ပြတိုက်ပညာပေး အစီအစဉ်နှင့် ကလေးစာကြည့်တိုက် လှုပ်ရှားမှု အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကြည့်ရှုအားပေး

ပြတိုက်ပညာပေး အစီအစဉ်နှင့် ကလေးစာကြည့်တိုက် လှုပ်ရှားမှု အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကြည့်ရှုအားပေး

နေပြည်တော်  သြဂုတ်  ၁၉

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြတိုက်(နေပြည်တော်)၌ ကျင်းပသည့် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊   ကျောင်းသူများအား ပြတိုက်အသိပညာပေးရေး အစီအစဉ်သို့ တက်ရောက်သည်။

ယင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားပြတိုက်(နေပြည်တော်)တွင် ပြသထားသည့် ပြခန်းများနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ၊ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်<ကင်းများကို မြန်မာနိုင်ငံမှ ပညာရှင်များက ရှာဖွေသုတေသနပြုခဲ့မှု၊ ကျောက်ခေတ်ဦး၊  ကျောက်ခေတ်လယ်၊  ကျောက်ခေတ် နှောင်းဟူ၍ ခေတ်သုံးခေတ် ထွန်းကားခဲ့မှု၊ မြန်မာနိုင်ငံ၏ပန်းချီပညာ စတင်ထွန်းကားလာမှု၊ ပျူမြို့ဟောင်းများတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့် ဟိန္ဒူဗြဟ္မဏအယူဝါဒများ အပြိုင် ထွန်းကားခဲ့မှု၊  ပျူကချေသည် အရုပ်များ တူးဖော်တွေ့ရှိမှု၊ ယဉ်ကျေးမှု အဆင့်အတန်းနှင့် စာပေအထောက်အထားများ တွေ့ရှိမှုနှင့် ပုဂံရာဇဝင်သမိုင်းကြောင်းများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီခိုင်က ဌာနမှထုတ်ဝေသည့် စာအုပ်များကို အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်တွင် ထားရှိရန်   တာဝန်ခံဆရာမ တစ်ဦးအား  အမှတ်တရလက်ဆောင် ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည်   ကျောင်းသား၊ ကျောင်းသူများကို ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ် ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ် ပြခန်းများအတွင်း  လိုက်လံ ကြည့်ရှုလေ့လာနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်စွက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ်ပညာပေးပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ သီဟာသနပလ္လင် ပြခန်း၊ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့်     မော်တော်ယာဉ်များပြခန်းနှင့် လက်ဆောင်ပစ္စည်းများ ပြခန်းတို့ကို   လေ့လာကြည့်ရှုကြရာ ပြတိုက်ဝန်ထမ်းများက   လိုက်လံရှင်းလင်းပြသပြီး ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုရာ၌   ဆုရရှိကြသည့်  ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ  အမျိုးသား စာကြည့်တိုက်(နေပြည်တော်)၌ ကျင်းပသည့် ကလေးစာကြည့်တိုက် လှုပ်ရှားမှုအစီအစဉ်သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက်  သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေက ဌာနမှထုတ်ဝေသည့် စာအုပ်များကို အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်တွင် ထားရှိရန်    တာဝန်ခံ ဆရာမတစ်ဦးအား အမှတ်တရလက်ဆောင် ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများကို ကလေး စာကြည့်တိုက်၊  Digital Signage Touch Screen ၊အီလက်ထရောနစ်စာကြည့်တိုက်နှင့် စာဖတ်ခန်း၊   စာအုပ်စင်ခန်းနှင့် ပေ၊ပုရပိုက် ထားရှိရာနေရာများသို့ လိုက်လံ ရှင်းလင်းပြသသည်။

အဆိုပါအစီအစဉ်သို့   နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ   အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ ၁၀၀ လာရောက်လေ့လာခဲ့ကြပြီး   ကလေးစာကြည့်တိုက် လှုပ်ရှားမှု အစီအစဉ်များဖြစ်သည့် စာဖတ်ပြခြင်း၊ e-book များဖတ်ကြားခြင်း၊ ကွန်ပျူတာမှတစ်ဆင့် စာရှာခြင်း၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်း    စသည့် အစီအစဉ်များကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါ်နုမြဇံက အမျိုးသားစာကြည့်တိုက်(နေပြည်တော်) သို့လာရောက်လေ့လာပြီး ဉာဏ်စမ်းပဟေဠိ မေးခွန်းများဖြေဆိုကြသည့် ဆုရကျောင်းသား၊ ကျောင်းသူများအား  လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။