မြန်မာတို့၏ မဟာရာဇဝင်များ၌ မြန်မာအစ တကောင်းက ဟူ၍ပြဆိုပြီးလျှင် ရှင်တော်ဘုရားမပွင့်မီ နှစ်ပေါင်း ၃၀၀ ခန့်ကပင် သာကီဝင်မင်းမျိုးဖြစ်သော အဘိရာဇာသည် တကောင်းပြည်ကြီးကိုလာရောက် တည်ထောင် အုပ်ချုပ်ကြောင်း ဖော်ပြထားသည်။ မှန်နန်းမဟာရာဇဝင်တော်ကြီး တတိယတွဲတွင် “ကပိလဝတ်ပြည်မှ အဘိရာဇာမည်သော သကျသာကီဝင်မင်းသည် မိမိဗိုလ်ခြေအလုံးအရင်းကိုယူ၍ မဇ္ဈိမဒေသမှဖယ်ခဲ့သဖြင့် သင်္ဃဿရဋ္ဌမည်သော တကောင်းပြည်ကြီးကို တည်ထောင်စံနေတော်မူ၏။ ထိုအဘိရာဇာမင်း တည်ထောင် ရင်းဖြစ်သော တကောင်းပြည်ကို သင်္ဃဿရဋ္ဌဟူ၍လည်းကောင်း၊ သင်္ဃဿရဋ္ဌနဂိုရ်ဟူ၍ လည်းကောင်း ရေးသားရှိသည်” ဟူ၍ ဖော်ပြထားသည်။
ကမ္ဘာပေါ်ရှိ တိုးတက်သောနိုင်ငံများတွင် မိမိတို့လူမျိုး၊ မိမိတို့ကိုးကွယ်သည့်ဘာသာ၊ မိမိတို့လိုက်နာကြ သည့်ယဉ်ကျေးမှုတို့၏ ဖြစ်စဉ်သမိုင်းတို့ကို နိုင်ငံရေးသမိုင်း၊ လူမှုရေးသမိုင်း၊ စီးပွားရေးသမိုင်း၊ ဘာသာရေး သမိုင်း၊ စစ်ရေးသမိုင်း၊ ယဉ်ကျေးမှုသမိုင်း၊ အုပ်ချုပ်ရေးသမိုင်း စသည်ဖြင့် ပင်မနိုင်ငံသမိုင်း၏ အကိုင်းအခက် များအဖြစ် သီးခြားခွဲထုတ်ကာ ပြုစုထားကြသည့် စာအုပ်စာတမ်းများကို သုတေသနပြုရေးသားကြသည်။
ပြည်သူလူထုတို့သည်လည်း ဖတ်ရှုလေ့လာကြပြီး အသိဉာဏ်ဗဟုသုတကြွယ်ဝကြသည်။မြန်မာတို့မှာ သူ့ကျွန် အဖြစ်သို့ကျရောက်ခဲ့ရသဖြင့် သမိုင်းဆိုင်ရာ အချက်အလက်အမှန်များ ဖျောက်ဖျက်ခြင်း ခံလိုက်ရသည်။ မြန်မာနှင့်ပတ်သက်၍ နိုင်ငံခြားသားများ ရေးသားကြသည့် ရာဇဝင်များကိုကြည့်ပါမူ စာပေနှင့်တကွ မြန်မာလူမျိုးတို့မှာ ပုဂံခေတ်အနော်ရထာမင်းစော၏ လက်ထက်လောက်ကမှ စတင်ရောက်ရှိလာဟန် နှိမ်၍ ရေးသားထားသည်။ မြန်မာစာပေသည် ကောဇာသက္ကရာဇ် ၄၂၀ ခုနှစ်လောက်တွင် ရေးထိုးသည့် ပုဂံပြည်ရှိ လက်သည်းရှည်ဘုရားကျောက်စာမှ အစဖြစ်သယောင်ယောင်ရေးထားသည်မှာ မြန်မာတို့အား အလွန်နှိမ်ချ ရေးသားကြောင်း သိသာလှပေသည်။ အမှန်မှာ လက်သည်းရှည် ဘုရားကျောက်စာထက်စောသော ကာလ ကပင် မြန်မာစာပေတို့ ရှိနေပြီဖြစ်ကြောင်းကို ဖော်ပြလိုသည်။
