ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး

ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး

နှစ်စဉ် စက်တင်ဘာ ၁၆ ရက်နေ့သည်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်သည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ Montreal Protocol: Fixing the Ozone Layer and Reducing Climate Change ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး ဖြစ်သည်။ အနာဂတ်မျိုးဆက်သစ် များအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ်ကို လက်ဆင့်ကမ်းပေးနိုင်ရန် လက်ရှိမျိုးဆက်များ၏တာဝန်ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများအပြင် အိုဇုန်းလွှာထိန်းသိမ်းခြင်းလုပ်ငန်းသည်လည်း လက်ရှိလူသားတို ့ဆောင်ရွက်ကြရမည့် တာဝန်တစ်ခုဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုလျှော့ချပြီး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေးခြင်းမှာ နိုင်ငံတစ်နိုင်ငံတည်း၏ ဆောင်ရွက်ချက်ဖြင့်မပြည့်စုံဘဲ ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။ ထို့အတူနိုင်ငံတစ် နိုင်ငံတွင်လည်း အစိုးရတစ်ရပ်၊ အဖွဲ့အစည်းတစ်ခုတည်းကဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်သည်။ လူသားအားလုံးနှင့် သဘာဝပတ်ဝန်းကျင်တို့ ဟန်ချက်ညီညီအချင်းချင်းအကျိုးပြုနေထိုင်သွားရင်း ကောင်းမွန်လှပသော အနာဂတ်ကို အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်သည်။

အိုဇုန်းလွှာပျက်စီးရခြင်းမှာ လူသားများ၏ ခေတ်မီနေထိုင်မှုအတွက် တီထွင်အသုံးပြုလာသော ဓာတုပစ္စည်းများကြောင့်ဖြစ်သည်။ ဆိုးကျိုးသက်ရောက်မှုအဖြစ် ၁၉၈၅ ခုနှစ်က အန္တာတိကတိုက်၌ အိုဇုန်းလွှာ ပေါက်ထွက်နေခြင်းကို သိပ္ပံပညာရှင်တို့ စတင်တွေ့ရှိခဲ့သည်။  ၁၉၉၈ ခုနှစ်  အိုဇုန်းလွှာအပေါက်ကြီး၏ အရွယ်ပမာဏမှာ စတုရန်းမိုင် ၁၀ ဒသမ ၅ သန်းခန့်အထိရှိလာကြောင်းတွေ့ရှိခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်အမျိုးသားလေကြောင်းနှင့်   အာကာသအုပ်ချုပ်ရေးအဖွဲ့(NASA)၏ သိပ္ပံပညာရှင်များက အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာ အပေါက်ကြီးကို ထပ်မံတိုင်းတာခဲ့ကြရာ အိုဇုန်းလွှာအပေါက်ကြီးမှာ စတုရန်းမိုင် ၁၁ သန်းခန့်အထိကြီးမားလာကြောင်း တွေ့ရှိကြသည်။

ကမ္ဘာ့အိုဇုန်းလွှာအပေါက်ကြီးတည်နေရာမှာ အန္တာတိကတိုက်၏အပေါ်တည့်တည့်နှင့် တောင်အမေရိကတိုက်၏ တောင်ဘက်အဖျားပိုင်းဖြစ်သော အာဂျင်တီးနားနိုင်ငံနှင့် ချီလီနိုင်ငံတို့၏ တောင်ဘက် အစွန်းနေရာများသာဖြစ်သည်။ သို့သော်လည်း စကြဝဠာအတွင်း ကမ္ဘာက မိမိဝင်ရိုးပေါ်၌လည်နေခြင်းနှင့်နေကို လှည့်ပတ်နေခြင်းတို့ကြောင့် အိုဇုန်းလွှာအပေါက်ကြီးမှတစ်ဆင့် ဖောက်ထွင်းဝင်ရောက်လာသော ခရမ်းလွန်ရောင်ခြည်များသည် ရာသီကာလပေါ်မူတည်ပြီး  ကမ္ဘာ့နိုင်ငံအများအပြားသို့ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်သည်ပူပြင်းသော နွေရာသီကာလ၌သာ ကျရောက်သည်မဟုတ်ဘဲ သဘာဝယန္တရားကြီးလည်ပတ်နေမှုကြောင့် ရာသီမရွေးကျရောက်နိုင်ပြီး ရာသီကာလများအလိုက်ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအနိမ့်အမြင့် ကွာခြားခြင်းသာရှိသည်။

အိုဇုန်းလွှာပျက်စီးခြင်းကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်  အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် လည်းကောင်း အတည်ပြုချုပ်ဆိုခဲ့ကြသည်။ အဆိုပါ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သော စက်တင်ဘာ ၁၆ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းဖြစ်သည့်  ကလိုရိုဖလူရိုကာဗွန် (CFCs)များအသုံးပြုမှုကို ၂၀၁၀ ပြည့်နှစ်ကပင် ရပ်ဆိုင်းခဲ့ပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFCs) အသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ်အပြီးတွင် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက် ကန့်သတ်ပမာဏ အတိုင်းခွဲတမ်းစနစ်ဖြင့်သာ   တင်သွင်းခွင့်ပြုလျက်ရှိပါသည်။ မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်အရ ကမ္ဘာ့နိုင်ငံအားလုံး၏ အိုဇုန်းလွှာကာကွယ်ရေးကြိုးပမ်းမှုများကြောင့် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ၁၃၅ ဘီလီယံ တန်ခန့်နှင့်ညီမျှသည့်  အိုဇုန်းလွှာပျက်စီးစေသော ဓာတ်ငွေ့များ လေထုအတွင်းထုတ်လွှတ်မှုကို တားဆီးပေးနိုင်ခဲ့ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အိုဇုန်းလွှာပျက်စီးမှုကြောင့် အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲရောဂါနှင့်ကိုယ်ခံအားကျဆင်းမှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် သီးနှံအထွက်နှုန်းကျဆင်းမှု၊  အဏ္ဏဝါဂေဟစနစ်ပျက်စီးမှုနှင့် ရုပ်ဝတ္ထုပစ္စည်း ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သည်။ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ် လူဦးရေနှစ်သန်းမှ သုံးသန်းအထိ အရေပြားကင်ဆာရောဂါဖြစ်ပွားလျက်ရှိပြီး နှစ်စဉ်ခန့်မှန်းလူဦးရေ ၆၆၀၀၀ ခန့်သေဆုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(့နြဏ)၏အစီရင်ခံစာ အရသိရှိရသည်။ အနှစ်ချုပ်ဆိုရသော် ကောင်းမွန်လှပသောအနာဂတ်ကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်လျက်   ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေးဆောင်ပုဒ်ကို အလေးထားလိုက်နာ လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။