မောင်ရင်မောင် မမယ်မ
ယမန်နေ့မှအဆက်
ထိုအခါ ကိုရင်မောင်က “ကျွန်ုပ်သည် အသက်ဘေးကို ကြောက်ရွံ့ခြင်း ကြောင့် လိမ်လည်လှည့်ဖြား၍ ပြောဆိုရသည်မှာ မရေမတွက်နိုင်အောင် ကြိမ်ဖန်များလှလေပြီ၊ သည်ကဲ့သို့ လိမ်လည်ရသည့် အကြိမ်ကြိမ်များ၌ ငါ့နှမ မစောတင်ကို လိမ်လည်ရသည့်အရာကို ကျွန်ုပ်အဖို့ အသည်းနာဆုံး ဖြစ်တော့သည်၊ ကျွန်ုပ်မှာ ရေတွင်းထဲသို့ ကျတော့မည့်လူနှင့်အလားတူရာ မစောတင်နှင့်ကျွန်ုပ် သင့်နေမည်ဆိုသော် ကိုယ့်အသက်ကို ကိုယ်တိုင်ရန်ရှာရန်ရောက်မည့်ပြင် မစောတင်ကို ရေတွင်းထဲသို့ ဆွဲ၍ချသည်နှင့်တူမည်ဖြစ်သောကြောင့် ကျွန်ုပ်ရှောင်၍ ထွက်ခဲ့သည်” ဟု ပြော၏။
မစောတင်ကလည်း “ကိုဘိုးရင်နှင့် အတူနေရပါလျှင် မည်သည့်ဆင်းရဲ ခြင်းကိုမဆို ကျွန်မ ခံနိုင်ပါသည်” ဟုပြော၏။ ကိုရင်မောင်ကလည်း “မစောတင်နားမလည်၍သာ ဤစကားကိုပြောသည်၊ အကယ်စင်စစ် ဆိုသော် နှမနှင့် လင်မယားအဖြစ် ပေါင်းသင်းမည်ဆိုသော် အတူနေရ တော့မည်မဟုတ်၊ ကျွန်ုပ်ကို အဝမြို့က လာရောက်ဖမ်းဆီးပေးလျှင် အသေလျှင်လည်း သတ်လိမ့်မည်၊ သို့တည်းမဟုတ် ထောင်တွင်း လျှင်လည်း ချုပ်နှောင်ထားလိမ့်မည်၊ ထိုအခါ နှမ မစောတင်မှာ ဒုက္ခဆင်းရဲ တွေ့ကြုံရန်သာလျှင် အကြောင်းရှိသည်” ဟုဆိုလျှင် မစောတင်က
“အစ်ကို ယခုကဲ့သို့ တစ်ရွာမှတစ်ရွာ သွားလေရာသို့ ကျွန်မလိုက်၍နေလို ပါသည်၊ အစ်ကို အောက်မြို့ ကျေးရွာ ကုလားမင်းနိုင်ငံသို့ သွားလျှင်လည်း ဆင်းရဲအတူ၊ ချမ်းသာလျှင်အတူ သဘောထား၍ လိုက်လို ပါသည်” ဟုဆို၏။
ကိုရင်မောင်ကလည်း “ငါ့နှမမှာ အမိမွေးစဉ်အခါကစ၍ ပင်ပန်းကြီးစွာ သွားလာလုပ်ကိုင်ခဲ့ဖူးသူမဟုတ်၊ ယခု ကျွန်ုပ်နှင့်တွေ့ဆုံမှ ဒုက္ခဆင်းရဲ တွေ့ဆုံရမည်ဆိုသော် ကျွန်ုပ်မကြည့်ရက်နိုင်၊ သို့သော်လည်း ကျွန်ုပ်၏ အဖြစ်အပျက် ရှေးဖြစ်နှောင်းဖြစ်များကို နှမအား အမှန်အတိုင်းပြောပြ ဦးမည်၊ အကုန်အစင် ပြောပြ၍ သိရပြီးသည့်နောက်မှ မည်သို့တော် မည်ကို စဉ်းစားပါ” ဟု ဆိုပြီးလျှင် ကိုရင်မောင်က ဤသို့ပြော၏။