အနော်ရထာမင်းစောသည် သာသနာတော်သက္ကရာဇ် ၁၆၀၁ ခုနှစ်၊ ကောဇာသက္ကရာဇ် ၄၁၉ ခုနှစ်တွင် သထုံပြည်မနူဟာမင်းကို တိုက်ခိုက်အောင်မြင်၍ ပိဋကတ်တော်အစုံကို ပုဂံပြည်သို့ပင့်ဆောင်လာကြောင်း အများသိကြပြီးဖြစ်သည်။ ထိုပိဋကတ်များကို မြန်မာဘာသာဖြင့် နိဿယပြန်ဆိုစေကြောင်း မြန်မာရာဇဝင် အရပ်ရပ်တို့၌လာရှိသဖြင့် လက်သည်းရှည်ဘုရား ကျောက်စာကို မထိုးမီတစ်နှစ်ကပင် ပိဋကတ်သုံးပုံကိုပြန် ဆိုနိုင်လောက်အောင် မြန်မာအက္ခရာများ၊ မြန်မာရေးထုံးများရှိနေပြီးဖြစ်သောကြောင့် အဆိုပါနိုင်ငံခြားသမိုင်း ဆရာတို့၏ အဆိုကို ပယ်ရှားအပ်ပေသည်။
မြန်မာလူမျိုးတို့၏ အကြောင်းကို သေချာစွာအသေးစိတ်၍ ရာဇဝင်ကြောင်းအားဖြင့်ကြည့်လျှင် ဖော်ပြခဲ့ပြီး သည့်နည်းအတိုင်း ရှင်တော်ဘုရားမပွင့်မီ နှစ်ပေါင်း ၃၀၀ ခန့်လောက်ကသာ တိုင်းပြည်နှင့် လူမျိုးရှိသည် မဟုတ်။ ထိုထက်ရှေးကျသောနှစ်ပေါင်း ၃၀၀၀ ကျော်၊ ၄၀၀၀ ကျော်ခန့်ဟု ဆိုအပ်သော ယခုခေတ်မှ ပြန်လှန်ရေတွက်သည်ရှိသော် နှစ်ပေါင်း ၆၀၀၀ ကျော် ကျောက်ခေတ်ကာလ လောက်ကပင် ထင်ရှားစွာ ရှိနေကြောင်း သိသာလှပေသည်။
မြန်မာတို့သည် လူဟူ၍ ပေါ်ပေါက်လာချိန်မှစပြီး ကမ္ဘာဦးလူမျိုးများတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့ကြောင်း မနုဿဗေဒပညာရှင်တို့က ဖော်ထုတ်နိုင်ခဲ့သည်။ ဂျဗားလူ-ပီကင်းလူအမည်များကဲ့သို့ ရှေးဦးအစမြန်မာများ ကို အညာသားများဟု အမည်ပေးခဲ့ကြသည်။ ထိုအညာသားတို့သည် စဉ်ဆက်မပြတ်မြန်မာ့မြေပေါ်တွင် နေထိုင်ခဲ့ကြသည်။ ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်းအထိရှိခဲ့ကြသည်။
ဥရောပတစ်လွှား ရေခဲခေတ်ကြီးများနှင့် ရင်ဆိုင်ရချိန်တွင် အညာသားကြီးများသည် လုံခြုံရာဂူများတွင် နေထိုင်ခဲ့ကြသည်။ ပြဒါးလင်းဂူတွေ့ရှိမှုကြောင့် အညာသားကြီးတို့၏ သမိုင်းကို ခန့်မှန်းနိုင်လာသည်။ ထို့နောက် ကြေးခေတ်၊ သံခေတ်ရောက်လာသောအခါ ရာသီဥတုသာယာလာသဖြင့် ဂူနေဘဝစွန့်လွှတ်ကာ အုပ်စုများနှင့် ဆွေမျိုးအုပ်စုအလိုက် နေလာခဲ့ကြသည်။ ထိုအချိန်သည်ကား တကောင်းခေတ်မတိုင်မီ အချိန်ပင်ဖြစ်သည်။
ထိုခေတ်သည် မြန်မာနိုင်ငံသို့ တိဗက်မြန်မာလူမျိုးသစ်တို့ ဝင်ရောက်လာချိန်လည်း ဖြစ်နိုင်သည်။ အညာသား ကြီးများနှင့်ပေါင်းကာ ကြီးကျယ်သော ပျူလူမျိုးများ ဖြစ်လာကြသည်။ အချိန်ကြာကြာ မြန်မာ့မြေပေါ်တွင် နေထိုင်ခဲ့ကြပြီး တကောင်းခေတ်ဦးကို ဖန်တီးကြခြင်းသည် သမိုင်းအမှန်ပင်ဖြစ်ကြောင်း လေ့လာသိရသမျှ ရေးသားတင်ပြလိုက်ရပေသည်။ ။