မောင်ရင်မောင်  မမယ်မ

မောင်ရင်မောင်  မမယ်မ

ယမန်နေ့မှအဆက်

    သည်ကဲ့သို့ ဘုန်းကြီးအမိန့်ရှိသည်များကို နာယူကြပြီးနောက်  သုံးဦးစလုံးသည် ယခင်ဆိုခဲ့သော ထမ်းပိုးကိုယူဆောင်၍  လှေဆိပ်သို့ပြန်ခဲ့ကြ၏။ ထိုနေ့ပင်လျှင် လမ်းခရီးတွင် စားသောက်ရန်လိုဖွယ်ရာများကို ရတတ်သရွေ့ဝယ်ခြမ်းပြီးနောက် နံနက်မိုးသောက်လျှင် မကွေးသို့ ရှေးရှုစုန်ဆင်းရာ လမ်းတွင် နှစ်ညမျှ အိပ်ပြီးကာလ မကွေးမြို့သို့ ကောင်းမွန်စွာ ဆိုက်ရောက်၏။ မကွေးမြို့တွင် သုံးရက်ခန့်မျှ ဆိုင်းငံ့၍ သတင်းမေးမြန်းရာ မည်သို့မျှ သတင်းမရရှိ။

ထိုအခါ မစောတင်သည် မောင်မှတ်၊ မကြီးမိတို့ နှင့်တိုင်ပင်ပြီးကာလ လှေသူကြီး မောင်မြတ်သာကို မကွေးမြို့တွင်    စားရေရိက္ခာ အလုံအလောက်နှင့် စောင့်ဆိုင်းစေရန် မှာထားပြီးနောက် ယခင် တလုတ်မြို့ ဘုန်းကြီး  ဦးဝိစာရမှာထားသည့်အတိုင်း တောင်တွင်းမြို့သို့သွားရောက်၊   ကုန်သည်အယောင်ဖြင့် ဦးလူငယ်ဆိုသူ ပွဲစားတစ်ဦးအိမ်တွင် တည်းခိုပြီးလျှင် သတင်းမေးလျက် စောင့်ဆိုင်းကာနေ၏။

အခန်း(၃၃)

မစောတင်၊ မောင်မှတ်၊ မကြီးမိတို့သည် ယခင်တစ်ခန်း၌ ပြဆိုခဲ့သည့်အတိုင်း တောင်တွင်းမြို့ ပွဲစား ဦးလူငယ်အိမ်တွင်တည်းခိုလျက်နေကြပြီးလျှင် မျက်လှည့်ဆရာတစ်ယောက်လာ၊ မလာကို နှံ့ပျံ့အောင် သတင်းမေးရာ မျက်လှည့်ဆရာဆို၍ မည်သူတစ်စုံတစ်ယောက်မျှ      မလာမရောက်သေးကြောင်း သိရှိသဖြင့်  တလုတ်မြို့  ဘုန်းတော်ကြီး  မှာလိုက် သည့်အတိုင်း တောင်တွင်းမြို့ကပင် စောင့်ဆိုင်းလျက်နေကြ၏။

သည်ကဲ့သို့  စောင့်ဆိုင်းနေသည့်အတွင်း မစောတင်မှာ ယောကျ်ားကလေးအဝတ်ကို ဝတ်ဆင်ထားပြီးလျှင် ကိုရင်မောင်အတွက်ကြောင့် စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်း ပွားများလျက်ရှိနေရာ  နူရာဝဲစွဲ လဲရာတွင် တလိုင်းထောင်းဆိုဘိသကဲ့သို့ မစောတင်၌ ပူပင်သောကပွားများရန်  အကြောင်းပေါ်လာသည့်အရာ အမြောက်အမြားပင်ဖြစ်၏။

