မောင်ရင်မောင် မမယ်မ

ယမန်နေ့မှအဆက်

ကိုရင်မောင်ကလည်း  မောင်မြတ်သာ  ဖြောင့်ဖြောင့်သာသွားစေ၊ ကျွနု်ပ်ကား မောင်မြတ်သာပြုခဲ့သရွေ့ကို ကျွန်ုပ်စိတ်၌ မည်သို့မျှမထားရှိပြီ၊ ဘုရား၊တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးကိုသာအောက်မေ့၍ သွားလေတော့ဟုဆိုရာတွင် မောင်မြတ်သာလည်း သာဓု - သာဓု - သာဓုဟုခေါ်ပြီးလျှင် အသက်ပျောက်လေ၏။

အခန်း(၃၅)

ဤကဲ့သို့ မောင်မြတ်သာသေဆုံးပြီးသည့်နောက် ကိုရင်မောင်သည် မောင်မှတ်၊ မကြီးမိတို့နှင့် စကားပြောဆိုတိုင်ပင်ရန်အကြောင်းဖြင့်     မိမိမျက်လှည့်တောင်းများနှင့်တကွ မစောတင်ယူဆောင်လာသော ထမ်းပိုးကို ကျောင်းသို့ သွားရောက်ယူငင်ပြီးလျှင် မစောတင်နောက်သို့ လိုက်သွား၏။

အိမ်သို့ရောက်၍ မစောတင်၊ မောင်မှတ်၊ မကြီးမိ၊ ကိုရင်မောင် လေးဦးသားတို့ စကားပြောဆိုကြရာတွင် ကိုရင်မောင်ကလည်း မိမိရှေးဖြစ်နှောင်းဖြစ်များကို အလုံးစုံပြန်ပြောင်း၍ပြောပြ၏။

မစောတင်ကလည်း အစ်ကို - အစ်ကို့အမည်အမှန်သည် မောင်ဘိုးရင်မဟုတ် မောင်ရင်မောင်ဖြစ်ပါသော်လည်း ကျွန်မမှာ နှုတ်ကျိုး၍နေလေပြီ၊ ကိုဘိုးရင်ဟူ၍သာလျှင် ရှေ့သို့ ကျွန်မခေါ်လိုသည်ဆိုလျှင် ကိုရင်မောင်ကလည်း ငါ့နှမ ခေါ်လိုရာ ခေါ်ပါတော့ဟု ခွင့်ပြု၏။

ထိုအခါ မစောတင်က ကိုဘိုးရင်သည် ထောင်ကြီးအတွင်းတွင် လူသေအယောင်တူအောင်ဆောင်နိုင်ပေသည်။ ထို့ပြင်လည်း ဤမျှလောက် ကျယ်ဝန်းသောမြစ်ကြီးကို တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ ရောက်အောင် ကူးသွားနိုင်ပေသည်ဟုဆိုလျှင် မောင်မှတ်၊ မကြီးမိတို့လည်း ဤအကြောင်းကိုများစွာ အံ့သြချီးမွမ်းကြ၏။

ကိုရင်မောင်ကလည်း ကျွနု်ပ်မှာ ငယ်ရွယ်စဉ်ကစ၍ လှေတက်နှင့်ပင် ရေထဲ၌ကြီးပြင်းလာရသည် ဖြစ်သောကြောင့် ဤအရာသည် များစွာ မအံ့သြလောက်ပါဟု ပြန်ပြော၏။

ထိုအခါ မစောတင်က ကိုဘိုးရင်သည် အမြင်အားဖြင့် ထင်းချောင်းပမာဏရှိသော ဤထမ်းပိုးကို လွန်စွာဂရုတစိုက်ပြုသည်၊ ဤထမ်းပိုး၌ မည်သို့သော ဝိသေသအထူးရှိပါသနည်းဟု မေး၏။

ထိုအခါ ကိုရင်မောင်က ပြန်ပြောသည်မှာ ကျွနု်ပ်သည် ယခုတင်က ရှေးဖြစ်နှောင်းဖြစ်များကို ပြောရာတွင် ဤအကြောင်းကို ပြော၍ လူသူလေးပါးကြားသိလျှင် မသင့်မလျော်မည်ကို ဆင်ခြင်မိသဖြင့် မပြောဘဲခြွင်းချန်၍ ထားသည်၊ ယခုမှာကား ညဉ့်အခါလည်း ကျရောက်ပြီဖြစ်၍ စိုးရိမ်ရန်မရှိပြီ ဆိုပြီးလျှင် မိမိအဘမှာထားသောကြောင့် အဘ မြေတွင်မြှုပ်ထားခဲ့သော ပစ္စည်းများကို တူးဖော်ပြီးလျှင် အဖိုးထိုက်တန်

