ပြည်ပနိုင်ငံများမှ ငါး ပုစွန် မှာယူမှုမြင့်တက်နေသော်လည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း တင်ပို့မှု၌ အခက်အခဲများ ရှိနေ

ပြည်ပနိုင်ငံများမှ  ငါး၊  ပုစွန်မှာယူမှု မြင့်တက်နေသော်လည်း တင်ပို့မှု၌ အခက်အခဲများ ရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင်   COVID-19    ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သောကြောင့် ပြည်ပနိုင်ငံများ၌ ကန့်သတ်ချက်များ ရှိနေသည့်အတွက် တင်ပို့မှု၌ အခက်အခဲများ ရှိနေခြင်းဖြစ်သည်။ ဇွန်၊ ဇူလိုင်နှင့်  သြဂုတ်လတို့တွင် ငါးသားပေါက်ချိန် ဖြစ်သည့်အတွက်  ပင်လယ်ပြင်၌  ငါးဖမ်းခွင့်ပိတ်ထားခြင်းကြောင့် ပြည်ပနိုင်ငံများသို့ ပင်လယ်ငါးတင်ပို့မှု နည်းပါးသွားသည်။

လက်ရှိတင်ပို့နေသည့် ငါး၊ ပုစွန်များသည် မွေးမြူရေး ထွက်ကုန်များဖြစ်ပြီး ပြည်ပနိုင်ငံများ၌ ငါး၊ ပုစွန်ထုတ်လုပ်မှု နည်းပါးခြင်းကြောင့်  ပြည်တွင်းမှ မှာယူမှုမြင့်တက်နေခြင်း ဖြစ်သည်။  မြန်မာနိုင်ငံ၌ ငါး၊  ပုစွန်၊ ကဏန်းမွေးမြူရေး ဧကပေါင်း ငါးသန်းခန့်ရှိပြီး အဆိုပါ မွေးမြူရေးကန်များမှ တစ်ဆင့်    ပြည်ပသို့ တင်ပို့နေခြင်းဖြစ်သည်။

''ပြည်ပကနေ   ငါး၊ ပုစွန်မှာယူမှု မြင့်တက်နေပေမယ့်  COVID-19 ရောဂါ အခြေအနေကြောင့်  ပြည်ပတင်ပို့မှုတွေမှာ  အခက်အခဲတွေ ရှိနေတယ်။ အကန့်အသတ်တွေ မရှိတော့ဘူးဆိုရင်တော့ တင်ပို့မှု  ပိုမိုလွယ်ကူနိုင်တယ်'' ဟု ဦးဝင်းကြိုင် ကပြောသည်။

 ပြည်ပနိုင်ငံများသို့ ငါး၊ ပုစွန်တင်ပို့ရာတွင် ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေး၊ ဗဟိုစံပြငါးဈေးကြီးနှင့် ငွေပင်လယ် စက်မှုဇုန်တို့မှတစ်ဆင့်   တင်ပို့နေခြင်းဖြစ်သည်။  

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များ တင်ပို့မှု မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၆၉၉ သန်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ   သန်း ၇၂ဝ၊  ယခုဘဏ္ဍာနှစ် မေလကုန်အထိ  အမေရိကန်ဒေါ်လာ  သန်း ၆ဝဝ နီးပါး ရရှိခဲ့သည်။ 

ယခုနောက်ပိုင်းတွင် ငါး၊ ပုစွန် ရေထွက်ကုန်များ  တင်ပို့ရာတွင်   အရည်အသွေးပြည့်မီစေရန်   နည်းပညာများ အသုံးပြု၍ ထုပ်ပိုးမှု ပုံစံသစ်များဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။