အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

ခင်မောင်စိန်ကို သံပရာအိုင်နှင့်နီးသည့်  ဘားအံလို ကရင်မြို့တော်တွင် အလုပ်လုပ်ရစေချင်ကြသည်။

သို့မဟုတ် စိမ့်မြိုင်တွင် ရစေချင်သည်။ ခင်မောင်စိန်တွင် အကပ်အရပ်မရှိ။ ပို့ရာသွားရမည့်သူဖြစ်သည်။

ရန်ကုန်တွင်အနေကြာသည့်အခါ   ခင်တွယ်ရမည့် သံယောဇဉ်ကြိုးတစ်မျှင်သည် သေး၍သေး၍ သွားသည်။ စောခင်ကို ခင်မောင်စိန်သတိမရချင်တော့။

သို့ဖြစ်ရာ ရောက်လေရာဘဝတွင် ပျော်ပျော်နေရေးသာ စိတ်ကူးသည်။ ထို့ကြောင့်ပင် ဤအဖွဲ့နှင့်သူ လိုက်လာခဲ့ခြင်း ဖြစ်သည်။    နောက်တစ်ကြောင်းလည်း ရှိသေးသည်။  သူသည်  စိမ့်မြိုင်အထက်နားမှ သံပရာအိုင်ဇာတိ ဖြစ်သည်။   ဤဒေသသည် သူနှင့်သူစိမ်းတစ်ရံဆံမဟုတ်။ အတန်အသင့်ရင်းနှီးပြီးသားဖြစ်သည်။

အောင်ကြီးနှင့်ခင်မောင်စိန်တို့ နှစ်ယောက်မတိုင်ပင်ရဘဲနှင့် ထိုင်ရာမှထလာကာ သန်းမောင်အနားသို့ ရောက်သွားကြသည်။ သန်းမောင်သည် တစ်ကိုယ်တည်း အလွမ်းစိတ်ကိုဖြေနေရာမှ သူ့ဘေး၌ ပရိသတ်ဝိုင်းလာ သည့်အခါ ဖြေဖျော်သူဖြစ်လာသည်။

ထိုအခါတွင်မှ  လှမင်းလည်း  ခွေအိပ်နေရာမှ ခေါင်းထောင်ထကာ သန်းမောင်တို့ရှိရာသို့ ကြည့်မိသည်။ သန်းမောင်၏ တေးသံသည် အလွမ်းတေးမဟုတ်တော့ပြီ။ ပျော်စရာ၊ ရွှင်စရာ၊ မြူးစရာ၊ ကြွစရာတေးများကို တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုနေသည်။

သို့နှင့်တောင်စောင်းတွင် နေကွယ်သွားရာ အမှောင်ထုက လောကကြီးတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ပင်လယ်ပြင်က တိုက်ခတ်လာသည့်လေသည် လန်းဆန်းသည်။ အေးမြသည်။ ကြာသည့်အခါ စိမ့်လာသည်။

မိုးကောင်းကင်ထက်တွင် လမရှိ။ လဆုတ်ရက်ရောက်နေပြီ။ သန်းခေါင်ကျော်မှလထွက်မည်။ ထွက်ပြန်ပါကလည်း   လသည်တော်တော်နှင့်သူတို့ခေါင်းပေါ်ရောက်နိုင်ဖွယ်မရှိ။ အကြောင်းမှာသူတို့၏ အရှေ့ဘက်တွင် အင်ကြင်း တောင်ကုန်းကြီး ခံနေသောကြောင့် ဖြစ်သည်။ ယခုသူတို့ရောက်နေကြသည်မှာ တောင်ခါးပန်းတစ်နေရာဖြစ်သည်။

ပန်းပဲဆရာကြီးဦးခင်သည် အင်ကြင်းတောင်ထိပ်သို့မျက်နှာမူကာ စေတီရှိရာသို့အာရုံပြုရင်း  ပုတီးစိပ်နေသည်။ ဒေးဗစ်သည် ဦးခင်ရှိရာသို့ ရောက်လာသည်။ သည်အထဲတွင်သူ အသက်အကြီးဆုံး ဖြစ်သည်။

ဦးခင်ကား ငါးဆယ်ကျော်နေပြီ။ ဒေးဗစ်မှာလေးဆယ့် ငါးနှစ်သာသာရှိပြီ။ ဒေးဗစ်သည် ဦးခင်ဘုရားအာရုံပြုနေသည်ကို အဝေးမှလှမ်းကြည့်ကာ ကြည်နူးနေသည်။