မစောတင်တို့တည်းခိုသော   အိမ်ရှင်  ဦးလူငယ် မယားမအိမ်ငြိမ်းတို့၌ မကြီးမြင့်ခေါ် အသက် ၁၆ နှစ် ကျော် ၁၇ နှစ်အရွယ် သမီးပျိုတစ်ယောက်သည် ရှိသဖြင့်     လွန်စွာချစ်ခင်စုံမက်ကြ၏။   သည်ကဲ့သို့ ချစ်ခင်စုံမက်သဖြင့်လည်း     မိဘနှစ်ပါးတို့သည်   သမီးငယ်ကို သူတစ်ပါးသားသမီးကဲ့သို့ မခိုင်းမစေ၊ အိမ်တွင် ဖြီးလိမ်း ဝတ်စားလျက်သာနေစေ၏။

မစောတင်မှာ ကိုယ်လုံးကိုယ်ပေါက်မှစ၍ ချောမောသူဖြစ်ရကား  ယောကျ်ားကလေးအဝတ်နှင့် ဝတ်ဆင်၍နေရသည့်အခါ၌  အလွန်သဖြင့် တင့်တယ်သောကြောင့် အများသောသူတို့သည် လမ်းခရီးသွားရာတွင် မစောတင်ကိုမြင်လျှင် ရပ်တန့်၍ ကြည့်ရှုကြ၏။

သို့ဖြစ်သောကြောင့် မကြီးမြင့်သည် မိမိအိမ်တွင် ယောကျ်ားကလေးအဝတ်ကို ဝတ်ဆင်လျက် လာရောက် တည်းခိုနေသူ    မစောတင်ကိုမြင်လျှင်  အကယ်ယောကျ်ားပင်   ထင်မှတ်သဖြင့် မြင်သည့်နေ့ကမှစ၍ တစ်နေ့တခြား ချစ်ခင်မေတ္တာ သက်ဝင်သည့်အရာ၌ မကြီးမြင့်ကို အပြစ်မဆိုသာ။

အထက်ဆိုခဲ့သည့်အတိုင်း ပွဲစားအိမ်တွင် ဆယ်ရက်ခန့်    တည်းခိုပြီးသည့်နောက်    တစ်နေ့သ၌ မစောတင်သည် မကြီးမိနှင့် နှစ်ယောက်ချင်းဆုံမိလျှင် ဤသို့တီးတိုးတိုင်ပင်ကြ၏။     “မကြီးမိ-ဤအိမ်၌ ရှိသော ပွဲစားသမီးမိန်းမငယ်သည် ကျွန်မကို အကယ် ယောကျ်ားကလေး   ထင်မှတ်သောကြောင့်  များစွာ မေတ္တာသက်ဝင်ပြီးလျှင် အထူးသဖြင့် လိုက်လျောလျက် ရှိပါသည်၊ ကျွန်မကား မိန်းမချင်းကို လွန်စွာ ကိုယ်ချင်းစာနာပါသည်၊  အစားတစ်လုတ်ရလျှင်   ကိုယ်တိုင်မစားဘဲ ကျွန်မကိုသာ လာ၍ကျွေးတော့သည်၊ နောင်ကြာမြင့်မှ  ကျွန်မ မိန်းမဖြစ်ကြောင်းကို  သူသိမည်ဆိုသော် သူ လွန်စွာရှက်ရှာလိမ့်မည်၊ သို့ဖြစ်၍ ကျွန်မကား အမှုမလွန်မီ စောစောက ဖော်ပြလိုက်လိုပါပြီ၊ မကြီးမိ    မည်သို့သဘောရပါသနည်း”   မေးလျှင် မကြီးမိက ပြန်ပြောသည်မှာ “ငါ့တူမ မမိုက်နှင့်၊ ငါ့တူမ မမိုက်ပါနှင့်၊ ယခုအနေ ဖော်ပြောမည်ဆိုသော် အကျိုးယုတ်ရန်ရှိသည်၊    အဒေါ်အမှတ်မဲ့နေသည်မဟုတ်၊ ထိုမိန်းကလေး၏ အမူအရာကို    မိန်းမချင်းဖြစ်၍ အဒေါ်အစပထမကပင် ရိပ်မိသဖြင့် အရိပ်အဆင်ကို ကြည့်ရှုစောင့်ရှောက်လျက် နေသည်၊ အစပထမ ငါ့တူမ ယောကျ်ားအဝတ်ကို မဝတ်ခဲ့ပါလျှင် သင့်၏။

ဆက်လက်ဖော်ပြပါမည်။