နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး
နေပြည်တော် သြဂုတ် ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့် အတူ သြဂုတ် ၁၇ ရက်မှ ၂၀ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံကာ ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
သြဂုတ် ၁၈ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ် (မှော်ဘီ)သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပြည်နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်(ပြည်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပြည်)သို့ ရောက်ရှိကာ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း များ၏ တင်ပြချက်များကို လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နည်းပညာ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများ၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(ပြည်) စီမံကိန်း တည်ဆောက်ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
သြဂုတ် ၁၉ ရက်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ရောက်ရှိရာ နည်းပညာ တက္ကသိုလ်(မကွေး)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)သို့ လည်းကောင်း၊ ယနေ့တွင် ကွန်ပျူတာတက္ကသိုလ် (မကွေး)၊ အစိုးရစက်မှုလက်မှု သိပ္ပံ(မကွေး)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း)သို့ လည်းကောင်း သွားရောက်၍ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၏ ကျောင်းဆိုင်ရာ အချက်အလက်များ ဆွေးနွေးတင်ပြမှုနှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ တင်ပြချက်များကို ပြည်ထောင်စု ဝန်ကြီးက တက္ကသိုလ်နှင့်ကျောင်းများ၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှု၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ တက္ကသိုလ် ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှု၊ လက်တွေ့ခန်းများတွင် လက်တွေ့ ဆောင်ရွက်နေမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ အားကစား ယှဉ်ပြိုင်နေမှုနှင့် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များတွင် နေထိုင်စားသောက်မှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ အနီးကပ်ကြီးကြပ် ထောက်ပံ့မှုဖြင့် မကျီးကန် ကျေးရွာရှိ Daily Integrated Farm လုပ်ငန်းတွင် နည်းပညာ တက္ကသိုလ်(မကွေး)မှ တာဝန်ယူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဇီဝဓာတ်ငွေ့ကန် အမှတ်(၂/၂၀၂၃)သို့ သွားရောက်ကာ လိုအပ်သော နည်းပညာများ ပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရေး မှာကြားချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။