စိတ်ဓာတ် စည်းကမ်းနှင့် သစ္စာစောင့်သိမှု

၂၁ ရာစုကမ္ဘာကြီးတွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံအသီးသီးသည် မိမိနိုင်ငံကာကွယ်ရေးကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ မြေပြင်၊ ရေပြင်၊ ဝေဟင်တို့ကိုကာကွယ်နိုင်ရေး နည်းပညာအကူအညီများဖြင့် ကြိုးပမ်းလျက်ရှိကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များ၏ အဓိကလုပ်ငန်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ မြန်မာနိုင်ငံမှာလည်း အခြားသော နိုင်ငံများနည်းတူ ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် တပ်မတော်၏ကာကွယ်ရေးစွမ်းအင်၊ စွမ်းအားများကို မြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ ကာကွယ်ရေးစွမ်းရည်ထက်မြက်စေရေးအတွက် ခေတ်အဆက်ဆက် တပ်မတော်အကြီးအကဲများက  အခက်အခဲကြားမှ တည်ဆောက်ခဲ့ကြသည်။  လူသားအရင်းအမြစ်နှင့် အသုံးအဆောင်ပစ္စည်း အရင်းအမြစ်များကို မြှင့်တင်ဆောင်ရွက် ခဲ့ကြသည့်အတွက် လက်ရှိအချိန်တွင် ယခင်ကထက်သာလွန်သည့် ကာကွယ်ရေးစွမ်းရည်ကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

တပ်မတော်ဆိုသည်မှာ စေ့စေ့စပ်စပ်သေချာစဉ်းစားကြလျှင်  ပြည်သူကြားမှပေါက်ဖွားလာသော ပြည်သူတို့၏ သားသမီးများသာ ဖြစ်သည်။ ယနေ့လူငယ်တစ်ယောက်သည် တပ်မတော်သားဖြစ်လိုပါက တပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းလိုက်လျှင် တပ်မတော်သားဖြစ်သွားသည်။ တပ်မတော်သားတစ်ဦးဖြစ်ရန်မှာ သတ်မှတ်ချက် စည်းကမ်းများနှင့် ကိုက်ညီလျှင် မည်သူမဆို တပ်မတော်သားဖြစ်နိုင်သည်။ မည်သည့် အကြောင်းကြောင်းကြောင့် တပ်မတော်ထဲသို့ ဝင်ရောက်လာသူဖြစ်ပါစေ တပ်မတော်သားဖြစ်သွားသည်နှင့်စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး နိုင်ငံတော်အပေါ်သစ္စာစောင့်သိသွားသည်။ အဘယ်ကြောင့်ဆိုသော်တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်နေခြင်းကြောင့်ဖြစ်သည်။

ယနေ့လူငယ်မောင်မယ် အချို့အနေဖြင့် တပ်မတော်ကို အဝေးကနေကြည့်မြင်ပြီး အဝေးကြည့်ဝေဖန်နေမည့်အစား မိမိတို့ကိုယ်တိုင် အနီးကပ် ဝင်ရောက်ကြည့်ရှုသင့်သည်။ တပ်မတော်တွင် တတ်ကျွမ်းသော ပညာအရည်အချင်းအလိုက်၊ ဘာသာရပ်အလိုက် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပေရာ မိမိသည် အခြေခံပညာနည်းပါးနေလျှင် တပ်မတော်က သင်ကြားပို့ချမြှင့်တင်ပေးနေပါသေးသည်။ တပ်မတော်ပညာရေးကျောင်းများတွင် ဆက်လက်တက်ခွင့်ပြုထားသည်။ တပ်မတော်ပညာရေးကျောင်းဆိုသည်မှာ ယနေ့ကာလမှ ပေါ်ပေါက်လာသော ကျောင်းများမဟုတ်ပါ။ ရှေးယခင်က အ သုံးလုံးကျောင်းများဟု လူသိထင်ရှားသော တပ်မတော်ကျောင်းများ ဖြစ်သည်။ ထင်ထင်ရှားရှား လူသိများသည်မှာ ၂၀၁၂ -၂၀၁၃ ပညာသင်နှစ်မှ စတင်ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် မှော်ဘီတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံလေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် စစ်သည်များ၊ ရဲမေများနှင့် မှီခိုသူသားသမီးများ၏ ပညာရေးကို စဉ်ဆက်မပြတ်အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနည်းပါး ခဲ့သည့် စစ်သည်၊ ရဲမေများအား အခြေခံပညာဆက်လက်သင်ကြားနိုင်ရေး၂၀၁၂ -၂၀၁၃ ပညာသင်နှစ်မှစ၍ စီမံချက်ချ ဆောင်ရွက်ခဲ့ကြောင်း၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းများ၏ သားသမီးများ၏ ပညာရေးကိုလည်း မြှင့်တင်ဆောင်ရွက် လျက်ရှိပြီး ထူးချွန်သူများကို ၂၀၁၃ ခုနှစ်မှစ၍ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထူးချွန်သူများအနက်မှ ထပ်မံရွေးချယ်၍ နိုင်ငံတကာအတွေ့အကြုံများရရှိရေး ပြည်ပလေ့လာရေးခရီးစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်ပညာရည်ထူးချွန်ဆုနှင့် ပညာသင်ဆုများကို ချီးမြှင့်ခဲ့ရာတွင် ရွှေတံဆိပ်များနှင့် ငွေသား ၆ ဒသမ ၈ ဘီလီယံကျော်ရှိပြီဖြစ်ပြီး ပညာရေးမြှင့်တင်ရေး လုပ်ငန်းများကို ဆက်လက်အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သို့ဝင်ရောက်လာသူတိုင်းကို အရည်အချင်းရှိသည် ထက်ရှိအောင်၊ စိတ်ဓာတ်ကောင်းသည် ထက်ကောင်းအောင်၊ စည်းကမ်းရှိသည် ထက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် ထက်မြက်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် ဘေးအပေါင်း၊ ရန်အပေါင်းကို ကာကွယ်နိုင်အောင် လေ့ကျင့်ပေးလျက်ရှိသည်။ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိ သကဲ့သို့ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အနှစ်ချုပ်ဆိုရလျှင် တပ်မတော်သားတိုင်းတွင် စိတ်ဓာတ်၊ စည်းကမ်းနှင့် သစ္စာစောင့်သိမှု ကိုယ်စီရှိထားပြီး ဖြစ်ရာ တပ်မတော်အကြောင်း ထဲထဲဝင်ဝင် သိရှိလိုပါလျှင် အဝေးကြည့်နေသည်ထက် အနီးကပ် ကြည့်မြင်ဖို့ လိုအပ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။