မောင်ရင်မောင် မမယ်မ

ယမန်နေ့မှအဆက်

ထို့ပြင်လည်း ကျွန်မတို့ ဝန်စာရေး ရေးသော ရကောက်သည် အမြီးတိုသည်၊ ကိုဘိုးရင်ရေးသော ရကောက်သည် အမြီးရှည်သည်၊ ဤလှေကား ကိုဘိုးရင်ပိုင်ဆိုင်ဖူးသောလှေဖြစ်မည်၊ ဤလှေကို မရရအောင် ဝယ်ပါ၊ ဝယ်မရမှ အခပေး၍ငှားပါဟု မစောတင်ဆိုလျှင် မကြီးမိလည်း မစောတင်မှာသည့်အတိုင်း မောင်မောင်မှတ်အား စေခိုင်းပြီးကြောင်း ပြန်ပြော၏။

မောင်မောင်မှတ်လည်း မကြီးမိစေခိုင်းသည့်အတိုင်း လှေရှင်ကို ထောက်လှမ်းမေးမြန်း လိုက်လံရှာဖွေရာ လှေရှင်ကား အခြားသူမဟုတ်၊ မောင်မြတ်သာဖြစ် ကြောင်းသိရှိလျှင်   မောင်မောင်မှတ်သည်  လှေကို ဝယ်ယူရန်   အဖိုးအခပြောဆိုပြီးသည့်နောက်   လှေကိုစီးနင်းရန်  လှေပဲ့နင်း၊  လှေထိုးသား၊  လှေဦးစီး စသည်များကို ငှားရမ်းရန်ပြောဆိုလျှင် မောင်မြတ်သာ လည်း  ကိုယ့်အိမ်တွင်ကိုယ်နေထိုင်ရသမျှမှာ  စိတ် လက်မကောင်းရှိသည်ဖြစ်သောကြောင့် မောင်မောင် မှတ်အား ဤသို့ပြော၏။ အမောင်-အမောင်တို့သည် ယခင်ပြောဆိုသည့်အတိုင်း မကွေးမြို့မှ အောက်သို့ လွန်၍မစုန်လျှင် ကျွနု်ပ်ကိုယ်တိုင်ပင် လှေသူကြီးလုပ် ၍လိုက်မည်၊  လှေဦးစီး၊  လှေထိုးသား  စသည်များမှာ ကျွနု်ပ်တာဝန်ရှိစေဟုဆိုကာလ ကောင်းလှပြီဟူ၍ ကိုရင်မှတ်ဆိုပြီးလျှင် အသပြာငွေငါးဆယ်ကို စရန်လုပ်၍ ကိုရင်မှတ်က မောင်မြတ်သာအား ပေးကမ်း၏။ နောက်တစ်နေ့၌ မောင်မြတ်သာ လှေပဲ့နင်းအဖြစ်ဖြင့် လှေပေါ်တွင် ဦးစီးဦးကိုင်ပြုလုပ်ပြီးလျှင် စုန်ဆင်းသွားရာ လမ်းခရီးတွင် တစ်ညအိပ်ပြီးနောက် မြင်းခြံသို့ရောက်လျှင် ဤရွာတွင် ဆိုက်စမ်းပါ၊ ကျွန်မအိပ်မက်မြင်သောရွာသည် ဤရွာနှင့် လွန်စွာသဏ္ဌာန်တူပါသည်၊ ဤရွာတွင် ကိုဘိုးရင်ကို တွေ့မြင်လာလိမ့်မည်ဟု ကျွန်မ လွန်စွာထင်ပါသည်၊ ဤရွာတွင် လှေဆိုက်ပါဟုဆို၏။

