပေသည်လူ့ဘဝတိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်သည်။ စာပေများကိုဖတ်ရှုနိုင်ရေးအတွက် စာများပုံနှိပ်ထုတ်ဝေရန် စက္ကူများသည် မဖြစ်မနေလိုအပ်သည်။ မြန်မာနိုင်ငံ၌ စက္ကူထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီး ဖြစ်သည့်အတွက် စက္ကူထုတ်လုပ်နိုင်ရေး၊ စက်ရုံပြန်လည်လည်ပတ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်းသုံးစာအုပ်များရိုက်နှိပ်မှုများအတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်သည်။ စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်မည် ဆိုပါက နိုင်ငံခြားငွေ သုံးစွဲနေရမှုကို များစွာလျော့နည်းသွားမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)အား စတင်ဖွင့်လှစ်လည်ပတ်ခြင်းမှာ နိုင်ငံတော်အတွက် ပြည်ပသွင်းကုန်လျှော့ချ နိုင်မည့်အပြင် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း  ပေါများလာမည်ဖြစ်ပါကြောင်း  ဂုဏ်ပြုရေးသားလိုက်ရပေသည်။  ။