
ဆောင်းပါးရှင်-ကျော်အောင်
ယမန်နေ့မှအဆက် ထိုညတွင် သောင်းဒန်သည် လအကရုံးသို့ လိုက်သွားကာ ဗိုလ်ကြီးဘကြိုင်၊ ဒုတိယဗိုလ်မှူးကြီး သိန်းအောင်တို့နှင့်အစီအစဉ်များ ရေးဆွဲတိုင်ပင်သည်။
အထူးသဖြင့် လုံခြုံရေးကိစ္စသည် အရေးကြီးသည်။
ထို့နောက် စားရေးသောက်ရေးကိစ္စများ နှစ်ဦးစလုံးက အတတ်နိုင်ဆုံးအကူအညီပေးပါမည်။ ထိုထက်ပို၍ အစစအရာရာ ဦးစားပေး၍ကူညီပါမည်ဟု ကတိပေး ကြသည်။
ပြန်လာလျှင် ဘုရားတန်ဆောင်းထဲတွင် အားလုံး ငြိမ်နေသည်ကိုတွေ့ရသည်။ အချိန်ကား ည ၁၁ နာရီ ခန့်ရှိနေပြီ။ အင်ဂျင်နီယာလေး ကိုအောင်ကြီးတစ်ယောက် မအိပ်သေးဘဲ အလုပ်သမားလေးငါးယောက်နှင့်ဝိုင်းဖွဲ့ စကားပြောနေသည်ကို တွေ့ရသည်။
''ဘယ်လိုလဲဟေ့၊ မင်းကောင်တွေ'' ''ဒီညတော့ အေးအေးချမ်းချမ်းပဲ ကိုသောင်းဒန်၊ တချို့မြို့ထဲ ရုပ်ရှင်ကြည့်သွားကြလေရဲ့။ ပြန်မလာ ကြသေးဘူး'' ''အေး ဒီလိုဖြစ်ရမှာပေါ့ကွ။ ကောင်းတယ်။ မနေ့ည ကတော့ လှိုင်းပုတ်သံကြောင့် ချောက်ချားကုန်တာကွ။ ဒီမှာတော့ မြို့မဟုတ်လား။ လူသူတွေရှိတယ်။ လည်စရာ၊ ပတ်စရာ၊ ကြည့်စရာ၊ ရှုစရာတွေလည်းရှိတယ်။ ဒီကောင် တွေ ခဏခဏ ရုပ်ရှင်ပြပေးရမလိုဖြစ်နေပြီ။
- ၆ -
''ဟောဒီနေရာက တံတားဖြတ်မယ့်နေရာ။ တို့က ဟောဒီတောင်ကုန်းမှာ စခန်းဆောက်မယ်။ စင်ရော် ကနေပြီး ဒီစခန်းကို ချောင်းအတိုင်း မော်တော်နဲ့လာရင် ၄၅ မိနစ်ကြာတယ်''
ကွမ်းသီးခြံထဲတွင် စင်ရော်အဖွဲ့ ခေတ္တစခန်းချကြသည်။ သူတို့နှင့်အတူ ဗိုလ်ဘကြိုင်နှင့်ဗိုလ်သိန်းအောင် တို့ပါလာသည်။ တပ်ရင်းမှူး ဗိုလ်သိန်းအောင်တွင် ရဲဘော်ရှစ်ယောက်ပါသည်။ ယင်းတို့မှာ သောင်းဒန် တို့၏ တံတားစခန်းလုံခြုံရေးအတွက် တပ်ရင်း ၃၁ဝ မှ ပေးသည့် ကင်းစောင့်တပ်စိတ်ဖြစ်သည်။
''ဘယ်လိုလဲ၊ ကွမ်းသီးပင်တွေ ခုတ်တော့မှာလား'' ကွမ်းသီးခြံရှင် အဘွားကြီးက ဗိုလ်သိန်းအောင်ကို ကပ်၍ မေးနေသည်။
