
ယမန်နေ့မှအဆက်
“ဟုတ်တယ်။ ဒါလောက်တော့ ခင်ဗျားတို့ဌာနချုပ် ပြောမနေပါနဲ့ဗျာ။ ကျွန်တော်တို့တိုင်းမှူးနဲ့ပဲ ပြီးနိုင် ပါတယ်။ ဒီဟာက သူ့နယ်မဟုတ်လား။ နယ်ဖွံ့ဖြိုးမှုဟာ သူ့တာဝန်ပဲ။ ကျွန်တော်လည်း ကြုံရင်ပြောထား လိုက်ဦးမယ်”
အောင်ကြီးသည် ချောင်းမြောက်ဘက်တွင် ကွမ်းသီးခြံရှင် လူရွယ်တစ်ယောက်နှင့် စကားပြောနေသည်။ ကွမ်းသီးခြံ အခြေအနေနှင့် ဈေးနာများ စနည်းနာနေဟန်တူသည်။ ကွမ်းသီးခြံဆိုသော်လည်း ကွမ်းသီးခြံ ထဲတွင် အုန်းပင်လည်းရှိသည်။ ဒူးရင်းပင်လည်းရှိသည်။ ဒူးရင်းခြံဟူ၍ သက်သက်မရှိ။ ဒူးရင်းသည် ဆယ့်နှစ် ရာသီ သီးနှံမဟုတ်။ နွေပေါက်မှစားရသည့် သီးနှံဖြစ်သည်။ လမ်းပန်းအဆက်အသွယ် မကောင်းသဖြင့် ထွက်သမျှ ဒူးရင်းသီးကို တစ်ပြည်လုံးသို့ အနှံ့မပို့နိုင်။ မန္တလေးလိုမြို့သို့ ဒူးရင်းသီးတစ်လုံးရောက်ဖို့ ယခု အတိုင်းဆိုလျှင် သုံး၊ လေးရက်ခန့်ကြာမည်။ မန္တလေးရောက်လျှင် ဒူးရင်းသီးများ အမှည့်လွန်ကုန်မည်။ ဧရာဝတီမြစ်ရိုးဆိုလျှင်ကား ဝေလာဝေး။ နောက်ဆုံးတွင် ဒူးရင်းသီးတို့ကိုယိုထိုးရသည်။ ယိုအဖြစ် ရောက် တော့မှ မြန်မာပြည်ရှိ မြို့နယ်အနှံ့အပြားသို့ရောက်သည်။ သို့ဖြစ်ရာ ခြံစိုက်သူတို့သည် ဒူးရင်းချည်းမစိုက်။ အုန်း၊ ကွမ်း၊ မင်းကွတ်၊ကြက်မောက်တို့နှင့် ရော၍စိုက်သည်။
“လာ လာ သွားကြမယ်။ ထမင်းဆာပြီ။ ဒီကောင် တယ်လေကောင်းနေပါလား။ ဟေ့ အောင်ကြီး လာသွားမယ်။ ဘာတွေများပြောနေတာလဲ”
“ဒီလိုပေါ့ ဆရာကြီးရယ်၊ မိတ်ဖွဲ့ရတာပေါ့။ နောက်သူတို့နဲ့အတူ နေကြရမှာမဟုတ်လားခင်ဗျ” သူတို့သည် မောမောပန်းပန်းနှင့်ထမင်းစား၍ ကောင်းကြသည်။ ငါးရံ့လုံးဟင်း၊ ချဉ်ပေါင်ရွက်ဟင်းချိုတို့နှင့်စားရသည်။
“ဒီငါး ဘယ်ဈေးလဲကွ၊ အရည်သောက်ဆိုတော့တယ်ချိုတာပဲ”
“မနက်က စင်ရော်ဈေးက ဝယ်ခဲ့တာ ဆရာကြီး။ တစ်ပိဿာ ခြောက်ကျပ်တဲ့။ ဆရာကြီးပြောတဲ့ ငါးတစ် ပိဿာတစ်ကျပ်၊ နှစ်ကျပ်ဆိုတာ အမှတ်ရပြီး ကျွန်တော်တို့တောင် ရယ်ကြသေးတယ်”
“ဟုတ်လား ကောင်းရောကွာ။ ငါ့ပြောတုန်းကတော့ အသေအချာပဲကွ။ တို့ရုံးချုပ်က အင်ဂျင်နီယာဦးစီး တစ်ယောက်ပါကွာ။ ရန်ကုန်ရောက်ရင် မင်းတို့မေးကြည့်ကြ၊ သူက ဒီအရပ်သား။ ဒါပေမဲ့ မရောက်တာ ကြာပြီနဲ့ တူပါတယ်ကွာ။ သူပြောတာ စစ်ပြီးစက ဈေးနဲ့တူပါတယ်” အားလုံး ရယ်ကြသည်။ ဗိုလ်သိန်း အောင်ပင် ထမင်းသီးသွားသည်။
