မောင်ရင်မောင် မမယ်မ

ယမန်နေ့မှအဆက်

သည်ကဲ့သို့ စောင့်ဆိုင်းနေသည့်အတွင်း ကိုရင်မောင် မျက်လှည့်ပြသည်ကိုကား ဂရုမပြု၊ ကိုရင်မောင်၌ အသားအရေပိန်ချုံးလျက်ရှိနေခြင်းသည် မကျန်းမမာ၍လည်းတစ်ကြောင်း၊   ပင်ပန်း၍လည်းတစ်ကြောင်း  ဖြစ်သည့်အရာများကို စဉ်းစားမိသဖြင့် မျက်ရည်ပေါက်ပေါက်ကျလျှင် အပါး၌ရှိသူ မကြီးမြင့်က လက်ဖြင့်ကုတ်၍ အဘယ်ကြောင့် မျက်ရည်ကျသနည်းဟု မေးမှ ကိုယ့်မျက်ရည်ကို သတိရ၍ သိမ်းရှာနိုင်၏။

ထို့နောက် များမကြာမီ တစ်ဖက်ကကြည့်ရှုနေသော သူငယ်တစ်ယောက်သည် ကိုရင်မောင်ကို ကဲ့ရဲ့လှောင် ပြောင်ပြုလုပ်လျှင် မစောတင်သည် အမျက်ဒေါသပွား များလှသဖြင့် မခံမရပ်နိုင်သောကြောင့် လှောင်ပြောင်သူ  သူငယ်ကိုရိုက်နှက်၏။ သည်ကဲ့သို့ ရိုက်နှက်ခံရသော သူငယ်ကလည်း ခုခံ၍ သတ်မည်အပြုတွင် မကြီးမြင့်နှင့်တကွ ပွဲစားအိမ်တွင် ခိုင်းစေသူတို့ ဝန်းဝိုင်းလာ ကြမှ မစောတင်မှာ ဒဏ်ရာမရ၊ ရန်ငြိမ်း၏။ သည်ကဲ့သို့ ရန်ငြိမ်းပြီးသည့်နောက် ကိုရင်မောင်နှင့်တွေ့ဆုံသဖြင့် တစ်ဦးကိုတစ်ဦး သိရှိကြသည့်အကြောင်းမှာ အခန်း (၃၁) တွင် ပြဆိုခဲ့ပြီးဖြစ်သည်။

အခန်း(၃၄)

ယခင်ပြဆိုခဲ့သည့်အတိုင်း     ကိုရင်မောင်သည် မောင်ဘိုးစောခေါ် သူငယ်သည် မစောတင်ပင်ဖြစ် ကြောင်းသိရကာလ အတန်ငယ်မျှ စကားမပြောနိုင်ရှိ နေပြီးနောက် ဤသို့ မေး၏။ မစောတင် ရွှေဘိုမြို့ နှင့် တောင်တွင်းမြို့ ဆိုသည်မှာ နီးသောခရီးမဟုတ်၊ အဘယ်ကြောင့် ဤမျှလောက် ဒုက္ခဆင်းရဲခံ၍ လိုက် လာပါသနည်း၊ ကျွနု်ပ် ဤအရပ်သို့ သွားသည်ဟု မည်သူညွှန်ပြပါသနည်းဟု မေး၏။

မစောတင်ကလည်း ကိုဘိုးရင်သည် တစ်လနှင့် ပြန်ခဲ့မည်ပြောဆို၍သွားရာ တစ်လနှင့်လည်းမလာ၊ နှစ်လကြာ၍လည်း မရောက်လျှင် ကျွန်မစဉ်းစားမိ သည်မှာ ကိုဘိုးရင်သည် ကျွန်မကို လိမ်လည်မည့်သူ မဟုတ်၊    ပြန်မလာသည့်အရာမှာ   နာမကျန်း၍လည်းဖြစ်မည်၊ သို့တည်းမဟုတ် ထူးခြားသော ကိစ္စအကြီးအကျယ်လည်း   ရှိမည်၊   နာမကျန်း၍ရှိလျှင် ပြုစုရစေတော့၊ ကိစ္စကြီးငယ်ရှိလျှင်လည်း ကူပံ့ရစေတော့ဟု   အကြံပြုပြီးလျှင်   တောင်ဖီလာ ကျောင်းသို့ သတင်းမေးရန်သွားရာ ဆရာတော့်ခမည်း တော် ကပ္ပိယဦးဖြူတုတ် ညွှန်ကြားလိုက်သောကြောင့် လိုက်၍ လာခဲ့ပါသည်ဟု ပြန်ပြော၏။