''ဘာမေးတာလဲ ဗိုလ်မှူး''
သောင်းဒန် ကောင်းကောင်း နားမလည်။ အဘွားကြီး၏ စကားသည်ဝဲသည်။
''ဟောဒီက ဦးသောင်းဒန်ကိုမေး။ ကျွန်တော်မသိဘူး။ သူက ကွမ်းသီးခြံရှင်ပဲဗျ။ နာမည်က''
''ဒေါ်စောရွှေ''
''အဲ ဒေါ်စောရွှေတဲ့။ ခင်ဗျားတို့ တံတားဆောက် မယ့်နေရာမှာ သူ့ကွမ်းသီးခြံပါတယ်မဟုတ်လား။ အဲဒါ ခုတ်တော့မှာ လားတဲ့''
''အင်း တစ်ရက်၊ နှစ်ရက်အတွင်း ခုတ်ရမှာပဲ။ ဒီဘက်က ပေ ၅ဝဝ လောက် ခုတ်ရမယ်။ ဟိုဘက်မှာ လည်း ပေ ၅ဝဝ လောက်ခုတ်ရမှာပဲ။ ဟေ့ ဟေ့ အောင်ကြီး မင်းကောင်တွေ ထိန်းစမ်း။ ဟိုကောင် တစ်သိုက်တောင်ပေါ်တက်သွားပြန်ပြီ။ ဒီကောင်တွေ တယ် အငြိမ်မနေနိုင်တဲ့ကောင်တွေပဲ'' သောင်းဒန်သည် သူ့အဖွဲ့ကို ထိန်းခိုင်းနေသည်။
တစ်ဖက်ကလည်း ခြံရှင် ဒေါ်စောရွှေကို ခြံကိစ္စအတွက် ရှင်းပြနေရသည်။
ကိုအောင်ကြီးက ညွန့်ကြည်ကိုတစ်ဆင့်တာဝန်ပေး လိုက်သည်။ အော်လန်သမား ညွန့်ကြည်က ''ရဲဘော် တို့''ဟူ၍ အော်နေသည်။
''လာ၊ ကျွန်တော်တို့ တောင်ကုန်းပေါ် တက်ကြမယ်'' ဗိုလ်သိန်းအောင်က သောင်းဒန်နှင့်အဖွဲ့ကို ခေါ်သွားသည်။
''လာဟေ့ စောသာအေး၊ လှမင်း၊ အောင်ကြီး၊ လာ မစ္စတာ ဒေးဗစ်။ ဟေ့ ညွန့်ကြည် မင်းကောင် တွေ ထိန်းထား။ ခြံထဲလည်း မသွားစေနဲ့။ ဘယ်မှ မသွားစေနဲ့ကွာ။ ထမင်းဟင်းချက်ဖို့ စီစဉ်နှင့်''
တောင်ကုန်းလေးမှာ ပေ ၃ဝဝ ခန့်သာ မြင့်သည်။ သို့သော်လည်း နှစ်ခါလောက်နား၍ တက်ရသည်။ တောင်ကုန်းပေါ်သို့ တက်သည့်လမ်းဖုန်ဖုန်လေးကို တွေ့ရသည်။ တောင်ကုန်းပေါ်တွင် စေတီကလေး တစ်ဆူရှိသည်။
''ကဲ ဒီကနေ ကြည့်လိုက်စမ်း။ အဘက်ဘက်ကို ဆီးပြီး မြင်နေရတယ်။ ကျွန်တော်တို့စစ်ရေးအရဆိုရင် ဒီတောင်ခြေဖြစ်ဖြစ်၊ ဒီတောင်စောင်းမှာဖြစ်ဖြစ် စခန်း ဆောက်မှာပဲ။ ရန်သူဟာ မြောက်ဘက်ကလာရင် ချောင်းကိုကူးပြီး လာမယ်။ တောင်ဘက်ကဆိုရင် တောင်ကုန်းကြီးတစ်ခုလုံးခံနေတယ်။ ကျွန်တော် ပြောတာ သဘောပေါက် ရဲ့လား ဦးသောင်းဒန်''