သူလည်း ယေရှုသခင်ထံဆုတောင်းသည်။ တရားစာရွတ်ဖတ်သည်။ ပြီးမှဦးခင်နှင့် စကားစမြည်ပြောရန် သွားသည်။ သည်အတိုင်းဆိုလျှင် သည်ညအိပ်ကြဖွယ်မရှိ။ ထမင်းစားပြီးကတည်းက တောင်စောင်းတွင် အိပ်စရာနေရာလေးများ ခုတ်ထွင်ရှင်းလင်းကြသည်။

ကွမ်းသီးခြံထဲတွင် မအိပ်ဝံ့ကြ။ နေရောင်မရသဖြင့် မြေကြီးသည် စိမ့်နေသည်။ မြွေကင်းလည်းကြောက်ရသေးသည်။ ထို့ကြောင့် တောင်စောင်းထက်တွင် ရှင်းလင်းခုတ်ထွင်ကာ အိပ်စရာနေရာစီမံကြရသည်။

အလင်းရောင်ရှိနေစဉ်ကတော့ မြင်မြင်ထင်ထင်မို့ကြောက်စရာမကောင်း။ တဖြည်းဖြည်းမှောင်လာသည့်အခါ ကြောက်စရာကောင်းလာသည်။ ဦးခင်အားငယ်လာသည်။ ဦးခင်သည် ဘုရား၊ တရားနှင့်အစဉ်နေသူမဟုတ်။ အရက်ကလေးတမြမြနှင့်နေသူ ဖြစ်သည်။ စင်ရော်ချောင်းအတိုင်း အင်ကြင်းတောင်စခန်းသို့ မော်တော်နှင့် ဆန်တက်လာစဉ်က ကွမ်းသီးခြံများ၏ တစ်ဖက်ကုန်း မို့မို့ထက်တွင် ထိုးတက်နေသော ထန်းပင်တို့ကိုမြင်ရသဖြင့် ကျေနပ်နေသည်။ ဦးခင်သည် ပခုက္ကူခရိုင် ရေစကြိုနယ်သားဖြစ်သည်။ ထန်းပင်ဖက်ကာ ကြီးလာသူဖြစ်သည်။ ငယ်ငယ်ကပင် ထန်းရည်သောက်တတ်သည်။ ကြီးသော် ထန်းတက်သည်။ ရေစကြိုလင်းကတောတစ်ဝိုက်တွင် သူမတက်ဖူးသည့်ထန်းတောမရှိသလောက်ပင်ရှားသည်။    မိန်းမရသည့်အခါ သူအလုပ်ပြောင်းရသည်။ မိန်းမကား တစ်ရွာတည်းမှ ပန်းပဲဆရာ၏သမီးဖြစ်သည်။ သို့ဖြစ်ရာ ဦးခင်သည်မိန်းမရပြီးနောက် ယောက္ခမပန်းပဲဖိုသို့ဝင်ရသည်။

ထို့နောက် တဖြည်းဖြည်းဦးစီးဦးကိုင်ဖြစ်လာသည်။

သူပုန်သူကန်တို့ဆူပူကြသည့်အခါ ဦးခင်တို့ ရွာ၌မနေနိုင်။ ပခုက္ကူသို့တက်သည်။ ပခုက္ကူတွင်လည်း စားရေးသောက်ရေးမပြေလည်။ ထို့ကြောင့် မကွေးသို့ ယောက်ဖတစ်ယောက်နှင့် ပြောင်းခဲ့သည်။ မကွေးမှတစ်ဆင့် ရေနံမြေ၊ ရေနံမြေမှတစ်ဆင့် ရန်ကုန် သာကေတသို့ ရောက်လာသည်။ ရန်ကုန်တွင်အလုပ်မျိုးစုံ လုပ်ဖူးသည်။

