ယမန်နေ့မှအဆက်
ကိုရင်မောင်လည်း ကျွနု်ပ်၏နာမည်ကိုပင် သိကျွမ်းသူက မည်သူဖြစ်မည်နည်း။ ယခုပင် ကျွန်ုပ်လိုက်အံ့ ဟုဆိုကာ မစောတင်လည်း ကိုရင်မောင်နှင့် အတူ ထက်ကြပ်လိုက်ပါသွား၏။
ဆိုခဲ့သော လူနှစ်ယောက်ခေါ်သွားသောအိမ်သို့ ရောက်လျှင် လူနာတစ်ယောက်သည် ဤသို့ညည်းညူ ၏။ သူများကို မကောင်းကြံလျှင် ကိုယ်မကောင်းဖြစ် သည်ဟူသောစကားသည် မုချမှန်သည်၊ ငါသည် မောင်ရင်မောင်ကို မကောင်းကြံမိသောကြောင့် ငါ့မှာ ဒုက္ခဆင်းရဲရောက်ပြီဟုဆိုလျှင် မစောတင်က လူနာကိုကြည့်ရှုပြီးလျှင် အလို ကျွန်မတို့လှေပဲ့နင်း ကိုမြတ်သာဖြစ်ပါသည်၊ အဘယ်သို့ဖြစ်သလဲဟုမေး၏။
လူနာကလည်း မစောတင်၊ ကျွနု်ပ်အပါးသို့ မကပ်နှင့်၊ ကျွနု်ပ်ကိုယ်၌ ရောဂါဆိုးကပ်ရောက်လျက် ရှိပြီး ကိုရင်မောင်သာလျှင် ဤရောဂါမျိုးကပ်ရောက် ဖူးသူဖြစ်၍ စိုးရိမ်ရန်မရှိပါ၊ ကျွနု်ပ်အပါးသို့ ကြွခဲ့ပါ၊ ကိုရင်မောင်အား ကျွနု်ပ်ဝန်ချလိုပါသည်ဟုဆိုလျှင် ကိုရင်မောင်လည်း အပါးသို့ ချဉ်းကပ်သွား၏။
ထိုအခါ မောင်မြတ်သာကဆိုသည်မှာ ကိုရင်မောင် ကျွန်ုပ်သည် လူဖြစ်ရသည့်ဘဝ၌ အကျင့်စာရိတ္တ မကောင်း၊ သူယုတ်မာစင်စစ်ဖြစ်သောကြောင့် လူဖြစ်ကျိုးမနပ်၊ ကျွနု်ပ်မှာ ရောဂါဆိုးနှင့် ယခုသေရတော့ မည်မှာ မုချဧကန်ဖြစ်သည်၊ သေရမည်ဆိုသော်လည်း ကိုရင်မောင်အပေါ်တွင် ကျွနု်ပ်မကောင်းကြံ စည်ခဲ့မိသမျှကို ကိုရင်မောင် စိတ်မကျေအေးသမျှ ကျွနု်ပ်ဝန်ချလိုပါသည်၊ စိတ်ကျေအေးပါဟုဆိုလျှင် ကိုရင်မောင်ကလည်း ယခုမောင်မြတ်သာပြောမည့် အရာများတွင် ကျွနု်ပ်မသိသည့်အရာဟူ၍ စိုးစဉ်းမျှ မရှိ၊ မစောတင်အားသာလျှင် ပြောပြပါဆိုလျှင် မောင်မြတ်သာသည် မစောတင်အား ဤသို့ပြောပြ၏။
မစောတင်-ကိုရင်မောင်သည် အစစအရာရာ၌ ယောကျ်ားပီသသူ မှန်ပါပေသည်၊ ကျွနု်ပ်ကား သူယုတ် မာစင်စစ်ဖြစ်သည်၊ ကျွနု်ပ်သည် ငယ်ရွယ်စဉ်ကစ၍ ကိုရင်မောင်တို့၏လှေတွင် အငှားလိုက်၍နေသည်၊ သည်ကဲ့သို့ အငှားလိုက်၍နေသော်လည်း အငှားသား ဟူ၍ ကိုရင်မောင်မှစ၍ အဘဦးဘိုးအို၊ အမိမဖားဥ တို့က မမှတ်၊ လုပ်ကိုင်လာခဲ့သမျှတွင် စားရလျှင် အတူ မစားရအတူသာလျှင် ကိုရင်မောင်က သဘော ထားသည်၊ ကျွန်ုပ်က လွန်စွာသဘောပုပ်၍ ယုတ် မာသူဖြစ်ကား ကိုရင်မောင်နှင့် မမယ်မ လက်ထပ်ကြ တော့မည်ရှိလျှင် ကျွန်ုပ်သည် အမရပူရမြို့သို့သွား ရောက်ကာ မင်းအိမ်၌ ကုန်းချောသည်၊ သည်ကဲ့သို့ ကျွန်ုပ်ကုန်းချောလျှင် ကိုရင်မောင်ကိုဖမ်းဆီး၍ ထောင်တွင် ချုပ်နှောင်ထားသည်၊ ကိုရင်မောင်မှာ သားယောကျ်ား ပီသသူမှန်သည့်အပြင် သူတော်ကောင်းကို နတ်ကောင်းစောင်မသည်ဟူသည့်စကားပုံအရ ထောင်တွင်းမှလွတ်အောင် လူသေအယောင်ဆောင်၍ ကိုယ့်ကိုယ်ကိုယ်မြစ်ထဲသို့ အချခံပြီးလျှင် မြစ်တစ်ဖက်သို့ အရောက်ကူးနိုင်သဖြင့် ထောင်မှလည်းလွတ်၊ အသက်လည်း ချမ်းသာရာရသည် ကျွန်ုပ်မှာကား ကိုရင်မောင်သေပြီဟူ၍ အထင် ရောက်လျှင် သူယုတ်မာမှန်သည့်အတိုင်း ကိုရင်မောင်နှင့် တောင်းရမ်းပြောဆိုပြီးသော မိန်းမကို မရရအောင် ကြံဆောင်ခဲ့သည်။ ကိုရင်မောင် ထောင်မှလွတ်ထွက် ကြောင်းကို ကျွန်ုပ်သိသည့်နေ့ကစ၍ ကျွန်ုပ်မှာ စိတ်ချမ်းသာခြင်းမရှိ၊ တစ်နေ့မပြတ် စိတ်ဒုက္ခ ရောက်လျက်ပင် ရှိနေတော့သည် ဤသို့ စိတ်ဒုက္ခရောက်လျက်ရှိသည့်အတွင်း မစောတင်သည် ကျွန်ုပ်ထံ လှေဝယ်ရန်လာလျှင် စကားကမ်းလှမ်းမေးမြန်းသည်နှင့် ကိုရင်မောင် ဤမကွေး တောင်တွင်းအရပ်တွင် ရှိကြောင်းကို သိရှိသဖြင့် ကိုရင်မောင် အသက်ရှင်လျက်ရှိနေသရွေ့ ကျွန်ုပ်အသက်ရှင်လျက် မနေနိုင်ဟူ၍ အောက်မေ့ပြီး ကိုရင် မောင်ကို တစ်နည်းနည်းအားဖြင့် သေကြောင်းကြံရန် ကျွန်ုပ်လိုက်ခဲ့သည်၊ ယခုကား သူတော်ကောင်းကို နတ်ကောင်းမ၊ သူယုတ်မာကို နတ်ဆိုးနှိပ်စက်ဆို သည့်စကားအတိုင်း ကျွန်ုပ်မှာ ယခုရောဂါဆိုးနှင့် သေရတော့မည်၊ ကိုရင်မောင်နှင့်တကွ မစောတင်ပါ ကျွန်ုပ်ကို ခွင့်လွှတ်ကြပါ၊ သေရမည်ဆိုသော်လည်း ကျွန်ုပ်ပြုမိသမျှကိုလည်း ကိုရင်မောင် မစောတင်တို့ မကျေမအေးသမျှ ကျွန်ုပ် အပါယ်သို့သာ လားရတော့မည်ဆိုပြီးလျှင် လျောင်းလျက်နေရာမှ ထနိုင်သဖြင့် အိပ်ရာမှ ကိုရင်မောင်ကို လက်ယှက်ကန်တော့ကာဖြင့် မြောသွား၏။
ဆက်လက်ဖော်ပြပါမည်။