မောင်ရင်မောင် မမယ်မ

မောင်ရင်မောင် မမယ်မ

ယမန်နေ့မှအဆက်

ထို့နောက် လေးဦးသားတို့သည် မည်သို့ ပြုလျှင်တော်မည့်အကြောင်းကို အနည်း နည်းအဖုံဖုံ အကြံပြုပြီး လျှင် တိုင်ပင်နှီး နှောကြ၏။ နောက်ဆုံး၌ မကြီးမိကဆိုသည် မှာ “မောင်ဘိုးရင်ပြောဆိုသောစကားသင့် ပြီ။ မောင်ဘိုးရင်ပြောသည့်အတိုင်း မနက် ဖြန်နံနက်ကျရောက်လျှင် မောင်မှတ်နှင့် ကျွန်ုပ်က အဖ၊ အမိပြုလုပ်၍ ပေးစား လိုက်မည်၊  မောင်ဘိုးရင်က  ခေါ်၍သွား လေတော့”ဟုဆို၍   စကားပြီးပြတ်ကြ၏။

ထိုအခါ ညဉ့်နက်လှပြီဖြစ်၍ မစောတင်နှင့် မကြီးမိတို့သည် အိမ်ထက်သို့တက်၍ အိပ်ကြ၏။   ကိုရင်မောင်နှင့်   မောင်မှတ် လည်း အိမ်ခလောက်ဆွဲတွင် အိပ်ကြ၏။

ထိုညသန်းခေါင်ကျော်၍ အရုဏ်တက် လုနီးအချိန်ကျရောက်လျှင် မကြီးမိသည် မောင်မှတ်နှင့်တကွ ကိုရင်မောင်ကို လာ ရောက်နှိုးပြီးကာလ မစောတင်သည် မည် ကဲ့သို့ဖြစ်သည်မသိ၊ တစ်ညလုံးဝမ်းသက် ၍ ကိုယ်လက်တွင် ကြွက်တက်ပြီးလျှင် မေ့လျော့၍သွားသည်။ လာ၍ကြည့်လှည့် ပါဦးဟုခေါ်လာလျှင်  နှစ်ဦးစလုံးပင် အိမ် ပေါ်သို့တက်၍ ကြည့်ရှုကြ၏။

ကိုရင်မောင်လည်း မစောတင်၌ကပ် သောရောဂါသည် အခြားမဟုတ်၊ မောင်မြတ်သာ၌ကပ်ရောက်သော   ကာလဝမ်း ရောဂါကူး၍လာသည်ကိုသိလျှင် မိမိ၌ပါ သောဆေးများကို အမြန်တိုက်ကျွေး၊ အခြား ပြုသင့်ရာများကိုပြုလုပ်၍ အနည်းနည်း အဖုံဖုံကုသပါသော်လည်း သက်သာခွင့်မရလျှင် ကိုရင်မောင် သည် မျက်ရည်ကျသဖြင့် မကြီးမိလည်း ငိုယို၏။ ထိုအခါ မစောတင် က ဤသို့ဆို၏။

“ကိုဘိုးရင်- ကျွန်မရောဂါကား လွန်စွာ နင့်သီးသည်၊  ကျွန်မကို  ဆေးကုသ၍ရ တော့မည်မဟုတ်၊ သေရတော့မည်” ဟုဆို လျှင် ကိုရင်မောင်ကလည်း “ကျွန်ုပ် မောင်မြတ်သာထံသွားရာတွင် မလိုက်ခဲ့ပါနှင့်ဟူ ၍ပြောသည်၊ မစောတင် မနေ လိုက်ခဲ့လေ သည်၊  ယခုရောဂါမှာ  မောင်မြတ်သာ တည်းခိုသောအိမ်မှကူးသော  ရောဂါပင်  ဖြစ်တော့သည်” ဟု ဆို၏။

မစောတင်ကဆိုသည်မှာ “လူဆိုသည့် အရာမှာ ကိုယ့်အကြောင်းနှင့်ကိုယ်ဖြစ်ကြ ရပါသည်၊ သို့ဖြစ်သောကြောင့် ကျွန်မကို ဆေးကုသ၍ရတော့မည်မဟုတ်၊ ကျွန်မ သေရတော့မည်ကို     ကျွန်မသိပါသည်၊ ကိုဘိုးရင်နှင့်ကျွန်မမှာ ဤဘဝတွင် မပေါင်း ထိုက်သေးပါ၊ နောက်ဘဝကျရောက်လျှင် ပေါင်းရအောင် ဆုတောင်းပါသည်၊ ကိုဘိုး ရင်ကလည်း ဆုတောင်းပါ၊ မကြီးမိတို့က လည်း ကူညီဝန်းဝိုင်း၍ ဆုတောင်းကြပါ” ဟုဆိုလျှင် မကြီးမိလည်း မျက်ရည်စက် လက်နှင့်ပင် “ငါ့တူမမှာ မသေနိုင်သေးပါ” ဟု   အားပေး၏။   မစောတင်ကလည်း