အလုပ်မရနိုင်သည့်အဆုံး ဦးရှင်ကြီးတင်သည့် ဆရာပင်လုပ်ဖူးသည်။ အညာသားများနှင့်တွေ့လျှင် ဘုရားကိုးဆူ တင်ပေးသည်။ သံနေသံထားနှင့်ဂြိုဟ်ပင့်သည့်အခါ ဓမ္မကထိကပင်ရှုံးသည်။ သူ့အသံသည် ကြည်လင်သည်။ စူးရှသည်။ ကြားရသူအပေါင်းကိုကြည်နူးစေသည်။ ကြွတော်မူပါ့ရှင်ဂြိုဟ်မင်းဟူသော အဆွဲကလေးကို ကြားရသူတို့ စွဲသွားကြသည်။ သို့နှင့် အဆက်အသွယ်ကောင်းနှင့်တွေ့ကာ သီရိတံတားစ၍ ဆောက်သည့်အခါ ပန်းပဲဆရာအလုပ်ကိုရလေသည်။ ယခုကား တစ်နေ့ ခြောက်ကျပ်စားဖြစ်နေပြီ။ သူတို့လင်မယားတွင် သားသမီးမထွန်းကား။ ထို့ကြောင့်အတန်အသင့် နေလောက် စားလောက်သည်။ ထန်းပင်အောက်ရောက်သည့်အခါတွင်မူ ဦးခင်  ထန်းပင်ကိုမော့မကြည့်ဘဲမနေနိုင်။ ထန်းပင်တွေ့ခဲ့သဖြင့် ကြည်နူးစိတ်ကလေးသည် ယခုပျောက်ကွယ်စပြုလေပြီ။

ဒီကလေးတွေ ဘာမှမစိုးရိမ်ကြဘူးလား ဆရာဒေးဗစ်။ ကျွန်တော်တို့ကျိုက်ဒေးရုံမှာတုန်းက ဘယ်လောက်ချောက်ချားစရာ ကောင်းသလဲ။ ဒါပေမဲ့ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ တန်ခိုးတော်ကြောင့် ဘာမှမဖြစ်ဘူး။ အဲဒီနေရာက ဓားပြအလွန်တိုက်တဲ့နေရာတဲ့ဆရာဒေးဗစ်ရဲ့

ဟုတ်တယ်၊ ကျွန်တော်လည်းကြားဖူးတယ်

မနေ့ညကတော့ အေးအေးချမ်းချမ်းရှိပါရဲ့

ဒေးဗစ်သည်   ရန်ကုန်မှထွက်လာသည့်ရက်ကို လက်ချိုး၍တွက်ကြည့်သည်။ ကျိုက်ဒေးရုံတွင် တစ်ည၊ စင်ရော်တွင် တစ်ည၊   နှစ်ညအိပ်သုံးရက်ရှိနေပြီ။

ဆူဆူညံညံမြို့တော်ကြီးမှ တဖြည်းဖြည်းလူသူဝေးရာ တောတောင်စိမ့်စမ်းအလယ်ရောက်နေပြီ။ ခပ်လှမ်းလှမ်းတွင် မီးရောင်တလက်လက်ရှိနေသော စင်ရော်မြို့ကို မြင်နေရသေးသဖြင့်သာ စိတ်အားတက်စရာရှိနေသည်။

သို့သော် စင်ရော်နှင့်သူတို့ ရောက်နေသည့်နေရာကား ဘာအဆက်အသွယ်မျှမရှိ။ အရေးအကြောင်းရှိလျှင် လှေနှင့်စုန်ပြေးရန်သာရှိသည်။ တစ်ယောက်နှစ်ယောက်ဆိုလျှင် အကြောင်းမရှိ။ ယခုလူရှစ်ဆယ်ကျော်ဘယ်လို ပြေးရပါ့မလဲ။ ဘယ်သွားနေရမလဲ။ နယ်မြေလည်း ကျွမ်းကျင်သည်မဟုတ်။ တောင်စောင်းမှအောက်ကို ကြည့်လိုက်လျှင်   စင်ရော်ချောင်းကိုပင်မမြင်ရ။

တောင်စောင်းနှင့်အညီ ဘေးပတ်ဝန်းကျင်တွင် အရိပ်မည်းမည်းတို့ လှုပ်ရှားနေကြသည်ကိုသာ မြင်ရသည်။

စိတ်အားငယ်လာသည့်အခါ   ထိုအရိပ်မည်းမည်းတို့သည် သူတို့ဆီသို့ တရွေ့ရွေ့တက်လာကြသည်ဟု ထင်မိသည်။ အမှန်စင်စစ် ယင်းတို့မှာ ကွမ်းသီးခြံမှ ကွမ်းသီးပင်၏ အရွက်များနှင့်  အုန်းပင်မှအုန်းလက်များသာဖြစ်သည်။  တစ်ဖန်တစ်ဖက်သို့ မော့ကြည့်လိုက်လျှင်လည်း ညိုမည်းမည်းတောင်ကုန်းကြီးသည်

သူတို့ခေါင်းထက်တွင် မိုးနေသည်။ လေအဝှေ့တွင် တောင်ထိပ်ကသစ်ပင်တို့ လှုပ်ရှားဝှေ့ယမ်းသည်။ ယင်းကိုပင် သူပုန်တွေများလား၊ တောင်ကုန်းအရှေ့ဘက်ကတက်လာတာလားဟု    ဇဝေဇဝါဖြစ်လာသည်။