“ကျွန်ုပ် အကယ်စင်စစ် အမှန်ကိုပြောရမည်ဆိုသော် ဦးဘိုးအို၊ မဖားဥတို့၏ သားရင်းမဟုတ်၊ သူတို့ မွေးစားသော ကိတ္တိမသားမျှဖြစ်သည်၊ ကိတ္တိမ သားပင်ဖြစ်သော်လည်း သားအရင်းအချာရှိလျှင် ကျွန်ုပ်ကို ချစ်သည် ထက် တိုး၍ချစ်နိုင်မည်မဟုတ်၊ ဦးဘိုးအိုသည် လှေသူကြီးအလုပ်ကို လုပ်ကိုင်လျက် အဝမြို့မှ အောက်မြို့ကျေးရွာသို့သွားရောက်၊ ဟင်္သာတမြို့တွင် ကိုယ်၌ပါလာသော ကုန်စည်များကို ရောင်းချပြီးစီး လျှင် အညာ သို့ဆန်တက်လာရာ မကွေးမြို့အောက်စွယ်၊ မြင်ကွန်းမြို့သို့ရောက်လျှင် မကွေးမြို့ အရှေ့ဘက်၌ရှိသော ပုပ္ပားတောင်တွင် ပုန်းလျှိုခိုအောင်း လျက်ရှိသော မင်းသားတစ်ပါးသည် ကျွန်ုပ် အဘ ဦးဘိုးအိုထံ စာတစ် စောင် လာရောက်ပေးကမ်းသည်၊ ကျွန်ုပ်သည် ဤစာ၏အဓိပ္ပာယ်ကို မသိ၊ လှေ၌ပါသော ကုန်စည်များကို ရောင်းရအောင်ကြံစည်ပြီးလျှင် ရွာထဲသို့ သွားရောက် ပြောဆိုနေသည့် အတွင်း ကျွန်ုပ်တို့လှေ၌ဦးစီးသော မောင်မြတ်သာဆိုသူသည် ကျွန်ုပ်၏အဘ ဦးဘိုးအိုနှင့်မင်းသား နှစ်ဦး နှစ်၀ ပြောဆိုသမျှသောစကားများကို မောင်မြတ်သာကြားသဖြင့် မျိုသိပ် ၍ထား၏”
“ထို့နောက် ကျွန်ုပ်အဘ ဦးဘိုးအိုသည် ထိုမြင်ကွန်းမြို့တွင်ပင် ကာလ ဝမ်းရောဂါကပ်ရောက်ရာ သေခါနီးဆဲဆဲတွင် ယခင်ဆိုခဲ့သောစာကို ကျွန်ုပ်အား အပ်နှံခဲ့သည့်အရာကိုလည်း မောင်မြတ်သာ မြင်လိုက်သည်၊ ထို့နောက် အဖအလောင်းကို သဂြုႋဟ်ပြီး အဝမြို့သို့ပြန်လျှင် ကျွန်ုပ်၏အမိ မဖားဥက မိမိမေးမြန်း ပြောဆိုထားသောမိန်းမနှင့် တောင်းရမ်း ယူငင်၍ အဝမြို့သို့ အတည်တကျနေရမည်၊ အတင်းအကျပ် ခိုင်းစေလျှင် မိဘတို့စကား သားသမီးမှာ တည်ရာသည်ဟူသည့်အတိုင်း တောင်းရမ်း ပြောဆိုမည်ပြုရာ မောင်မြတ်သာသည် ကျွန်ုပ်တောင်းရမ်းမည့်မိန်းမကို သူမေတ္တာသက်ဝင်လျှင် ကျွန်ုပ်ကို သေကြောင်းကြံသည်၊ ကျွန်ုပ်လက် တွင် အဘဦးဘိုးအိုပေးခဲ့သော စာပါကြောင်းကို အမရပူရမြို့ မင်းကြီး တစ်ပါးထံ သွားရောက်ကုန်းချောရာ မင်္ဂလာဆောင်သည့်အတွင်း ကျွန်ုပ် ကို လာရောက်ဖမ်းဆီးပြီးလျှင် ထောင်တွင်းချုပ်နှောင်ထားသည်၊ ထို့နောက် မောင်မြတ်သာသည် ထိုမိန်းမ နှင့်ပင် လက်ထပ်ထိမ်းမြားလေသည်”
ကိုရင်မောင်သည် မိမိရှေးဖြစ်နှောင်းဖြစ်ကို မစောတင်အား ပြန်ပြောင်း ၍ပြောပြရာ ဤမျှလောက် အရောက်တွင် လူနှစ်ယောက်ရောက်လာပြီး “မျက်လှည့်ဆရာ ခေတ္တကြွခဲ့ပါ” ဟု ခေါ်လာ၏။
မစောတင်လည်း “မည်သည့်ကိစ္စနည်း” ဟုမေး၏။
တစ်ယောက်သောသူကလည်း “အညာမှရောက်လာသော လူတစ်ယောက်သည် ကျွန်ုပ်တို့အိမ်တွင် တည်းခိုနေရာ ကာလဝမ်းရောဂါကပ် ရောက်ပြီးလျှင် ကိုရင်မောင်ကို ခေါ်ပေးပါ၊ မျက်လှည့်ဆရာကို ခေါ်ပေး ပါဟု အတန်တန် ညည်းညူနေပါသည်” ဟုဆို၏။
ဆက်လက်ဖော်ပြပါမည်။