ကိုရင်မောင်က   ယခု မည်သူနှင့်အတူလာပါသနည်းဟု မေးမြန်းရာ မစောတင်ကလည်း စစ်ကိုင်းမြို့၌ အမိနှင့်အတူ အိမ်တစ်အိမ်တွင် တည်းခိုနေ သည့်အတွင်း အမိမသိအောင် မကြီးမိ၊ မောင်မှတ် တို့နှင့်အတူ တိတ်တဆိတ်ထွက်၍လာခဲ့ကြောင်းနှင့် ပြန်၍ပြောလျှင်   ကိုရင်မောင်ကဆိုသည်မှာ  အမိဝန်ကတော်သည် သမီးကလေးတစ်ယောက်ကို အသက်လောက်ချစ်သည်၊ ယခုမစောတင်သည် အမိကိုမပြော ဘဲ တိတ်တဆိတ် ထွက်ခွာလာလျှင် ပူပင်သောက အလွန်ကျရောက်ပြီး ဒေါင်းတောက်အောင် ရှာဖွေ လိမ့်မည်၊ မစောတင် ကျွနု်ပ်အပြစ်မဆိုလိုပါ၊ သို့သော်  အမိကိုစွန့်၍ ကျွနု်ပ်နောက်သို့ လိုက်ခဲ့သည့်အရာမှာ လွန်စွာရက်စက်ရာ ရောက်သည်၊ မစောတင်အတွက်ကြောင့် အမိဝန်ကတော်မှာ ယခုအခါ မစားနိုင်၊ မအိပ် နိုင်၊ မနေနိုင်၊ မထိုင်နိုင်အောင် ဒုက္ခဆင်းရဲရောက်၍ နေရှာလိမ့်မည်၊ စေ့စေ့စဉ်းစားဆင်ခြင်လိုက်သော် သူတစ်ပါးကို အပြစ်တင်ဖွယ်ရာ မရှိ၊ ကျွနု်ပ်ဗွေဆိုး ဗွေကြမ်း၍ ဖြစ်ရသည်၊ ကျွန်ုပ်နှင့် မေတ္တာသက်ဝင် ဆက်ဆံပေါင်းသင်းသူ မှန်သမျှမှာ ဒုက္ခဆင်းရဲတွေ့ကြုံ  ရသည်သာလျှင် ဖြစ်တော့သည် ဤသို့ ကိုရင်မောင်ပြောလျှင် မစောတင်က ကိုဘိုးရင်-ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနှင့်၊ တရားလက်လွတ်ရာ  ရောက်ပါသည်၊  မည်သူမဆို  ကိုယ့်ကုသိုလ်ကံအကြောင်းအလျောက် ကိုယ်ဖြစ်ပျက်ကြရပါသည်ဟု ပြန်ပြောလျှင် ကိုရင်မောင်ကဆိုသည်မှာ ငါ့နှမပြောသောစကားလည်း  မှန်ပါ၏။  သို့သော် ကျွနု်ပ်သည် လူလိမ်လူကောက်သက်သက်ဖြစ်သည်။ မစောတင်နှင့်တကွ အဘဝန်မင်း၊ အမိဝန်ကတော်တို့ကို ကျွနု်ပ်လိမ်လည်လှည့်ဖြားခဲ့သည်၊ ကျွနု်ပ်သည် သူယုတ်မာစင်စစ်ဖြစ်သည်ဟု ဆိုသည်။

ထိုအခါ  မစောတင်က  ကိုယ့်အသက်ဘေးကို ကြောက်ရွံ့ခြင်းကြောင့် မမှန်သောစကားကိုဆိုသည့် အရာမှာ အပြစ်မဆိုထိုက်ပါ၊ သံသရာမှာလည်း အပြစ် ရှိမည်မထင်ပါဆိုလျှင် ကိုရင်မောင်က အသက်ဘေးကို ကြောက်ရွံ့ခြင်းကြောင့် မမှန်သောစကားကို ကျွနု်ပ်ဆိုရသည့်အကြောင်းကို   မစောတင်အား   မည်သူ ပြောပါသနည်းဟု မေး၏။

မစောတင်ကလည်း ဤအကြောင်းကို ဦးဖြူတုတ် အရိပ်အမြွက်မျှပြောသောကြောင့် ကျွန်မအနည်းငယ်မျှ သိရပါသည်ဟု ပြန်ပြော၏။

ဆက်လက်ဖော်ပြပါမည်။