မောင်ရင်မောင် မမယ်မ

မောင်ရင်မောင် မမယ်မ

ယမန်နေ့မှအဆက်

ယခုမှာ  ယောက်ျားအယောင်ဆောင်၍ လာမှဖြင့် ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုဘိသကဲ့သို့ အစက အဆုံးတိုင်အောင်ယောက်ျားကလေးနှင့်တူအောင်နေ၊ ထိုသူငယ်မနှင့်စပ်လျဉ်းသမျှ ယောက်ျားကလေး    နှင့်တူအောင် ကျင့်ဆောင်ပါဟုဆိုလျှင် မစောတင်ကလည်း  အဒေါ်ပြောသော စကားသည် ပြောရန်ကား လွယ်ကူပါ၏၊

ပြုရန်ကား လွန်စွာခက်ခဲလှပါသည်။ မကြီးမြင့်သည် ပူးပူးကပ်ကပ်နေထိုင်လိုသည့် လက္ခဏာရှိပါသည်၊ ရုတ်တရက် ပူးကပ်၍ ကျွန်မကိုယ်ကို ကိုင်တွယ်ထိမိလျှင် မုချမိန်းမဖြစ်ကြောင်း သိရှိလိမ့်မည်ဟုဆိုလျှင် မကြီးမိက တုံ့ပြန်ပြောဆိုသည်မှာ ငါ့တူမ- ဤအကြောင်းကြောင့် စိတ်မပူနှင့်၊ အဒေါ် လှမ်းလှမ်းကနေ၍ စောင့်ရှောက်မည်၊ ယခုအခါ     ထုတ်ဖော်၍ပြောမည်ဆိုသော် အနည်းနည်းအားဖြင့် အကျိုးယုတ်လျော့ရန် ရှိသည့်အပြင် မိန်းမငယ်လည်း လွန်စွာရှက်လိမ့်မည်၊ ရှက်ပြန်လျှင်လည်း အချစ်ကြီးက   အမျက်ကြီးသည် ဟူသည့် စကားအတိုင်း   သူအမျက်ထားက   ငါတို့အကြံအစည်မအောင်ရှိလိမ့်မည်ဟု ဆိုရာတွင်မှ  မစောတင်လည်း   ယောက်ျားကလေး အသွင်ဆောင်၍ နေရှာပြန်၏။

ထိုနေ့ပင်လျှင် မကြီးမိသည် ကိုရင်မောင့်သတင်းကို မေးမြန်းနားထောင်ရန် အပါးသို့သွားသောကြောင့် မစောတင်ကျန်ရစ်သဖြင့် ထိုင်လျက်နေရာ မကြီးမြင့်သည် အပါးသို့လာရောက်ပြီးလျှင် လက်ဖက်စားပါဆိုပြီးမှ လက်ဖက်တည်လာ၏။ မစောတင်လည်း စားဟန်ပြုပြီးကာလ မကြီးမြင့်စိတ်မှကျေစေတော့ဟု  သဘောထားပြီးလျှင် လက်ဖက်ကောင်းကြောင်းကို ချီးမွမ်း၏။   ထိုအခါ   မကြီးမြင့်ကဆိုသည်မှာ ကိုဘိုးစော - ကျွန်မတို့အိမ်၌ လက်ဖက်သာလျှင် ကောင်းသည်မဟုတ်ပါ။ လူပါကောင်းပါသည်။ ကျွန်မတို့အဖေ မိဘမှစ၍ကျွန်မပါ သဘောထားကြီးပါသည်ဆိုလျှင်မစောတင်ကလည်း ဟုတ်ပါပေသည်ဟု လိုက်လျော၍ ပြောရရှာ၏။

ထို့နောက် မကြီးမြင့် ဆက်လက်ပြောပြန်သည်မှာ ကျွန်မဆိုသည်မှာ အသက်ပင်ငယ်သော်လည်း အလွန်သဘောထားကြီးပါသည်။ စိတ်လည်း မဆိုးတတ်ပါ။ ကိုဘိုးစောက မည်သို့ပင်ပြောစေ၊ မည်သို့ဆိုစေ၊ မည်သို့ပင်ပြုစေ ကျွန်မ စိတ်မဆိုးတတ်ပါဟုဆိုလျှင် မစောတင်လည်း သူငယ်မကားအသက်အရွယ် နုနယ်သဖြင့် ရူးတုန်းမိုက်တုန်းအရွယ်ဖြစ်သောကြောင့် ကြိုက်မရှက်၊ ငိုက်မရှက်ဟူသော စကားအလိုက် ပြောရှာတော့သည်ဟု အောက်မေ့လျက် သင့်ရာတုံ့ပြန်၍  ပြောလိုက်၏။   ထို့နောက် မကြီးမြင့်သည် မစောတင်လက်တွင်ဝတ်ဆင်ထားသော မြလက်စွပ်ကို ချီးမွမ်းလျက်လက်စွပ်ကို  စေ့စပ်စွာကြည့်ရှုတော့မည့်ဟန်ဖြင့် မစောတင်လက်ကို ကောက်ယူလိုက်ရာ  မစောတင်သည်  မိမိလက်ကအစပြု၍ မိမိကိုယ်ကာယကို ကိုင်တွယ်မိလျှင် မိန်းမဖြစ်ကြောင်း သိမည်ဆိုးသောကြောင့်   လွန်စွာထိတ်လန့်ခြင်းဖြစ်၏။ သို့ဖြစ်သောကြောင့်    မောင်မှတ်အား လက်ဖက်မြည်းလှည့်ပါဦးဟု လှမ်း၍ခေါ်လိုက်၏။ မကြီးမြင့်လည်း မောင်မှတ်လာမှ မစောတင်လက်ကို လွှတ်လိုက်၏။

ထိုနေ့ညနေ မကြီးမိပြန်လာ၍ သတင်းစကားအကြောင်း မေးမြန်းပြီးနောက် မစောတင်သည် ဤသို့ဆို၏။ မကြီးမိ - ကျွန်မတို့ကား အိမ်ပြောင်းမှသင့်မည်၊ ဤအိမ်တွင်နေရက ကြာလျှင်ပေါ်လိမ့်မည် ဆိုပြီးလျှင် အကြောင်းအမျိုးမျိုး ပြန်ပြောင်း၍ပြော၏။ မကြီးမိကလည်း ငါ့တူမ - အစစအရာရာ စဉ်းစားဆင်ခြင်ပါ၊ အိမ်ပြောင်းမည်ဆိုသော် အိမ်ရှာရန်ခက်သည့်အပြင် ဤအိမ်ရှင်အပေါ်၌ အပြစ်တစ်စုံတစ်ခုပြနိုင်မှ  အိမ်ပြောင်းခွင့်သင့်သည်။

ယခုမှာ ငါတို့၌ ထမင်းပွဲရှေ့ရောက် စားသောက်၍ ချမ်းသာစွာနေရသည်။ ရှေ့သို့သုံးရက်တန်သည်၊    လေးရက်တန်သည် အောင့်အည်း၍နေပါ၊ ငါ့တူမ စိုးရိမ်လျှင် မကြီးမြင့်နှင့် ခပ်ရှောင်ရှောင်နေပါဆို၏။

ရှောင်နေပါဆိုသော်လည်း မေတ္တာမပျက်အောင်   ဆက်လက်စကားကမ်းလှမ်း၍ ပြောပါ}}ဆိုရာတွင်မှ    မစောတင်လည်း တိတ်ဆိတ်စွာနေ၏။

ဆက်လက်ဖော်ပြပါမည်။