နိုင်ငံ့စီးပွားအလေးထား

နိုင်ငံ့စီးပွားအလေးထား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေးကို အလေးထားလျက်ရှိသည်။ ထို့အတူနိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာ အထောက်အကူပြုလျက်ရှိပေရာ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများပြန်လည် လည်ပတ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခင်ကစီမံခန့်ခွဲမှုအားနည်းချက်များကြောင့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ရပ်တန့်ထားခဲ့ရသည်မှာ နိုင်ငံ့စီးပွားရေးအတွက် နစ်နာချက်ဖြစ်သည်။

ပြည်ပမှသွင်းကုန်များနှင့် ပတ်သက်၍ လိုအပ်သည့်ကုန်ကြမ်းများကို နိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်အောင် ကြိုးစားလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပိုမို လုပ်ဆောင်ကြရမည်ဖြစ်သည်။ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိမည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီး အမြတ်များများရနိုင်မည့်လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ပြုပြင် ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုနည်းပါးသည့်အတွက် ပြည်ပမှ သွင်းကုန်များ နှစ်စဉ်တင်သွင်းနေရခြင်း ဖြစ်သည်။

စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ် ၂၅ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃)တွင်အမှာစကားပြောကြားရာ၌ အထူး စီးပွားရေးဇုန်များ ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူး စီးပွားရေးဇုန်တို့သည် မိမိတို့နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက် ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်သောကြောင့် စီမံကိန်းများအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ စီးပွားရေးဇုန်များမှာ ယခင်ကအကြောင်းအမျိုးမျိုးပြပြီး ထိရောက်စွာဆောင်ရွက်နိုင်မှု မရှိခဲ့သဖြင့် တိုးတက်မှုများ နည်းပါးခဲ့ရသည်။ နိုင်ငံ၏စီးပွားရေး မြှင့်တင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးဇုန်များဖြင့် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ထို့ကြောင့် စီးပွားရေးဇုန်များတိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်မှုများဆောင်ရွက်ရာတွင် Border Trade နှင့် Normal Trade နှစ်ခုလုံးကို မျှတအောင် ဆောင်ရွက်လျက်ရှိသည်။

နယ်စပ်ဒေသကုန်သွယ်မှုများ ဆောင်ရွက်ရာတွင်လည်း လမ်းကြောင်းတစ်ခုတည်းကိုအဓိကထား အသုံးပြုခြင်းထက် အခြားလမ်းကြောင်းများဖြစ်သည့် ကံပိုင်တည်၊ မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်  မြဝတီနယ်စပ်ကုန်သွယ်မှု စခန်းများကို အဆင့်မြှင့်တင်ရမည်ဖြစ်သည်။ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ကုန်ပစ္စည်းများ မြန်မြန်ဆန်ဆန်တင်ပို့နိုင်ရေးအတွက်ပို့ဆောင်မည့်ပစ္စည်းများကို နိုင်ငံအတွင်း၌ ကြိုတင်စစ်ဆေး ဆောင်ရွက်ရမည်ဖြစ်သည်။ ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် ပြည်တွင်းစားသုံးမှုကို မထိခိုက်စေရန်လည်း သတိပြုရမည်ဖြစ်သည်။

နယ်စပ်ဒေသ ကုန်သွယ်ရေးအတွက် ကားလမ်းကိုအသုံးပြုလျက်ရှိသကဲ့သို့ မီးရထားလမ်းများ ဖောက်လုပ်နိုင်ရေး အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရန် သုံးသပ်ဆောင်ရွက်နေပြီး ချင်းရွှေဟော်-လားရှိုးရထားလမ်းလည်း ဖောက်လုပ် သင့်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှမန္တလေးသို့ မီးရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမှုများပိုမိုတိုးတက်လာ မည်ဖြစ်ကြောင်း၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းသုံးနိုင်ငံ ဆက်သွယ်မှုကို အထောက်အကူပြုသည့် တမူးလမ်း ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းများကို အထက်ပါ အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့်ပြည်သူ လူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ဈေးကွက်စီးပွား ရေးစနစ်တွင် အစိုးရအနေဖြင့်ဝင်ရောက်ကိုင်တွယ်မှုကို လျှော့နိုင်သမျှလျှော့နေသော်လည်း လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအရတိုက်ခိုက်မှု၊ ပိတ်ဆို့မှုနှင့် နိုင်ငံ့စီးပွားပျက်ယွင်းအောင် ဆောင်ရွက်နေမှုများကြောင့် ဝင်ရောက်ထိန်းညှိပေးနေခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။