ဤကဲ့သို့ မစောတင်ပြောဆိုသောကြောင့် မြင်းခြံမြို့တွင် လှေဆိုက်ပြီးသည့်နောက် မြင်းခြံမြို့အရှေ့ ဘက်တွင်ရှိသော တလုတ်မြို့သို့ရောက်လျှင် မစော တင်သည် မိမိအိပ်မက်အတိုင်း ဘုန်းကြီးကျောင်းကို လိုက်လံရှာဖွေ၏။ ဤသို့လိုက်လံရှာဖွေရာ မစောတင် နှင့်အတူ  မောင်မောင်မှတ်၊  မကြီးမိတို့ လိုက်ပါ၏။ သည်ကဲ့သို့လိုက်ပါရာတွင်  မစောတင်ကဆိုသည်မှာ အဒေါ်-ကျွန်မအိပ်မက်သောကျောင်းကား ဤကျောင်း ပင်ဖြစ်သည်၊   ကျွန်မအိပ်မက်သည့်အကြောင်းကို အဒေါ်၊  ဦးလေးတို့အား  ကျွန်မပြောပြထားသည်၊ ကျွန်မအိပ်မက်သောကျောင်းကား မုချ ဤကျောင်း ဖြစ်သည်၊ ဤအပင်ကား စံကားစိမ်းပင်ဖြစ်သည်၊ ကျွန်မအိပ်မက်ထဲတွင် ပန်းတစ်ပွင့်ကိုခူး၍ ကိုဘိုးရင် ကျွန်မဦးခေါင်းတွင် ပန်ပေးသည်မှာ ဤအပင်ကပင် ဖြစ်သည် ဟုဆိုပြီးလျှင် မစောတင်သည် စံကားစိမ်းပင်မှ ပန်းတစ်ပွင့်ကို ဆွတ်ယူပြီးလျှင် မကြီးမိအားပေးပြီးမှ မစောတင်ဆိုသည်မှာ ကျွန်မအိပ်မက်ထဲတွင် ကိုဘိုး ရင်နှင့် နှစ်ကိုယ်တည်း တွေ့ဆုံကြရာ ကိုဘိုးရင်ခမျာ ယခုတင် ကျွန်မ ပန်းပင်ပေါ်သို့တက်သကဲ့သို့ ကိုဘိုးရင်ကိုယ်တိုင်တက်ပြီးလျှင်  ပန်းတစ်ပွင့်ကို ဆွတ်ခူးပြီးနောက် ယခု မကြီးမိဦးခေါင်းတွင်  ကျွန်မပန်ပေးသည့်နည်းတူ ကျွန်မဆံထုံးတွင် ကိုဘိုးရင်ကိုယ်တိုင် ပန်ပေးရှာသည်။ ဤအကြောင်းအရာများကို ကျွန်မသေမှမေ့မည်ဟု ပြောဆိုလျှင် မကြီးမိကဆိုသည်မှာ အိပ်မက်ဆိုသည့်အရာသည် မှန်လည်းမှန်တတ်သည်၊ မှားလည်းမှားတတ်သည်၊ ငါ့တူမမှာ အိပ်မက်သည့်အကြောင်းနှင့်   လိုက်၍လာသော်   မှားလျှင်လည်း မှားတတ်သည်၊ မှန်လျှင်လည်း မှန်တတ်သည်၊ ယခုမှာ ငါ့တူမအိပ်မက်အတိုင်း မှန်သည့်လက္ခဏာနှင့်တူသည်၊ ငါ့တူမပေးသောကြောင့် ပန်းတစ်ပွင့်ကို ရပေပြီ၊ ဤပန်းတစ်ပွင့်ကို ရရုံမျှနှင့် ငါ့တူမအိပ်မက် မှန်သည်မဆိုသာသေး။

ဤသို့ မကြီးမိဆိုလျှင် မစောတင်ပြန်ပြောသည်မှာ  ကိုရင်မှတ် ဘုန်းကြီးနှင့်စကားပြောရအောင် ဤကျောင်းပေါ်သို့ ခေတ္တမျှတက်သွားပါဟု ဆိုပြီးနောက် ဘုန်းကြီးကိုကပ်လှူရန်   လှူဖွယ်ဝတ္ထုများပါပါ၏ လော ဟုမေးရာ မကြီးမိက ဘုန်းကြီးကိုကပ်လှူရန် လှူဖွယ်ဝတ္ထုမှာ အဒေါ်၌ပါသည်၊ ငါ့တူမ မပူနှင့်၊ ဤဘုန်းကြီးနှင့် ငါ့တူမ စကားပြောလိုသည်ဆိုသော် လှူဖွယ်ဝတ္ထုကို   ဦးစွာလှူဒါန်းရန် ကိုရင်မှတ်အား စေခိုင်းမည်၊ ငါ့တူမ အဒေါ်နှင့်အတူ နောက်ကလိုက် ၍သွားမည်ဟုဆိုလျှင် မောင်မောင်မှတ်က လှူဖွယ်ဝတ္ထုများကိုယူငင်၍ ရှေ့ကသွားသဖြင့် မစောတင်နှင့် မကြီးမိလည်း နောက်က ထက်ကြပ်လိုက်၍သွား၏။

အခန်း(၃၂)

ကျောင်းပေါ်သို့ရောက်၍ သုံးဦးသားတို့ ဝတ်ချမိ  လျှင် ဘုန်းကြီးကမေးသည်မှာ ဒကာ၊ ဒကာမတို့- မည်သည့်အရပ်က   လာကြသနည်း၊  ဤအခါ မောင်မောင်မှတ်က လျှောက်သည်မှာတပည့်တော်တို့မှာ ရွှေဘို တပယင်းအရပ်က လာကြပါသည်၊

ဆက်လက်ဖော်ပြပါမည်။