ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များနှင့် စက်တင်ဘာ ၁၀ ရက်နေ့ကတွေ့ဆုံအမှာစကားပြောကြားရာတွင် “ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကို လုံခြုံရေးအရ အင်အားဖြည့်ပေးနေသည့်အင်အားစုတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံချစ်စိတ်ဖြင့် နယ်မြေတည်ငြိမ် အေးချမ်းအောင် တာဝန်သိစိတ်ဖြင့်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ မိမိတို့၏ သဘောဆန္ဒ အလျောက် မိမိတို့၏နယ်မြေ တည်ငြိမ်အေးချမ်းမှုရှိစေရေး  ဆောင်ရွက်နေသည့် အဖွဲ့များဖြစ်သည့်အတွက် လေးစားအသိအမှတ်ပြုပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

          ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသည် အိမ်နီးချင်းတရုတ်နိုင်ငံနှင့်ထိစပ်လျက်ရှိသည်။ ပို့ကုန် သွင်းကုန်များကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့်ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေး၊ စီးပွားရေး အရအရေးကြီးသော ဒေသဖြစ်သည်။ ဒေသတွင်းထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့များများ တင်ပို့နိုင်ရန်အတွက် ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန်နှင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများ ဖြစ်ရန်လိုအပ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေလိုပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှု ရှိရန်လိုအပ်သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းကိုကြည့်မည်ဆိုပါက နိုင်ငံရေးအရ သဘော ထား ကွဲလွဲမှုများ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများ၊ ဘာသာရေးအရ သဘောထား ကွဲလွဲမှုများ စသည်တို့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအယူဝါဒများနှင့် ပတ်သက်ပြီး ခေတ်အဆက်ဆက် သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေး အယူဝါဒနှင့် ပတ်သက်၍ဖြေလျှော့လာခဲ့သည်။ တိုင်းရင်းသားရေးအရဖြစ်ပေါ်လာသည့် လက်နက်ကိုင် ပဋိပက္ခများသည် နယ်ချဲ့များထားရှိခဲ့သည့် ဆိုးမွေတစ်ခုဖြစ်သည်။

တိုင်းရင်းသားရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့် ပတ်သက်၍ခွဲဝေပေးထားပြီးဖြစ်သဖြင့် တိုင်းရင်းသားရေးနှင့် ပတ်သက်၍ ခွဲခြားမှုမရှိသည်ကို တွေ့မြင်နိုင်သည်။ ဘာသာရေးနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် အတိအကျ ပြဋ္ဌာန်းထားရှိပြီး ဖြစ်သည်။ ထိုသို့ ပြဋ္ဌာန်းထားပြီးဖြစ်သောကြောင့် ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ အားလုံးပါဝင်ရောက်ရှိလာရန်နှင့် မိမိတို့၏ လိုလားချက်များနှင့် အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တင်ပြတောင်းဆိုကြရန် လိုအပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့်  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဖက်ဒရယ်စနစ်တွင် တိုင်းရင်းသားကိုအခြေခံသည့် ဖက်ဒရယ်စနစ်နှင့် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ဟူ၍ရှိသည်။ ကမ္ဘာ့နိုင်ငံအများစုတွင်  ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်လည်း ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်သည်သာလျှင် အသင့်လျော်ဆုံးဖြစ်သည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်လျက်ရှိသည်။ ဒေသအတွင်းရှိပြည်သူများမှာ ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်လိုသည့်စိတ်ရှိကြသည့်အတွက် ငြိမ်းချမ်းလိုသော စိတ်အရင်းခံဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် ပဋိပက္ခများဖြစ်ပေါ်နေသည့် ဒေသများရှိပြည်သူများ၏ ပညာသင်ကြားရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်စေလျက်ရှိသည်။ တည်ငြိမ်အေးချမ်းမှု ရှိသည့်နယ်မြေနှင့် တည်ငြိမ်အေးချမ်းမှုမရှိသည့် နယ်မြေတို့နှိုင်းယှဉ်ပါက တည်ငြိမ်အေးချမ်းမှုမရှိသည့် နယ်မြေတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ များစွာကွာဟသွား သည်ကို တွေ့ရှိရသည်။ ဒေသတည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ မြင့်မားရေးတို့ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင်တစ်နိုင်ငံလုံးရှိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဟူသည့်ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့်နိုင်ငံတော်နှင့် လူမှုစီးပွားဘဝကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပေရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းရေး နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်လာနိုင်ရေး ဝိုင်းဝန်း တိုက်တွန်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။