ခိုင်မာကောင်းမွန်ပြီးဖြစ်သည့် ဆေးဝါးထုတ်လုပ်မှု
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် သြဂုတ် ၁၄ ရက် နံနက်ပိုင်းက မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်) ၌ ကျင်းပပြုလုပ်သည့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museumနှင့်မြွေဆိပ်ဖြေဆေး အအေးခဲခြောက် ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ပထမဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က BPI Pharmaceutical Museum အထိမ်းအမှတ် ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
မြန်မာ့ဆေးဝါးလုပ်ငန်း BPI ကို ၁၉၅၄ ခုနှစ် ဧပြီ ၂၃ ရက်တွင် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့ပြီး ၁၉၅၈ ခုနှစ် ဧပြီ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမောင်က ဗမာနိုင်ငံ ဆေးဝါးစက်ရုံ (Burma Pharmaceutical Industry, BPI) အမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဆေးဝါး ၄၁ မျိုးနှင့် ကပ်ရောဂါကာကွယ်ဆေး ၆ မျိုးတို့ဖြင့် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဆေးဝါးလုပ်ငန်း BPI အနေဖြင့် အရည်အသွေး အာနိသင်ထက်မြက်သည့် ဆေးဝါးများကို သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ခေတ်အဆက်ဆက် ထုတ်လုပ်ရောင်းချခဲ့ကာ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးထုတ်လုပ်မှု အခန်းကဏ္ဍကို ဦးဆောင်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ BPI ဆေးဝါးထုတ်လုပ်မှု သမိုင်းပြခန်းကို မြန်မာနိုင်ငံ၏ နိုင်ငံပိုင်စက်ရုံ အနေဖြင့် နှစ်ပေါင်း ၆၀ ကျော် ခေတ်အဆက်ဆက် ဆေးဝါးထုတ်လုပ်မှု အတွေ့အကြုံများ၊ စက်ပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များ၊ မှီငြမ်းအသုံးပြုသော ဆေးကျမ်းကြီးများ၊ လူ့စွမ်းအား အရင်းအမြစ်အခြေပြု ဖွံ့ဖြိုးတိုးတက်လာမှုများ၊ တန်ဖိုးရှိသော သမိုင်းဖြစ်ရပ်များအား ထိန်းသိမ်းရန်နှင့် နောင်လာနောက်သားများ သိရှိလေ့လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဆေးကုသမှုနှင့်ပတ်သက်၍ နှစ်စဉ်သုတေသန လုပ်ငန်းများနှင့် ညီလာခံများကို ဆောင်ရွက်လျက်ရှိသည်။ ဆေးကုသမှုများအပေါ် မူတည်၍ ဆေးဝါးများ၏ အရည်အသွေးများမှာလည်း ပြောင်းလဲလာသည်။ ဆေးဝါးများ၏ အရည်အသွေးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက အာနိသင် တန်ဖိုးများမှာလည်း တိုးတက်လာမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Museum ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြမှုအပေါ် အမှာစကား ပြောကြားရာတွင် “နိုင်ငံတော်ပိုင် စက်မှုလုပ်ငန်းများသည် ပြည်သူများ၏ သက်သာချောင်ချိရေးအတွက် ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်လိုက်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်သူများ ဈေးနှုန်းသက်သာစွာ
ဖြင့် ဝယ်ယူအသုံးပြုနိုင်ပြီး ပြည်သူများအတွက် အကျိုးရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများ ကောင်းမွန်နေရန်နှင့် ထုပ်ပိုးမှုများလည်း ကောင်းမွန်ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေး ပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးများသည် လူ့အသက်အတွက် တန်ဖိုးဖြတ်မရသည့် အရာများဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ပြည်သူများအတွက် လိုအပ်သည့် ဆေးဝါးများကို ထုတ်လုပ်နေခြင်းဖြစ်သည့် အတွက် နိုင်ငံအတွက်များစွာ အထောက်အကူပြုသည့် စက်ရုံတစ်ခုဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)အတွက် သြဂုတ် ၁၄ ရက်နေ့သည် သမိုင်းမော်ကွန်း ထိုးနိုင်ခဲ့သည့်နေ့ဖြစ်သည်။ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ မှတ်တမ်းထားရှိမှုသည် အရေးကြီးသည်။ မှတ်တမ်းတင်လုပ်ငန်းများ ဆောင်ရွက်ထားခြင်းဖြင့် မိမိတို့လုပ်ငန်းသာမက နိုင်ငံတော်အတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်သည်။ အဆိုပါမှတ်တမ်းများမှ တစ်ဆင့် သမိုင်းကို သိနိုင်သကဲ့သို့ အနာဂတ်အတွက် သုံးသပ်မှုမှန်ကန်သော ဆုံးဖြတ်ချက်ထွက်ပေါ်လာစေရေး အထောက်အကူပြုမည်ဖြစ်သည်။ ဆေးဝါးစက်ရုံ(အင်းစိန်)သည် သမိုင်းကြောင်းကောင်းများ ရှိခဲ့သည့် ဆေးဝါးစက်ရုံတစ်ခုအနေဖြင့် မှတ်တမ်းပြတိုက် ဆောင်ရွက်၍ သမိုင်းကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမှာ ဂုဏ်ယူဖွယ်ဖြစ်သည်။
ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဆေးဝါးပညာရှင်များ၊ လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် ယခင်ကတာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအားလုံးကို နိုင်ငံတော် အကြီးအကဲအနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းကိုလည်း ပြောကြားခဲ့သည်။ မြန်မာ့ဆေးဝါးလုပ်ငန်း BPI အနေဖြင့် ရှိပြီးဖြစ်သည့် အရည်အသွေးကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်းမှာလည်း ယခင်တာဝန် ထမ်းဆောင်ခဲ့သည့် ဆေးဝါးပညာရှင်ကြီးများ၏ လက်ဆင့်ကမ်း မျှဝေမှု၊ မျိုးဆက်သစ် ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲအနေဖြင့် များစွာချီးကျူး အသိအမှတ်ပြုခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ခိုင်မာကောင်းမွန်ပြီးဖြစ်သည့်ဆေးဝါးထုတ်လုပ်မှုကို ဆတက်ထမ်းပိုး ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။