အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

အေးဗျာ၊ အဆင်ပြေအောင် မနည်းစီစဉ်ရမှာပဲ။ အရေးကြီးတာ ဒီကောင်တွေ စိတ်ဓာတ်မကျဖို့ပဲ ဗိုလ်မှူး။ ဒီကောင်တွေက ကျွမ်းကျင်တဲ့အလုပ်သမားတွေ။ သူတို့ပြန်သွားရင် အစားထိုးဖို့ မလွယ်လှဘူး။ သုံးကျပ်ဆယ့်ငါးပြားက ဘယ်နေရာမှာဖြစ်ဖြစ် ရနိုင်တယ်။ စက်ပြင် စက်မောင်းက စင်ရော်မှာလည်း မရနိုင်ဘူး။ စိမ့်မြိုင်မှာလည်း မရနိုင်ဘူး

အလုပ်သမားများကား နေရာသစ်၊ အတွေ့အကြုံသစ်တို့ကြောင့် တစ်မျိုးတစ်ဖုံ အသစ်အဆန်းဖြစ်ကာ အာရုံများနေကြသည်။ သည်လို တစ်ကြိမ်တစ်ခါမျှ စုစုဝေးဝေး သွားလာစားသောက်ရသည့် အတွေ့အကြုံလည်းမရှိခဲ့။ ဇာတိမှ ရေကြည်ရာ မြက်နုရာ ရန်ကုန်သို့ရောက်လာကြသည်။ ရရာအလုပ်ကို လုပ်ကြရသည်။

အခွင့်အလမ်းသင့်သည့်အခါ သာမန်အလုပ်သမားအဖြစ်မှ ကျွမ်းကျင်သောအလုပ်သမားဘဝသို့ ရောက်ကြရသည်။ ခေတ်အမျိုးမျိုးလည်း ပြောင်းခဲ့ပြီ။ အစိုးရအမျိုးမျိုးလည်း ပြောင်းခဲ့ပြီ။ သူတို့လည်း တိုက်တာအိမ်ခြေအမျိုးမျိုး ဆောက်လုပ်ခဲ့ကြသည်။ တံတားအမျိုးမျိုး ဆောက်လုပ်ခဲ့ကြသည်။ လမ်းအမျိုးမျိုး ဖောက်ခဲ့ကြသည်။ မြို့သစ်များပင် တည်ခဲ့သည်။ သူတို့တည်သောမြို့သစ်တွင် သူတို့ပင် နေထိုင်ခဲ့ကြရသည်။သို့သော် ဘဝအခြေအနေမတိုးတက်သေး။ တို့အလုပ်သမားခေတ်ရောက်ပြီးဆိုငြားလည်း ပြောင်ပြောင်လက်လက်မရှိသေး။ ချောင်ချောင်လည်လည်မရှိသေး။

သူတို့ဘဝကို သောင်းဒန်ကိုယ်ချင်းစာမိသည်။ ယခုလည်း သူ့ကိုခင်၍ လိုက်ပါလာကြသူများဖြစ်သည်။

သူတို့၏အနေအထိုင်သက်သာချောင်ချိရန် စီစဉ်ပေးရမည်။ အစားအသောက်ချောင်လည်ရန် စီစဉ်ပေးရမည်။ သောင်းဒန်တွင် တံတားဆောက်လုပ်ရေး၌လည်း တာဝန်ရှိသည်။ ထို့အတူ သူတို့၏နေရေး ထိုင်ရေး အဆင်ပြေဖို့ အတွက်လည်း တာဝန်ရှိသည်။ ယင်းအတွက် သောင်းဒန် များစွာရင်လေးမိလေသည်။