''သဘောပေါက်ပါတယ် ဗိုလ်မှူး''
''ဒီနားရှိတဲ့ရွာတွေ တစ်ရွာမှစိတ်မချရဘူး။ အားလုံး လိုလို သူပုန်ဘက်က ရွာတွေချည်းပဲ။ ဒါကလည်း အခြေ အနေအရ ဖြစ်ရတာပဲ။ သူတို့ဆီကို ကျွန်တော် တို့က ရောက်နိုင်တာမှ မဟုတ်ဘဲ။ အမြဲရောက်နေ တာက သူပုန်တွေပဲ။ ဒီတော့ သူတို့ဟာ နီးရာဓားကို ကြောက်ရတာပဲ။ သူပုန်ကို သူတို့က ဆက်ကြေးမှန်မှန် ပေးရတယ်။ ကျွန်တော်တို့ တပ်တွေရဲ့သတင်းမှန်မှန် ပေးရတယ်။ ခုဆိုရင် ဒီမှာ ကျွန်တော်တို့ ရောက်လာပြီ။ နောက်ဆိုရင် စခန်းချဖို့ပဲ ရှိတော့တယ်''
အင်ကြင်းတောင်ကုန်း၏ အနောက်တောင်ဘက် ယွန်းယွန်း နှစ်မိုင်ခန့်တွင် ရွာကလေးတစ်ရွာရှိသည်။
ကုန်းကြီးဟုခေါ်သည်။ အိမ်ခြေ ၅ဝ ခန့်သာရှိသည်။ အနောက်ယွန်းယွန်း လေးမိုင်ခန့်တွင် ရွာဆိုးဟုခေါ် သော ရွာတစ်ရွာရှိသည်။ ယင်း၌ အိမ်ခြေ ၅ဝ ခန့်။ စင်ရော်ချောင်းအတိုင်း အရှေ့ဘက်သို့ ဆန်တက်မည် ဆိုလျှင် နှစ်မိုင်ခန့်တွင် မြောက်ဘက်ကမ်း၌ အိမ်ခြေ ၃ဝ ခန့်ရှိ ကျောက်ရဲရွာ။ နှစ်မိုင်ခွဲခန့်တွင် တောင်ဘက် ကမ်း၌ အိမ်ခြေ ၃ဝ ခန့်ရှိ ငှက်ပျောတောရွာ။ ၃ မိုင်ခန့်တွင် တောင်ဘက်ကမ်း၌ ဒူးရင်းခြံရွာတို့ ရှိသည်။ ချောင်းတစ်လျှောက်ကား ကွမ်းသီးခြံ၊ မင်း ကွတ်ခြံ၊ အုန်းခြံ၊ ဒူးရင်းခြံတို့ ကမ်းပါးတစ်လျှောက် တည်ရှိသည်။ တောင်စောင်းများတွင် နာနတ်ခင်းများ ရှိသည်။ ခြံတိုင်း၌ အစောင့်တဲလေးများရှိသည်။ များသောအားဖြင့်ကား ဆယ့်နှစ်ရာသီပတ်လုံးလိုလို ခြံများ၌ အစောင့်ရှိတတ်သည်ဟု သိရသည်။ စင်ရော် မြို့တွင် သူတို့အတည်တကျနေသော အိမ်များရှိသည်။
ရသမျှ သီးနှံတို့ကို စင်ရော်သို့ပို့ကာ ရောင်းချကြသည်။ ''အဲဒီတော့ ခင်ဗျားတို့ ဘယ်သူ့မှ ယုံလို့မဖြစ်ဘူး။ ဘာမှမပြောနဲ့၊ ခင်ဗျားတို့လုပ်စရာရှိတာသာ လုပ်ကြ'' ''လွမ်းစရာလေးပဲ ဆရာကြီး။ ကျွန်တော်တို့ ဒီဘုရား ကို ထီးတင်မယ်။ ဘုရားမှာ ထီးမရှိဘူး။ ပြီးတော့ ထုံံးသုတ်မယ်။ ပွဲလေး ဘာလေးလုပ်တာပေါ့ ဆရာကြီး'' အောင်ကြီးက စိတ်ကူးယဉ်နေသည်။