မယ်ဒလင်သံ၊ သီချင်းသံကား မစဲသေး။

သက်တံပေါ်မှကစားမယ်....တူတူပုန်းမယ်။

တိမ်တိုက်တွေကြားမယ် ပြေးဆော့ကာရယ် သက်တံဝင်ရိုးစွန်းမိုး။ ကစားမယ်...ကစားမယ်...သက်တံပေါ်မှာကစားမယ်

ဘာတွေကစားနေကြသလဲ မသိဘူး။ တော်ကြာသူပုန်နဲ့လိုက်တမ်းပြေးတမ်း ကစားနေကြရလိမ့်မယ် ဆရာဒေးဗစ်။ ဒီကောင်တွေအစိုးရိမ်တစ်စက်ကလေးမှမရှိဘူး။ လူငယ်တွေကိုး

မစ္စတာဒေးဗစ်သည် ဦးခင်၏လေသံကြောင့် စိုးရိမ်လာသည်။ ရင်ထဲတွင်လေးလာသည်။  သူသည်လည်း ရန်ကုန်ကခွာဖူးသူမဟုတ်။ ပဲခူး၊ အင်းစိန်တို့၌ လမ်းရုံးများတွင် ကျင်လည်ခဲ့ရာမှ လုပ်သက်အရ စတုတ္ထတန်း အင်ဂျင်နီယာဖြစ်လာရသူဖြစ်သည်။ အင်းစိန်တွင် ကရင်သူပုန်ထစဉ်က ပြေးလွှားခဲ့ရဖူးသည်တို့ကို ပြန်၍အမှတ်ရလာသည်။ သို့သော် ကြာကြာကြောက်လန့်မနေရ။ တစ်နေ့ပဲ သက်စွန့်ဆံဖျားပြေးခဲ့ရသည်။ သမိုင်းရောက်လျှင် စိတ်အေးရပြီ။ ယခုကား....။

စောစောကပဲ ရဲဘော်လေးတစ်ယောက်လာပြီး ပြောသွားတယ် ဆရာဒေးဗစ်ရဲ့။ ဒီတောင်က ပြန်ပေးတောင်တဲ့ခင်ဗျ။ စင်ရော်ဘက်က တရုတ်သူဌေးတွေ၊ ရော်ဘာခြံပိုင်ရှင်တွေပြန်ပေးဆွဲလာပြီး ဟောဒီတောင်ထိပ်မှာ ထားတာဆိုပဲ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပဲ ရော်ဘာခြံပိုင်ရှင်တစ်ယောက်ကို တောင်းတဲ့ငွေမပေးလို့ သတ်ပစ်လိုက်သတဲ့။ တောင်ပေါ်က ဘုရားလေးနားမှာ ပစ်သတ်လိုက်တာဆိုပဲ

ဟုတ်လား

ပြီးတော့ သူတို့မှာ အခု ရဲဘော်ရှစ်ယောက်ထဲရယ်တဲ့။ သူတို့မှာ ရိုင်ဖယ်ပဲပါတယ်တဲ့။ ဘရင်းဂန်း၊ စတင်းဂန်းဆိုတာတွေ ဘာမှမပါဘူးတဲ့။ သူတို့လည်းကြောက်လန့်နေကြတယ်ထင်ပါရဲ့ဗျာ

ဟုတ်လား

အဘိုးကြီးနှစ်ယောက်တီးတိုးပြောနေကြသည်ကို ကြားရသည်။ ပန်းရန်သမားတစ်ယောက်က အပေါင်းအဖော် တစ်သိုက်ကို လက်ကုတ်လိုက်သည်။

ဘာလဲ ဘကြီးခင်

ဘာဖြစ်လို့လဲ ဆရာဒေးဗစ်

ဘာမှ မဟုတ်ပါဘူးကွာ။ အေး မင်းတို့တော့ ဒီည

သတိဝီရိယနဲ့နေကြ

အကြောင်းထူးလို့လား ဘကြီးခင်

အကြောင်းထူးဆို စောစောက ရဲဘော်လေး တစ်ယောက်ကပြောသွားတယ်။ ဒီတောင်ဟာ ပြန်ပေးတောင်တဲ့။ ပြန်ပေးဆွဲဆွဲပြီး ဒီမှာသတ်ပစ်တယ်တဲ့

ဆက်လက်ဖော်ပြပါမည်။

ကျော်အောင်