“နေစမ်းပါဦး။ မင်းတို့ ရေ ဘယ်ကရသလဲ။ ငါမမှာခဲ့မိဘူး”
“ဆရာကြီး တပည့်ကျော်တွေပဲ ခင်ဗျာ။ ဘယ်ခေပါ့မလဲ၊ ဒေါ်စောရွှေမေးတာပေါ့ ခင်ဗျ။ သူ့ကွမ်းသီးခြံထဲမှာ ရေတွင်းတစ်တွင်းရှိတယ်။ အဲဒါက သောက်ရေအတွက်ပဲတဲ့။ သုံးတော့ ချောင်းရေပဲသုံးတယ်တဲ့။ အခုနေ မိုးမကျခင်တော့ ချောင်းရေက ဒီရေတက်လို့ငန်တယ်။ မိုးတွင်းမှာတော့ ချိုတယ်”
“အေးကွာ အဲဒါတော့ ငါ မေ့နေတယ်။ နောက်တို့လူသိုက်နဲ့ဆိုရင် ဒီရေတွင်းတစ်တွင်းတည်းနဲ့ မလောက်ဘူး။ အဘွားကြီးနဲ့လည်း ရောရောနှောနှောသုံးနေရမယ်။ ဒီတော့ ချိုးဖို့ ရေတွင်းတစ်တွင်း တူးရမယ်။ သောက်ဖို့ ရေတွင်းတစ်တွင်းတူးရမယ်”
သောင်းဒန်သည် ထမင်းစားရင်းပင် အရှည်သဖြင့် စားရေးသောက်ရေးအတွက် ပူပင်လာသည်။ ယခုအတိုင်း ဆိုလျှင် စားရေးသောက်ရေးမလွယ်ကူလှ။ ရန်ကုန်ဈေးနှုန်းအတိုင်းပင်ဖြစ်နေသည်။ အလုပ်သမားများ ခေါ်ခဲ့စဉ်က စင်ရော်ဒေသသည် အလွန်ပေါသည့် ဒေသဖြစ်သည်ဟုပြော၍ ခေါ်ခဲ့သည်။ ရန်ကုန်ထက် အစစ အရာရာ ပေါရမည်ဟုလည်း မျှော်လင့်ထားသည်။ သို့သော် ထင်သည့်အတိုင်း မဟုတ်မှန်း ခန့်မှန်းမိလာသည်။ လမ်းပန်းအဆက်အသွယ်ကြောင့်ပဲလား။ ဒေသမဖွံ့ဖြိုး၍ပဲလား။ များသောအားဖြင့်ကား တောင်ပိုင်းတွင် စိုက်ပျိုးရေး သမားများသည် ဒူးရင်းခြံ၊ မင်းကွတ်ခြံ၊ ကွမ်းသီးခြံ၊ ရော်ဘာခြံ၊ အုန်းခြံတို့ပင်ဖြစ်သည်။
လယ်ကောင်းကောင်းမရှိ။ စိမ့်မြိုင်ဒေသ တစ်ဝိုက်တွင်ကား လယ်ကောင်းကောင်းရှိသည်။ စခန်းကြီးသည် ဘက်လွန်လာလျှင် လယ်မတွေ့ရ။ မြေရိုင်းများ အများကြီးရှိသည်။ ဓနိတောများရှိသည်။ မီးရထား လမ်းဘေးတစ်လျှောက်တွင်မူ စခန်းကြီးသည်ဘက်၌ ဆားကျင်းများတွေ့ရသည်။ ပင်လယ်ရေငန်ကို ဆား ချက်ကြသည်။ ဆားချက်သဖြင့် ထင်းရှာရသည်။ ထင်းခုတ်သဖြင့် သစ်ပင်များ ပြုန်းတီးကုန်သည်။ တောင်က တုံးများဖြစ်ကုန်သည်။ ထို့ကြောင့် ထင်းနှင့်မချက်ဘဲ နေလှန်းဆားချက်ရန် အစိုးရက ဆော်သြနေသည်။
“စင်ရော်မှာ ကျွန်တော် တွေ့ရသလောက်ကတော့ အိမ်ကြီးအိမ်ကောင်းမှန်သရွေ့ တရုတ်၊ ကုလားချည်းပဲ ခင်ဗျ”