ကဲ ဗိုလ်မှူး ပြန်မယ် မဟုတ်လား။ ကျွန်တော်လည်း စင်ရော်ကိုလိုက်ခဲ့ဦးမယ်။ စက်လှေတွေနဲ့ စက်ပစ္စည်းတွေရောက်လိမ့်မယ်။ ပြီးတော့ ဗိုလ်ကြီးဘကြိုင်နဲ့ဆွေးနွေးစရာလေးတွေလည်းရှိသေးတယ်။

ပစ္စည်းတောင်းဖို့ပါပဲ

သွားမယ်လေ၊ ကျွန်တော့်ရဲဘော်ရှစ်ယောက်ထားခဲ့မယ်နော်။ သူတို့မှာလည်း ရိက္ခာအပြည့်အစုံမပါသေးဘူး။ သူတို့ကိုတော့ နှစ်ရက်၊ သုံးရက်လောက် ကျွေးလိုက်ပါ။ ပြီးမှ စင်ရော်ကတပ်နဲ့သူတို့ ရိက္ခာအတွက် ကျွန်တော်စီစဉ်ပေးမယ်

စိတ်ချပါ ဗိုလ်မှူး၊ ကျွန်တော်တို့ စားရသမျှတော့ဗိုလ်မှူးရဲဘော်တွေ မငတ်စေရပါဘူး

သူတို့က လူလည်တွေပါဗျာ။ ရှာကြံလည်း စားတတ်ပါတယ်။ တောင်းရမ်းလည်း စားတတ်ပါတယ်။ ပစ်ခတ်လည်း စားတတ်တယ်။ ချောင်းတွေ့ရင်၊ အိုင်တွေ့ရင်မိုင်းခွဲပြီးတော့လည်း ငါးရှာတတ်တယ်

နေဦး ဗိုလ်မှူး၊ ကျွန်တော့်အဖွဲ့ကို မှာခဲ့ဦးမယ် သောင်းဒန်သည် တစ်နေရာတွင် စကားဝိုင်းဖွဲ့နေသောလှမင်း၊ စောသာအေး၊ အောင်ကြီး၊ ဒေးဗစ်တို့ရှိရာသို့လာခဲ့သည်။ ဗိုလ်သိန်းအောင်ကလည်း သူ့ရဲဘော်များရှိရာသို့ သွားသည်။

လှမင်း၊ မင်းတို့ လူစုံပဲနော်။ ဗစ်တာတို့ ခင်မောင်စိန်တို့လည်း မမြင်ပါလား။ ခေါ်လိုက်ကြ။ ကိုသန်းမောင်ပါ ခေါ်လိုက်

အားလုံး စတုတ္ထတန်း အင်ဂျင်နီယာများဖြစ်ကြသည်။ ကိုသန်းမောင်မှာ ဖိုမင်ဖြစ်သည်။ ဥပဓိရုပ်ကောင်းသည်။ အသောက်အစားကင်းသည်။ ဥက္ကလာပမြို့သစ်ဆောက်ကတည်းက သောင်းဒန်တို့နှင့်အတူတွဲ၍လုပ်ခဲ့သည်။ ကလေးခြောက်ယောက်အဖေဖြစ်သည်။ သောင်းဒန်ကို သံယောဇဉ်ကြီးသဖြင့် စင်ရော်သို့လိုက်လာခဲ့ခြင်း ဖြစ်သည်။ အားလုံးလူကြီးများဖြစ်ကြသည်။ အလုပ်အားဖြင့်လည်း ကြီးသည်။ အသက်အားဖြင့်ကား မစ္စတာဒေးဗစ် တစ်ယောက်ကလွဲလျှင် အားလုံးသုံးဆယ်ကျော်ဖြစ်ကြသည်။

ခင်ဗျားတို့ လူကြီးတွေနော်။ အစစ အရာရာထိန်းသိမ်းအုပ်ချုပ်နိုင်ကြရမယ်။ မရရင် ကျွန်တော့်ကိုပြော။

ဒါ ရန်ကုန်မဟုတ်ဘူး။ ကိုယ်မကျွမ်းကျင်တဲ့ဒေသ၊ ရွာနီးပတ်လည်မှာ သူပုန်သူကန်တွေချည်းပဲ။ ဘယ်မှမသွားစေနဲ့။ ခင်ဗျားတို့က အုပ်ချုပ်ရမယ်။ ကျွန်တော်ဒီနေ့ည စင်ရော်မှာ အိပ်မယ်။ ဟိုမှာ နလကဥက္ကဋ္ဌနဲ့ ခင်ဗျားတို့ စားရေးသောက်ရေးအတွက် စီစဉ်ရမယ်။

သွားရေးလာရေးအတွက် စီစဉ်ရမယ်။ ရန်ကုန်က စက်တွေစက်လှေနဲ့ ရောက်မယ်။ အဲဒါတွေ ဒီကိုသယ်ဖို့စီစဉ်ရမယ်။ ဒီတော့ နက်ဖြန်မနက်ကျမှ ပြန်လာမယ်။

ဒီည အိပ်ဖို့ကတော့ ဖြစ်သလိုပဲ။။ တောင်ကုန်းတောင်စောင်းမှာ သစ်ပင်တွေအောက် ရှင်းလင်းပြီးဖြစ်သလို အိပ်ကြ။ နက်ဖြန် သန်ဘက်ဆိုရင် ဝါးတွေသစ်တွေရမှာပဲ။ ကျွန်တော်တို့နေဖို့တဲတွေထိုးမယ်။ ဟုတ်လား။ ကဲ ဘာမေးစရာရှိသလဲ၊ ဘာမှာချင်ကြသလဲ

လက်သမားချစ်စိန်တစ်ယောက် ဗိုက်နာနေတယ် ဆရာကြီး။ ခေါင်းလည်း နည်းနည်းကိုက်တယ်ပြောတယ်။ သူ့ဖို့ ဆေးလေးဘာလေးရရင် ဝယ်ခဲ့ပါဆရာကြီး။

အခုတော့ ကျွန်တော်တို့မှာ ဘာမှမပါဘူး

ကျွန်တော့်ဆီမှာ ဆာလဖာပါတယ်။ တေဇောဘမ်းလည်းပါတယ်။ ယူထားလိုက်။ ခုမှ အမှတ်ရတယ်။

ဆေးပစ္စည်းတွေလည်း ရသလောက်ဝယ်ခဲ့ရဦးမယ်။

ကျွန်တော် သွားမယ်၊ အားလုံးစိတ်ချပါရစေနော်

ရန်ကုန်ဆိုရင်    ဘယ်ဘက်လောက်မှာရှိမလဲ ဦးလှမင်း

ဖိုမင် သန်းမောင်သည် မယ်ဒလင်လေးကိုကိုင်ကာတောင်ကုန်းထက်သို့တက်လာသည်။

အချိန်ကား ညနေစောင်းနေဝင်ချိန်ဖြစ်သည်။

သူတို့အားလုံး ထမင်းစားပြီးကြပြီ။ ထမင်းစားပြီး ကိုယ့်အစုနှင့်ကိုယ် ဝိုင်းဖွဲ့၍ စကားပြောနေကြသည်။

နောက်ဖေးနောက်ဖီသွားရန်  အပြင်သို့ထွက်သူကလွဲ၍ ဝေးဝေးလံလံသွားခွင့်မပြု။ ပါလာသည့်လူပေါင်းရှစ်ဆယ့် သုံးယောက်ကို တန်းစီကာ အုပ်စုဖွဲ့ပေးထားသည်။ အုပ်စုခေါင်းဆောင်တို့က   ကိုယ့်အစုမှလူကို ထိန်းသိမ်းရသည်။

