ကူညီကယ်ဆယ်ခြင်းဖြင့် ပြည်သူ့အကျိုးသယ်ပိုး

ကူညီကယ်ဆယ်ခြင်းဖြင့် ပြည်သူ့အကျိုးသယ်ပိုး

တပ်မတော်သားတိုင်းလိုက်နာပြု ကျင့်ရမည့် ကျင့်ဝတ်ခြောက်ဆယ်တွင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ် (၁၀) ပါးကိုတိကျခိုင်မာစွာသတ်မှတ်ပေးထားသည်။ ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေပါ။ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။ ပြည်သူလူထုနှင့်ယဉ်ကျေးစွာဆက်ဆံပါ။ ရေလို၊ လလိုကျင့်ပါ။ ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ အစရှိသော ကျင့်ဝတ်များမှာ ပြည်သူလူထုအပေါ် အလေးအနက်တန်ဖိုးထားခြင်း ဖြစ်သည်။ တပ်မတော်ဆိုသည်မှာ (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့အားလုံးကို စုစည်းသတ်မှတ် ခေါ်ဝေါ်ခြင်းဖြစ်သည်။

တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ပြည်သူလူထုအပေါ် ကျရောက်လာမည့် အန္တရာယ်မှန်သမျှကိုလည်း အချိန်မဆိုင်းကူညီကယ်ဆယ် ကာကွယ်ပေးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲက လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ လမ်းညွှန်ထားသည်နှင့်အညီမည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သို့ဖြစ်ခဲ့သော် ကူညီစောင့်ရှောက်ရန် အမြဲအသင့်ရှိနေကြသည်။

တပ်မတော်(ရေ)သည် မြန်မာ့ပင်လယ်လုံခြုံရေးကို အချိန်နှင့်အမျှ စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။

ပင်လယ်ပြင်အတွင်း ခရီးသွားလာလျက်ရှိသော ရေယာဉ်များ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့သော် တပ်မတော်(ရေ)က ချက်ချင်းသွားရောက် ကူညီကယ်ဆယ်လျက်ရှိပေရာ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်းလုံခြုံရေးဆောင်ရွက်နေသော တပ်မတော် (ရေ) မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စင်းရေဝင်တိမ်းစောင်းမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိသဖြင့်သွားရောက်၍ ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည်အမည်ရှိ ကုန်တင်ရေယာဉ်အားတွေ့ရှိခဲ့သည်။

အဆိုပါ ရေယာဉ်သည် ရာသီဥတုဆိုးရွားကာ လှိုင်းလေပြင်းထန်ခြင်းကြောင့်  ရေယာဉ်ပေါ်တွင် တင်ဆောင်လာသော ဘိလပ်မြေအိတ်တန် ၄၀၀၀ ခန့်မှာရွေ့လျား၍ ရေယာဉ်တိမ်းစောင်းကာ စက်ခန်းအတွင်းရေများ ဝင်ရောက်ခဲ့သည်။ တပ်မတော် (ရေ)မှလုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မီရောက်ရှိလာကာ စက်ခန်းအတွင်းရေဝင်ရောက်မှုအား ရေစုပ်ထုတ်ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ပင်လယ်ပြင်ဆိုသည်မှာ လှိုင်းလေငြိမ်သည့်အခါ ရေယာဉ်ခုတ်မောင်း သွားလာရန် အဆင်ပြေပြေရှိသော်လည်း လှိုင်းလေပြင်းထန်သည့် အခါမျိုးတွင်မူ အန္တရာယ်များလှသည်။ ယခုကဲ့သို့ ပင်လယ်ပြင်အတွင်း သွားလာနေစဉ် ရုတ်တရက်လှိုင်းလေပြင်းထန်၍ အခက်အခဲနှင့်ကြုံရသည့်အခါ လာရောက်ကူညီကယ်ဆယ်

ပေးသူများကို အလွန်ပင်ကျေးဇူးတင်ကြပေလိမ့်မည်။ တပ်မတော်သားတို့သည် ပြည်သူလူထုနှင့် ပတ်သက်လာလျှင်ပြည်သူသာအမိ၊ ပြည်သူသာအဖဟူသောစိတ်ထားဖြင့်  ကူညီကယ်ဆယ်ခြင်းဖြစ်သည်။ အကယ်၍များ တပ်မတော်သားတို့၏ ကူညီကယ်ဆယ်မှုကိုမရခဲ့သော် ပြည်သူတို့၏ အသက်နှင့် ဥစ္စာပစ္စည်းများ ကြီးမားစွာ ဆုံးရှုံးသွားပေလိမ့်မည်။

မြန်မာနိုင်ငံ၏ ရေပြင်ပိုင်နက်သည် စတုရန်းမိုင်ပေါင်း ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ ကျော်ရှည်လျားသည့်အတွက် အပြောကျယ်လှသည့်ရေပြင်ပိုင်နက်ကိုကာကွယ်ရန်မှာ စေ့စေ့စပ်စပ်ဖြင့် အသိတရား၊ သတိတရားဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာ့ပင်လယ်ပြင်ရှိ<ကယ်ဝသည့် ရေပေါ်ရေအောက်သယံဇာတ အရင်းအမြစ်များစောင့်ရှောက်ကာကွယ်ရေး၊ နိုင်ငံ၏ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ ဘေးကင်းလုံခြုံရေးနှင့်ကျူးကျော်လာမည့် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှု မှန်သမျှကို တွန်းလှန်ကာကွယ်ရေးမှာ တပ်မတော် (ရေ)၏ အဓိကတာဝန်ပင်ဖြစ်သည်။

ယနေ့အချိန်အခါတွင် တပ်မတော် (ရေ)သည် မြန်မာ့ရေပြင်ပိုင်နက်ကို ခိုင်ခိုင်မာမာ ကာကွယ်နိုင်သော စွမ်းအားရှိထားပြီးဖြစ်သည်။ ရေပြင်ရန်စစ်ဆင်ရေး၊ ဝေဟင်ရန်စစ်ဆင်ရေး၊ ရေအောက်ရန်စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေး  စသည့် စစ်ဆင်ရေးနယ်ပယ်ကြီး (၄) ရပ်တွင် ပြောင်းလဲတိုးတက်လာသည့် ရေတပ်စစ်နည်းဗျူဟာများနှင့်အညီ ရေကြောင်းစစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန် အသင့်အနေအထားရှိနေပြီ ဖြစ်သည်။ ထိုသို့အသင့်အနေအထား ရှိနေခြင်းကြောင့် မြန်မာ့ပင်လယ်ပြင်တွင် ဖြစ်ပျက်သမျှကို အချိန်နှင့် တစ်ပြေးညီသိရှိပြီး ကာကွယ်ခြင်း၊ ကူညီခြင်း၊ ကယ်ဆယ်ခြင်းစသည့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

တပ်မတော် (ရေ)ကိုပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝ ကာကွယ်ပေးနိုင်ရေးအတွက် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်မျှော်မှန်းပြီး တည်ဆောက်ပေးလျက်ရှိသည်။ အဆင့်မြင့်လာခြင်းနှင့်အတူ ပြည်သူလူထုကိုထိရောက်သောကူညီမှုပေးနိုင်ပြီဖြစ်သည်။ စက်တင်ဘာ ၁၀ ရက်ညကရှာဖွေကယ်ဆယ်ပေးခဲ့သည်မှာ သာမန်မျှထင်ရသော်လည်း ကယ်ဆယ်ခံရသူများအတွက်မူ ကြီးမားသော ကောင်းကျိုးရလဒ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။