“မိန်းမနှစ်ယောက်ရှိသည်တွင် ကျွန်မမှာ ကိုဘိုးရင်နှင့်မပေါင်းထိုက်၊ အဝသူ မမယ်မ နှင့်သာ ကိုဘိုးရင် ကောင်းအောင်ပေါင်း ရစ်ပါ” ဟုဆိုပြီးလျှင် မစောတင်သည် သေ ငယ်ဇောနှင့်မြောရှာ၏။

သည်ကဲ့သို့ မစောတင် သေငယ်ဇော နှင့်မြောလျှင် ကိုရင်မောင်သည် သမီးငယ်ကို အဖပွေ့ပိုက်ဘိ သကဲ့သို့  ပွေ့ပိုက်ပြီး လျှင် ဤသို့ဆို၏။

“နှမ မစောတင်၊ အစ်ကိုနှင့်တွေ့ကြုံ ရသမျှမှာ ဒုက္ခဆင်းရဲရောက်ရာသာရှိသည်၊ အစ်ကိုနှင့် တွေ့ကြုံရလျှင် ဒုက္ခဆင်း ရဲရောက်လေသည်သာဖြစ်သည်၊ အစ်ကို သည် ရှေးအစ ပထမငယ်ရွယ်စဉ် ကတည်း က အမိမွေးလာလျှင် အစ်ကိုဗွေဆိုးသော ကြောင့် အမိသည် မနေနိုင် သေရရှာတော့ သည်၊ ဤကဲ့သို့ အမိသေပြန်လျှင် ငါ့အဖ လည်း မနေနိုင်၊ တစ်ရွာတစ်ကျေးသို့ ထွက် ၍ ပြေးသွားပြန်သည်၊ ဤကဲ့သို့ အမိသေ ၍  အဖထွက်ပြေးလျှင် ဦးဘိုးအိုသည် ရောက်လာပြီးလျှင်  ငါ့ကို  ကောက်ယူပြီး သားအမှတ်မွေးစားပြန်လျှင် ငါဗွေဆိုးသော ကြောင့်  အဖဦးဘိုးအိုလည်း ရောဂါဆိုး တိုက်၍သေ၊ အမိမဖားဥမှာလည်း မင်းဒဏ်သင့်ပြီးလျှင် ဥစ္စာပစ္စည်းကို အစိုးရသိမ်း သောကြောင့် အဝတ်ထည်ချင်း သာ ကျန်ရစ်သဖြင့် လူတကာရှေ့တွင် အရှက်ကွဲ သည့်ပြင် အနည်းနည်းအဖုံဖုံတွေ့ကြုံတိုင်း ဆဲသူဆဲ ဆိုသူဆို သည်ကဲ့သို့ သူတို့ဒုက္ခ ရောက်ကြသမျှမှာ ငရင်မောင်သာလျှင် စနက်မီးဖြစ်တော့သည်” ကိုရင်မောင် ဤသို့ဆိုလျှင် မကြီးမိက ဆိုသည်မှာ “အမောင်- မစောတင်ကို အမောင်ချစ်ကြောင်းကို ကျွနု်ပ်နှင့်တကွ မောင်မှတ်ပါသိသည်၊ ယခုမှ မစောတင် လည်း တစ်ဘဝပြောင်းရှာ၍ ရှိမှဖြစ်လျှင် သေပြီးသောသူသည်  မောင်ဘိုးရင်ငို၍ ရှင်ဦးမည်မဟုတ်၊ မောင်သာလျှင် ပင်ပန်း မည်၊ တန်ပါ” ဟုဆို၏။ ထိုအခါ ကိုရင်မောင် သည် စိတ်ကိုချုပ်တည်း၍ မရနိုင်လှသဖြင့် မကြီးမိအား ဤသို့ဆက်လက်၍ ပြော၏။

ဆက်လက်ဖော်ပြပါမည်။