“ထမင်းစားနေတုန်း ဘာတွေများ စိတ်ကူးနေသလဲ ဦးသောင်းဒန်။ ဒါများ အထူးအဆန်းမှတ်လို့ဗျာ။ ဘယ်နေရာမှာ ဗမာတွေ တိုက်ကြီးအိမ်ကောင်း ဆောက်နိုင်ကြလို့လဲ။ ဦးသောင်းဒန် ဘယ်အရပ်သားလဲ။ အညာက ထင်တယ်။ ခင်ဗျားစကားပြောတာ နားထောင် ရတာ အညာလေပဲ။ ကျွန်တော် မြောင်းမြသား ဦးသောင်းဒန်။ အောက်အရပ် ချောင်းထဲမြောင်းထဲကပေါ့။ ကျွန်တော်တို့ဆီမှာလည်း တရုတ်၊ ကုလားကြီး ပွားတာပဲ။ တိုက်ကြီးအိမ်ကောင်းမှန်သရွေ့ သူတို့ချည်းပဲ။ ကျွန်တော်တို့ မြောင်းမြမှာ ကမ်းနားလမ်းဆို တာရှိတယ်။ ဦးသောင်းဒန် ရောက်ဖူးသလားတော့ မသိဘူး။ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မြို့ကလေးတွေက လှေနဲ့တက်နဲ့ ကူးသန်းသွားလာနေရတဲ့ မြို့ကလေးတွေ။ ဒီတော့ လူစည်ကားတဲ့ရပ်ကွက်ဟာ ကမ်းနား လမ်းပဲ။ ဈေးဆိုတာကလည်း ကမ်းနားလမ်းမှာ ရှိတာပဲ။ ဆိုင်ကြီးဆိုင်ကောင်းမှန်သမျှ ကုန်ရုံ၊ ပွဲရုံမှန်သမျှ ကမ်းနားလမ်းမှာချည်းပဲ။ အဲဒီ ကမ်းနားလမ်းမှာ ဘယ်သူတွေ ကြီးစိုးတယ်ထင်သလဲ။ တရုတ်၊ ကုလားပဲ ကြီးစိုးကြတာပဲ”
“ကျွန်တော်တို့ အညာမှာလည်း ဒီအတိုင်းပဲ ဗိုလ်မှူးသူတို့တစ်တွေပဲ အရောင်းအဝယ်ကိုချုပ်ကိုင်ထားတာပဲ။ ပဲ၊ ထန်းလျက်၊ ဆီ အဲဒီကုန်တွေကို သူတို့ပဲချုပ်ကိုင်ထားတာပဲ ဗိုလ်မှူး”
“ကျွန်တော်တို့ဆီက ဆန်စက်တွေကြည့်ဦးမလားဗျာ။ သူတို့ချည်းပဲ။ ဗမာပိုင်နည်းတယ်။ အခု ဟောဒီ စင်ရော်ဒေသမှာရော သူတို့ချည်းပဲ။ ခင်ဗျား စိမ့်မြိုင်မှာကြည့်ပါ။ ကမ်းနားလမ်းက တိုက်ကြီးအိမ်ကောင်းတွေ ဟာ စီးပွားရေးအကွက်အကွင်းဒေသပဲ။ အားလုံးလိုလိုတရုတ်၊ ကုလားပိုင်တွေများတယ်။ စိမ့်မြိုင်ဆိုတာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကတည်းက ကုလားတွေ လာပြီးနေကြပြီ။ အောက်မြန်မာပြည်ကို အင်္ဂလိပ် မသိမ်းခင်ကတည်းကပေါ့။ ပထမဆုံး အင်္ဂလိပ်သိမ်းတဲ့အထဲမှာ စင်ရော်ဒေသပါသွားတယ်။ မြေတွေကို စိုက်ဖို့ပျိုးဖို့ပေးတယ်။ နေဖို့ထိုင်ဖို့ ဂရန်မြေတွေ ထုတ်ပေးတယ်။ အဲဒီကတည်းက ကုလားတွေ ရောက် လာကြတယ်။ မြို့ထဲမှာ မြန်မာပိုင် တိုက်ကြီး အိမ်ကောင်းတွေ တွေ့လိမ့်မယ်။ အဲဒါက နည်းနည်းပဲ။ များသော အားဖြင့် တိုက်ကြီးအိမ်ကောင်းဆိုရင် ဆရာဝန် ဆိုင်းဘုတ်ကလေး၊ ရှေ့နေဆိုင်းဘုတ်ကလေးတွေ ချိတ်ထား တာတွေ့လိမ့်မယ်။ အဲဗမာထဲဆိုရင် ဆရာဝန်တောင်နည်းသေးတယ်။ အထက်တန်းရှေ့နေ၊ အောက်တန်း ရှေ့နေတွေလောက်ပဲရှိတယ်။ ဆရာဝန်ကတော့ နောက်ပိုင်းကျမှ အယ်အမ်ပီ ဆေးကျောင်းလေး ဘာလေး ဖွင့်ပေးလို့ ဗမာဆရာဝန်ရယ်လို့ ရှိလာတယ်။ ရှေးတုန်းကတော့ ကုလားတွေချည်းပေါ့ဗျာ။ ဒီတော့ စင်ရော် လည်း ဘာထူးလဲဗျ။ သူတို့ချည်း ကြီးပွားနေကြတာပဲ။ ဒီမှာက စက်လှေကို အားကိုးရတယ်။ ပြည်မက ကုန်ဟာ စက်လှေနဲ့ ရောက်တာများတယ်။ စက်လှေမှန်သမျှ တရုတ်ပိုင်ချည်းပဲ။ခင်ဗျား ဟိုဘက်ရောက်ရင် တွေ့ရလိမ့်မယ်။ သောင်ဦးဘက်၊ ရန်လုံဘက်မှာ မိုင်းတွေမှန်သမျှ တရုတ်၊ကုလားပိုင်ချည်းပဲ”
ဗိုလ်မှူးသည် နား၊ မျက်စိကို ဖွင့်ထားသူဖြစ်သည်။ စစ်ဗိုလ်စစ်သားဆိုသော်လည်း စစ်ရေးစစ်ရာသာမဟုတ်။ စီးပွားရေးမျက်စိ၊ လူမှုရေးမျက်စိပွင့်လင်းသူဖြစ်သည်ဟု သောင်းဒန်မှတ်ချက်ချမိသည်။
“ကျွန်တော်က အစားအသောက်ဈေးကြီးတာနဲ့ ပတ်သက်လို့ ဆက်ပြီးတွေးမိလို့ပါ။ ကျွန်တော်ခေါ်လာ တဲ့အဖွဲ့က အလုပ်သမားတွေခင်ဗျ။ အများဆုံး ရလှမှတစ်နေ့ တစ်ဆယ်စားပဲ။ အနည်းဆုံးက သုံးကျပ် ဆယ့်ငါးပြား။ တစ်ရပ်တစ်ကျေးမှာလည်း လာပြီး နေရသေးတယ်။ နောက်ဆိုရင် အိမ်ထောင်ကိုလည်း ခေါ်ကြရဦးမယ်။ ခဏတစ်ဖြုတ်နေရမှာမဟုတ်ဘူး။ အနည်းဆုံး သုံးနှစ်တော့နေကြရမှာချည်းပဲ။ အဲဒီက ဈေးနှုန်းတွေနဲ့ဆိုရင် အရှည်တွေးပြီး ရင်လေးလို့ပါ”
“ဒါတော့ ဘယ်တတ်နိုင်မလဲ ဦးသောင်းဒန်။ တစ်တိုင်းပြည်လုံးအနှံ့ ကုန်ဈေးတွေက ကြီးနေတာပဲ။ ကျွန်တော် တို့ကိုလည်း အိမ်ကမိန်းမတွေက နားတပူပူပဲ။ အေး တို့လည်းမတတ်နိုင်ဘူး။ ဒါက စီးပွားရေး ပါရဂူတွေရဲ့အလုပ်ပဲ။ တို့က စစ်တိုက်ဖို့ပဲတတ်တယ်။ မင်းတို့မလောက်လို့ တို့တိုက်ခိုက်ပေးနိုင်တာ မဟုတ်ဘူး။ ခိုးဝှက်ပေးနိုင်တာ မဟုတ်ဘူး။ တို့က စစ်တိုက်နေရတာ။ အဲဒါပဲ ပြောနိုင်တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ဗျာ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး အကူအညီပေးပါ့မယ်။ နလက ဗိုလ်ကြီးဘကြိုင်ကလည်း တတ်နိုင်သမျှ ကူညီပါလိမ့်မယ်။ ဒီလူက နည်းနည်းတော့အေးတယ်ဗျ။ ခင်ဗျားက နားပူနားဆာ လုပ်ပေးရလိမ့်မယ်”
ဆက်လက်ဖော်ပြပါမည်။