''လာပြန်ပြီ တစ်ယောက်။ မင်းတို့က စိတ်ကူးယဉ် နေ။ လုပ်စရာတွေအများကြီးရှိသေးတယ်ကွ'' ''လုပ်စရာရှိတာလည်း လုပ်တာပေါ့ ဆရာကြီးရယ်။ ပျော်စရာလည်း ရှာရတာပေါ့။ ပြီးတော့ ကုသိုလ်ရဖို့ ကြုံလာတော့ ဘုရားလည်း ထီးလေးဘာလေး တင်ရတာပေါ့''
''အေး အေး ကောင်းတယ်။ ဒီမှာ ကြည့်စမ်း စောသာအေး၊ မစ္စတာဒေးဗစ် သစ်ပင်ကြီးတွေ တွေ့ တယ် မဟုတ်လား။ အင်ကြင်းပင်တွေ ဖြစ်မှာပဲ။ ဝါးရုံ တွေလည်း ရှိတယ်။ အဲဒီတောင်ခါးပန်းမှာ ကျွန်တော်တို့ စခန်းဆောက်မယ်။ အဲဒါအတွက် ခင်ဗျားတို့ သစ်ပင် တွေ လှဲရမယ်။ ဝါးရုံတွေခုတ်ရမယ်။ အဲဒါ ပထမဆုံး စီစဉ်ပေတော့။ ပထမဆုံး လူနေဖို့အတွက် စီစဉ်ရမယ်။
ဒါ အရေးကြီးတယ် ဟုတ်လား''
လှမင်းနှင့် အောင်ကြီးတို့သည် အင်ကြင်းစေတီသို့ ဦးခိုက်နေကြသည်။ ထို့နောက် ချောင်းညာဘက်သို့ မျှော်ကြည့်ကြသည်။
''ကြည့်စမ်းပါဦးဗျာ။ ချောင်းကိုတောင် ကောင်းကောင်း မမြင်ရဘူး။ ကွမ်းသီးခြံတွေချည်းပဲ။ ဒူးရင်းပင်ဆိုတာ ဒီရောက်မှ ကောင်းကောင်းမြင်ဖူးတာ။ မင်းကွတ်ပင် ဆိုတာတော့ ပြတယ်ဗျ။ သေသေချာချာ မကြည့်ရ သေးဘူး။ ဒူးရင်းပေါ်တဲ့အချိန်ကျရင် ဒီမှာ တစ်လုံးမှ ငါးမူး သုံးမတ်ဆိုပဲ။ အဝတွယ်လိုက်ဦးမယ်ဗျာ။ ကလေး တွေလည်း တဝကျွေးလိုက်ဦးမယ်။ ရန်ကုန်မှာ မြင်ရုံ သာမြင်ရ မကြင်ရ မောင့်ကိုယ်ဖြစ်နေတာ''
''ကျွန်တော်တော့ ကွမ်းသီးခြံစိုက်မလားတောင် စိတ်ကူးမိတယ်။ ကွမ်းသီးခြံလေးစိုက်၊ ဒီမှာအေးအေး ဆေးဆေးလာနေ။ အပူအပင်မရှိပေါ့ဗျာ။ ရန်ကုန်မှာ နေရတာ တစ်နေ့မှ စိတ်မချမ်းသာဘူး။ ပိုက်ဆံရှိမှ ရန်ကုန်မှာ နေလို့ကောင်းတာဗျ။ သူများတွေ ကားစီး ကြ၊ တိုက်ဆောက်ကြ၊ ပျော်ကြပါးကြ။ ကျွန်တော်တို့ တော့ ဒီအတိုင်း ကြည့်နေရတာပဲ။ တို့အလုပ်သမား ခေတ်ရောက်ပြီဆိုတာ ဘယ်တော့ရောက်မှာလဲဗျာ'' အောင်ကြီး စကား မဆုံးမီ-