တွေ့လား၊ ဟိုမှာနေဝင်နေတယ်မဟုတ်လား

နေလုံးနီနီကြီးသည် တောင်တန်းကြီးထိပ်၌တင်နေသည်။ တောင်ကြီးပေါ်တွင် ဘောလုံးနီကြီးတင်ထားသလိုဖြစ်နေသည်။  လိမ့်သွားတော့လေမလားဟုပင်ထင်ရသည်။ သို့သော်လည်း တအိအိအောက်သို့ငုပ်ဆင်းနေသည်။ ကြည့်ရင်း ကြည့်ရင်းပင် အောက်နှုတ်ခမ်းသည် ဝိုင်းစက်မနေတော့။ တောင်ကြောက နေလုံးနီကြီးကို အနားသတ်ပေးထားသည်။ အနောက်တစ်ခွင်လုံးနီရဲနေသည်။

အဲဒါ အနောက်ဘက်၊ အဲဒီတောင်တန်းကြီးရဲ့ ဟိုဘက်မှာ ပင်လယ်ရှိတယ်။ ကျွန်တော်တို့ရောက်နေတာက ရန်ကုန်ရဲ့အရှေ့တောင် ယွန်းယွန်းဆိုတော့ဟောဟိုနေရာလောက်ဆီမှာ ရန်ကုန်ရှိမှာပေါ့

သန်းမောင်သည် ဝါးရုံပင်အောက်၌ထိုင်ကာ လှမင်းညွှန်ပြသည့် ရန်ကုန်ရှိရာဘက်သို့ မျက်နှာမူလိုက်သည်။

အကြာကြီးစကားမပြောဘဲ အနောက်မြောက်ယွန်းယွန်းဆီသို့ စိုက်ကြည့်နေသည်။ လှမင်းသည် သန်းမောင်ကိုအနှောင့်အယှက်မပေးလိုတော့ဘဲ မစ္စတာဒေးဗစ်ရှိရာအင်ကြင်းပင်အောက်သို့ ထွက်သွားသည်။ ဒေးဗစ်နှင့်

တွေ့လျှင် သန်းမောင်ကို မေးထိုး၍ပြသည်။ ဒေးဗစ်က ပြုံးသည်။ ထို့နောက်  လှမင်းကို  လက်ကာပြသည်။

လှမင်းကလည်း ပြုံးကာ  ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကွမ်းတစ်ပျစ်ထွေးကာ သစ်တုံးတစ်ခုကို ခေါင်းအုံး၍ ပက်လက်လှန်လျက် မိုးယံထက်သို့ကြည့်နေလေသည်။ မိုးယံထက်တွင်ကား ကြယ်မလက်သေး။

ပြာနှမ်းရာမှ မှိုင်းညို့သည့်အရောင်သို့ ပြောင်းနေသော မိုးကောင်းကင်ကြီး တစ်ပြင်လုံးကို လှမင်းကြည့်နေသည်။

သန်းမောင်ရှိရာမှ မယ်ဒလင်သံလေးတဒေါင်ဒေါင်ကြားရသည်။ လာတော့မယ်၊ လွမ်းသံဆွေးသံတွေ ကြားရတော့မယ်။ လှမင်းသည် မယ်ဒလင်သံကိုမကြားအောင်အာရုံကိုဖျောက်သည်။ တောင်ကိုကြည့်သည်။ တောကိုကြည့်သည်။ မိုးကိုကြည့်သည်။ သို့သော် သူ့အာရုံကား မပျံ့လွင့်။ မယ်ဒလင်သံဆီသို့သာ ရောက်နေသည်။

ထို့ကြောင့် နားတစ်ဖက်ကို လက်တစ်ဖက်ဖြင့် တံတောင်ကွေးပိတ်ကာ တစ်ဖက်သို့စောင်းပြီး ကျန်နားတစ်ဖက်ကို သစ်တုံးနှင့်အပ်လိုက်သည်။ လှမင်းစိတ်မခိုင်။ လွမ်းချင် ဆွေးချင်လာသည်။ ပတ်ဝန်းကျင်တောတောင်ရေမြေက သူ့စိတ်ကို မျက်ရည်ကျအောင် ကလိနေသည်။