သော ကျောက်ကောင်းများကို ရွေးနုတ်ပြီးမှ ဤထမ်းပိုး၌ ထည့်သွင်းလျှို့ဝှက်၍ ယူလာခဲ့ကြောင်း၊ အောက်မြို့ကျေးရွာသို့ ရောက်ကာလ ထိုကျောက်များကိုပင် ရောင်းချအရင်းအနှီးပြု၍ လုပ်ကိုင်စားသောက်မည် အကြံရှိကြောင်းများကို ပြောပြ၏။

မစောတင်ကလည်း ကျွန်မ၌ အဖိုးထိုက်တန်သော လက်ဝတ်လက်စား အနည်းငယ် ပါလာပါသည်၊ ကိုဘိုးရင်သည် အောက်မြို့ကျေးရွာသို့သွားသော် မည်မျှကြာမည်လည်းမသိ၊ သေသည်လည်းမသိ၊ ရှင်သည်လည်းမသိ၊ ထို့ပြင် သူတစ်ပါးရပ်ရွာတွင် နာမကျန်းရှိ၍မှ ရေပူရေချမ်းကမ်းလှမ်းမည့်သူမရှိ၊ ထို့ပြင်လည်း ကိုဘိုးရင်သွား၍ ကျွန်မကျန်ရစ်ခဲ့ပါလျှင် ကျွန်မမှာ ဤဘဝတွင် စိတ်ချမ်းသာ နိုင်တော့မည်မဟုတ်၊ သို့ဖြစ်၍ ကျွန်မလိုက်ပါရစေ၊ မကြီးမိ၊ မောင်မှတ်တို့ကလည်း ခွင့်ပြုပါ၊ ကိုဘိုးရင်ကလည်း ကျွန်မကို ပစ်မသွားပါနှင့်၊ ကိုဘိုးရင်မသွားဘဲ နေပြန်လျှင်လည်း ကိုဘိုးရင်မှာ အသက်ဘေးကို စိုးရိမ်ရပါသည်။ ကျွန်မကိုခေါ်၍သွားပါဟု ဆို၏။

ကိုရင်မောင်ကလည်း မောင်မှတ်၊ မကြီးမိတို့နှမ မစောတင်   ကျွန်တော့်အား   အလွန်စုံမက်မေတ္တာ သက်ဝင်သောကြောင့် ဤမျှလောက်ဝေးသော ကုန်းတစ်တန်၊   ရေတစ်တန်   အတန်တန်သောခရီးကို လိုက်၍  လာခဲ့ရှာသည်၊  ယခု  ကျွန်တော်နှင့်တွေ့မှ ကျွန်တော်မပါဘဲ  ရွှေဘိုမြို့သို့  ပြန်၍သွားရမည်ဆို

သော် အလွန်အသည်းနာရှာလိမ့်မည်၊ ရွှေဘိုမြို့သို့ ကျွန်တော်လိုက်လာသော်   လမ်းခရီးစခန်းတွင်ပင် ကျွန်တော့်ကို  ဖမ်းမိကြလိမ့်မည်၊  မစောတင်နှင့် တာရှည်သဖြင့် ပေါင်းသင်းရမည်မဟုတ်၊ မစောတင်ကို ခေါ်၍သွားမည်ဆိုလျှင်လည်း ခရီးကြမ်းခြင်းကြောင့် သူပင်ပန်းလိမ့်မည်ဆိုလျှင်    မစောတင်ကလည်း လိုက်နိုင်ပါသည်ဟုဆို၏။ ကိုရင်မောင်ကလည်း ရှေ့သို့တိုးလျှင် ထမ်းပိုး၊ နောက်သို့ဆုတ်လျှင် လှည်းထုပ်ဟူ၍ရှိသည့်အနက် ကျွန်တော့်မှာ ရှေ့သို့တိုးပြီးလျှင် မစောတင်ကိုသာခေါ်၍ သွားလိုတော့သည်ဟု ဆို၏။

ဆက်လက်ဖော်ပြပါမည်။