ယမန်နေ့မှအဆက်
ထိုနေ့ကကို နှစ်ရက်ခန့်ကြာရှိလျှင် မျက်လှည့်ဆရာနှင့်တူသော သူတစ်ယောက် ရောက်လာသည် ကြားသောကြောင့် မကြီးမိနှင့်တကွ မောင်မှတ်ပါ သတင်းနားထောင်ရန်ထွက်သွားကြရာ မစောတင် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သဖြင့် ထိုနေ့၌လည်း မောင်ရင်မောင့်မျက်နှာကို အထူးမြင်သောကြောင့်
အိမ်ခလောက်ဆွဲက မတ်တတ်ရပ်၍ လမ်းသို့မျှော် လျက်နေသည့်အတွင်း မကြီးမြင့်သည် ရုတ်တရက် လာရောက်၍ ကိုယ်စောင်းတိုက်၏။ မစောတင်လည်း မိမိရုပ်ဇာတိပေါ်မည်စိုးသဖြင့် ထိတ်လန့်ခြင်းဖြစ် သော်လည်း မကြီးမြင့်က စိတ်ဆိုးပါသလားဟုမေးရာ မဆိုးကြောင်းပြန်ပြောလျှင် မကြီးမြင့်ကပြော သည်မှာ ကိုဘိုးစောကား ကျွန်မကဲ့သို့ပင် သဘောထား ကြီးပါပေသည်။ ကျွန်မတို့မိဘများသည် ကျွန်မအား လင်ယောကျ်ားပေးစားလိုသည်၊ သဘောထားကြီး ကြီးထားတတ်သူများအနက် ကျွန်မကြိုက်သောသူများ တွေ့လျှင် ပြောသာပြောဟုမှာထားပါသည်၊ မည်ကဲ့သို့ သောသူကို ကျွန်မယူရမည်ကို ကျွန်မအား ကိုဘိုးစော က ဉာဏ်ပေးစမ်းပါဟု စကားတောင်းရာ မစောတင်လည်း ရှေသို့တိုးလျှင် ထမ်းပိုး၊ နောက်သို့ဆုတ်လျှင် လှည်းထုပ်ဟူသောစကားပုံကို သတိရလျက် မည်သို့ ပြန်၍ချေဆိုရမည်ကို စဉ်းစားနေသည့်အတွင်း နောင်- နောင်-နောင်-နောင် ဟူ၍ မျက်လှည့်ဆရာတို့ တီးမြဲဖြစ်သော မောင်းတီးသံကိုကြားလျှင် ဝမ်းမြောက်သော စိတ်အားကြီးလှသဖြင့် နှလုံးကို လေခတ်ဝှေ့သော ကြောင့် မူးမော်၍သွားရာ အားခဲ၍ထားသောကြောင့် သာလျှင် မလဲကျဘဲရှိ၏။
မကြီးမြင့်လည်း ဤအရာကိုမြင်လျှင် ကိုဘိုးစော မျက်လှည့်မောင်းသံကိုကြားကာမျှဖြင့် မည်သည့် အကြောင်းကြောင့် ဤမျှလောက်တုန်လှုပ်ခြင်းဖြစ်ပြီး လျှင် မျက်နှာများပျက်ရပါသနည်းဟု မေး၏။ မစောတင်ကလည်း မျက်လှည့်ဆိုသည်မှာ ကျွနု်ပ်ငယ်ရွယ်စဉ်ကပင် လွန်စွာဝါသနာကြီးသဖြင့် မျက် လှည့်ဟုဆိုလျှင် အလွန်ကြည့်ရှုလိုသောဆန္ဒရှိသည်၊ ယခုလည်း မောင်းသံကိုကြားလျှင်တစ်ခါဖြင့် မျက် လှည့်ကြည့်ရတော့မည်ဟု ဝမ်းသာအားရရှိသော ကြောင့် တုန်လှုပ်ခြင်းဖြစ်ပါသည်}} ဟု ပြန်ပြော၏။ မကြီးမြင့်ကလည်း မျက်လှည့်မောင်းသံကြားကာမျှဖြင့် လဲကျမတတ် ဝမ်းသာအားရရှိသည်ဆိုသည်မှာ တစ်ခါ မျှမကြားဖူးပါဆို၏။ ထိုအခါ မစောတင်ကပြော သည်မှာ ကျွနု်ပ်မှာ သူတစ်ပါးနှင့်မတူ ငယ်ရွယ်စဉ်က သူငယ်နာရှိသောကြောင့် ရုတ်တရက် အကြီးအကျယ် ဝမ်းသာအားရရှိလျှင် ယခုကဲ့သို့ပင် ဖြစ်တတ်ပါသည်၊ ယခုမျက်လှည့်ပွဲကို ကျွနု်ပ်အလွန်ကြည့်လိုပါသည်၊ ဤမောင်းသည် မည်သည့်နေရာက တီးပါသလဲဟု မေးလျှင် မကြီးမြင့်ကလည်း အရှေ့ညောင်ပင်ကြီး အောက်၌တီးသည်၊ ကျွန်မ လမ်းပြမည်၊ လိုက်ခဲ့ပါ ဟုဆိုသဖြင့် မစောတင်လည်း လိုက်၍သွား၏။
ပွဲစားအိမ်မှ အရှေ့ဘက်သို့ အတန်ငယ်မျှသွားမိလျှင် လမ်းလေးခွ၌ရှိသော ညောင်ပင်ကြီးကိုမြင် ရ၏။ ထိုညောင်ပင်ကြီးအောက်၌ ကလေး၊ လူကြီး တို့သည် စုရုံး၍ မျက်လှည့်ပြသည်ကို ကြည့်ရှုလျက် နေကြ၏။ မစောတင်လည်း မျက်လှည့်ဝိုင်းသို့ရောက် သဖြင့် ကိုရင်မောင်ကို မြင်ချင်သည့်ဇောနှင့် ကြည့်ရှု လိုက်ရာ မျက်လှည့်ဆရာ၏ မည်းနက်သောအသား အရေ၊ သူတပ်သောနှုတ်ခမ်းမွေးကိုမြင်လျှင် ကိုရင် မောင်မဟုတ်ဟု ရုတ်တရက်အားဖြင့် ထင်မှတ်သဖြင့်များစွာ စိတ်ပျက်သွား၏။ သည်ကဲ့သို့ စိတ်ပျက်လက် ပျက်သွားသည့်အတွင်း အသံကိုတစ်ဖန်ကြားမှ နှုတ် ခမ်းမွေးကို စေ့စေ့ကြည့်ရှုရာ ထည့်တပ်ထားသော နှုတ်ခမ်းမွေးဖြစ်ကြောင်း၊ မျက်လုံး၊ မျက်ဆန်လည်း ကိုရင်မောင့်မျက်လုံး၊ မျက်ဆန်ဖြစ်၍ ကိုရင်မောင်ပင် ဖြစ်ကြောင်းကို တပ်အပ်သိရလျှင် ပြေး၍ဖက်မည်ဟု မစောတင်စိတ်၌ တစ်တန်ကြံ၏။ ထို့နောက် မျက်လှည့် ပွဲကို သိမ်းရုပ်ပြီးလျှင် မိမိတည်းခိုသည့်အိမ်သို့လည်း ခေါ်သွားမည်ကြံစည်မိ၏။ ဤသို့လျှင် အနည်းနည်း အဖုံဖုံကြံစည်ပြီးသည့်နောက်ဆုံးမှ မျက်လှည့်ပွဲပြီး သည့်တိုင်အောင် စောင့်ဆိုင်းပြီးလျှင် ငါ ကိုဘိုးရင်နှင့် စကားပြောမည်ဟု အားခဲစောင့်ဆိုင်းလျက်နေ၏။
ဆက်လက်ဖော်ပြပါမည်။