မွန်တိုင်းရင်းသားတို့၏ အဆို အက အရေး အတီးပြိုင်ပွဲများ ကျင်းပနိုင်ရေး ဆွေးနွေး
ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မွန်တိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားရိုးရာ အကဲဖြတ်လုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၂ ရက်နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး တိုင်းရင်းသားရိုးရာ အကဲဖြတ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်လယိတမက ယခုလို ရိုးရာယဉ်ကျေးမှု ဖော်ထုတ်သည့်ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်မည့်သူများအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွားအတွက် အထောက်အကူပြု၊ မပြု စဉ်းစားဆုံးဖြတ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သင့်ကြောင်း၊ မိမိတို့ မွန်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့၊ သမိုင်းအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်ရန် အဖွဲ့ဝင်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားရိုးရာ အကဲဖြတ်လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်သံယောဇဉ်မိုးက ပြိုင်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင် အသီးသီး၏ ဆွေးနွေး အကြံပြုချက်များအပေါ် ကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး တိုင်းရင်းသားရိုးရာ အကဲဖြတ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်/မြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ မွန်ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပညာရှင်များ၊ မွန်ယဉ်ကျေးမှု အဖွဲ့များနှင့် တိုင်းရင်းသားရိုးရာ အကဲဖြတ်လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။