''ဟေ့ကောင်တွေ စကားများမနေနဲ့''ဟူသော ဆရာကြီးသောင်းဒန်၏အော်သံကို ကြားရသည်။ ကွမ်းသီးခြံတစ် နေရာတွင် ထမင်းချက်သူက ချက်၊ ထင်းခွေသူက ခွေ၊ ရေခပ်သူကခပ် အလုပ်များနေကြ သည်။ သောင်းဒန်နှင့် ဗိုလ်သိန်းအောင်တို့သည် ချောင်း၏ မြောက်ဘက်ကမ်းသို့ကူးကြသည်။ သောင်းဒန်က သူ့တွင်ပါလာသော မြေပုံကို ထုတ်ကာ တံတားအတွက် နေရာအကွက်အကွင်းများကို စိတ်ကူးတွင် လျာထား ကြည့်သည်။
''ဒီဘက်ကမ်းကနေပြီး စင်ရော်ကို လမ်းဖောက်ရဦး မယ်။ လမ်းမှာ ရော်ဘာခြံတွေရှိတယ်ပြောတယ်'' ''ဟုတ်တယ် ဦးသောင်းဒန်၊ စင်ရော်ကနေပြီး ၁၂ မိုင်ဝေးတဲ့ ဥသြကို သွားတဲ့ လှည်းလမ်းတစ်ခုရှိ တယ်။ ကျွန်တော် တို့ တပ်နဲ့ ကင်းလှည့်တုန်းက ဥသြကို အဲဒီလမ်းက ရောက်ဖူးတယ်။ နည်းနည်းအလှမ်းဝေး တော့ တပ်ချမထားနိုင်သေးဘူး။ အဲဒီဘက်မှာလည်း သူပုန်ရှိတာပဲ။ ဒါပေမဲ့ မဖြစ်လောက်ပါဘူးဗျာ။
ဒီတစ်ဝိုက်မှာ လေးငါးဆယ်ယောက်လောက် ရှိတာပါ။ တိုင်းကျော်ဆိုတဲ့ကောင် ဗိုလ်ကျနေတာပဲ။ နိုင်ငံရေး ခံယူချက်ဆိုလို့ ဘာမှရေရေရာရာရှိလှတာမဟုတ်ပါဘူး။
ဒီလိုပဲ ဆက်ကြေးတောင်းပြီး စားသောက်နေကြတာပဲ'' ''လမ်းနှစ်ခု ကျွန်တော်တို့ ဖောက်ရမယ် ဗိုလ်မှူး၊ တစ်လမ်းက ချောင်းရဲ့တောင်ဘက် တံတားဆောက်မယ့် နေရာကနေပြီး စင်ရော်-သောင်ဦးကားလမ်းဟောင်းကို သွားပြီးဆုံမယ့်လမ်းပေါ့။ နောက်တစ်ခုက စောစောက ကျွန်တော်ပြောတဲ့လမ်းပဲ။ စင်ရော်ဘက်ကို ဖောက်ရ မယ်။ ဒါပေမဲ့ စင်ရော်ကို မဝင်ဘူး။ စင်ရော်- စိမ့်မြိုင်လမ်းမှာ သွားပြီး ဆုံမယ်'' ''စင်ရော်ကို မဝင်ဘူး'' ''ဟုတ်တယ်၊ ဌာနချုပ်က စီစဉ်လျာထားတဲ့အတိုင်းပဲ ဗိုလ်မှူး၊ ဒါပေမဲ့ ကျွန်တော်တော့မကြိုက်လှဘူး။ စင်ရော်ကို ဝင်မှ ဖြစ်မယ်။ ဒါမှမဟုတ်ရင် စင်ရော်မြို့ ကောသွားလိမ့်မယ်။ အဲဒါ ပြောကြည့်ရဦးမှာပဲ''
ဆက်လက်ဖော်ပြပါမည်။