သန်းမောင်သည် ရန်ကုန်ရှိရာ အရပ်တူရူသို့ မျက်နှာမူလျက် တွေတွေကြီးကြည့်နေရာမှ စိတ်လှုပ်ရှားလာကာ လက်က မယ်ဒလင်ကို ကလိနေသည်။

ဘယ်တော ဘယ်မြိုင် မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း နေ့တိုင်းလွမ်းရှင့်၊ သန်းမောင်၏ ခေါင်းထဲသို့ အလွမ်းတေးသည် အလိုလို

ရောက်လာသည်။ အဆွေးဓာတ်ခံရှိသူဆီသို့ အလွမ်းတေးရောက်လာသည်မှာ မဆန်း။

အို ဘယ့်နှယ့် ဖော်မပါ သွားရှာရော့ဝေးမြေတာ သန်းမောင်သည် မဲဇာရောက် လက်ဝဲသုန္ဒရအမတ်ကို မြင်လာသည်။ ပန်းဝါဘက်တွင် ကုလားဖြူတပ်ကို နှိမ်နင်းနေသော မြဝတီမင်းကြီးကို မြင်လာသည်။

သူ့မယ်ဒလင်သံသည် တိုးရာမှ  ကျယ်လာသည်။

လက်ချောင်းတို့သည် အသံထွက်သည့်ကြိုးများကို ကလိသည်။ ကြိုးများကို တို့ကစားသည်။ ကြိုးခြောက်ချောင်း ပေါ်ဖြတ်ကာ လက်ချောင်းများ   တို့ကနန်းဆိတ်ကနန်းလုပ်ရင်း ပြေးလွှားကြသည်။

အောင်ကြီးသည် ခင်မောင်စိန်နှင့်စကားလက်ဆုံ ကျနေရာမှ မယ်ဒလင်သံကိုကြားရသဖြင့် ခေါင်းမော့ကြည့်သည်။ ခင်မောင်စိန်လည်း လှုပ်ရှားလာသည်။

ပြောလက်စစကားကိုဖြတ်ကာ ခေါင်းမော့ရာမှ နားစွင့်ပြန်သည်။ ခင်မောင်စိန်သည် မြူးလာသည်။ ကြွလာသည်။

သူကား လူပျိုဖြစ်သည်။ ဂျီတီအိုင်ကျောင်းဆင်းသည်မှာ မကြာသေး။ ကျောင်းဆင်းလျှင်ဆင်းချင်း စင်ရော်တံတား ဆောက်လုပ်ရေးအဖွဲ့နှင့် လိုက်လာခြင်းဖြစ်သည်။

သူ့တွင် ခင်တွယ်ရမည့်သံယောဇဉ်တစ်မျှင် ရှိနေသည်။ ယင်းမှာငယ်ရည်းစားဟု ခေါ်နိုင်မည့် စောခင်ဖြစ်သည်။ စောခင်ကား သူနှင့်တစ်ဇာတိတည်းဖြစ်သော သံပရာအိုင်သူဖြစ်သည်။ ရုပ်ချောသည်။ စကားပြောချက်ချာသည်။ သူနေခဲ့သည့်သံပရာအိုင်အလယ်တန်းကျောင်းအုပ်ကြီး    ဦးစော၏သမီးထွေးဖြစ်သည်။

စောခင်နှင့်ခင်မောင်စိန်တို့မှာ သမီးရည်းစားဟု မဆိုနိုင်သေး။ သို့သော် လူကြီးချင်းပြောဆို ရည်မှန်းထားကြပြီးဖြစ်သည်။ ခင်မောင်စိန် ကျောင်းဆင်းလျှင် စေ့စပ်ကြောင်းလမ်းကာ လက်ထပ်ရန် စိတ်ကူးထားကြသည်။

           ဆက်လက်ဖော်ပြပါမည်။

ကျော်အောင်