မြန်မာအမျိုးသားလေကြောင်း

မြန်မာအမျိုးသားလေကြောင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၆ ရက်ကကျင်းပသည့် မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines-MNA)၏  (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုမျှော်မှန်းပြီး ခေတ်အဆက်ဆက်နိုင်ငံတော်က ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ကောင်းမွန်သော အစဉ်အလာနှင့် သမိုင်းကြောင်းကို ထာဝစဉ်ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ဝေးလံပြီးသွားလာမှု ခက်ခဲသည့် ဒေသတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးကိစ္စရပ်များ အဆင်ပြေစွာဖြင့် အချိန်တိုအတွင်း သယ်ယူပို့ဆောင်ပေးနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအကြား ဆက်သွယ်ပျံသန်းပို့ဆောင်နေသည့် လေကြောင်းလိုင်းဖြစ်သည်နှင့်အညီ လေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လေကြောင်းပို့ဆောင်ရေးကဏ္ဍသည် အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ လေကြောင်းခရီးဖြင့် သွားလာခြင်းမှာ ငွေကြေးကုန်ကျမှုများသော်လည်း အချိန်တိုအတွင်း လိုရာခရီးသို့ ရောက်နိုင်သည်။  လုပ်ငန်းတွင်ကျယ်မှုလည်းရှိစေပါသည်။  ထို့ကြောင့်လေကြောင်းပို့ဆောင်ရေး ကဏ္ဍကို  အလေးအနက်ထားဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လေယာဉ်ခရီးစဉ်များ၊ လေကြောင်းလိုင်းပြေးဆွဲမှုများဟုပြောလိုက်သည်နှင့် ပြည်သူတစ်ရပ်လုံး၏ ရင်ထဲ၌ အရင်ဆုံးပြေးမြင်မိသည်မှာ UBA နှင့် BAC ပင်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက် ပေါ်ပေါက်လာသည့့် UBA နှင့် BAC သည် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို သာမက ဒေသတွင်းပြည်ပနိုင်ငံများနှင့် ခရီးစဉ်များကိုပါ ပြေးဆွဲခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (Union of  Burma Airways- UBA) အမည်ဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း (Burma Airways Corporation -BAC)၊ ၁၉၈၉ ခုနှစ်တွင် မြန်မာ့လေကြောင်း  (Myanma  Airways-MA)၊ ၂၀၁၅ ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်း (Myanmar National  Airlines-MNA))အဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး  ပြည်တွင်းပြည်ပလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများကို ထမ်းဆောင်ခဲ့သည်။  သမိုင်းတစ်ခေတ်တွင် အောင်မြင်မှုမှတ်တိုင်များစိုက်ထူနိုင်ခဲ့သည်။ ထို့ကြောင့် ပြည်သူလူထု၏ ရင်ထဲတွင် မြန်မာအမျိုးသားလေကြောင်းသည် ဂုဏ်ယူဖွယ်ရာလည်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းသည် ပြည်ပခရီးစဉ်ပျံသန်းမှုများအနေဖြင့် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယစသည့်နိုင်ငံများကို ပုံမှန်ခရီးစဉ်များပျံသန်းနေသည့်အပြင် ဗုဒ္ဓဂယာဘုရားဖူးစင်းလုံးငှား  ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲလျက်ရှိသည်။ မကြာမီတွင် ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းတော့မည်ဖြစ်သည်။ စက်တင်ဘာ ၁၅ ရက်က မြန်မာအမျိုးသားလေကြောင်းမှ Boeing 737-400 လေယာဉ်အမျိုးအစား Cargo လေယာဉ်အား ကြိုဆိုသည့် အခမ်းအနားကို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပခဲ့ပြီးဖြစ်သည်။    မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များတွင် အသုံးပြုပြေးဆွဲမည်ဖြစ်ပြီး  လေယာဉ်သည် တန်ချိန်အားဖြင့် ၁၈ တန်အထိ သယ်ဆောင်နိုင်သည်။ ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော Dangerous Goods များကိုလည်း ပို့ဆောင်နိုင်မည်ဖြစ်သည်။

ထို့ပြင် ပြောင်းလဲတိုးတက်လာသည့် အခြေအနေနှင့် လိုက်လျောညီထွေစွာ ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး လေယာဉ်စင်းရေတိုးချဲ့မှုများ၊ လက်ရှိပြေးဆွဲနေသည့် ခရီးစဉ်များကို ခေါက်ရေတိုးမြှင့် ပြေးဆွဲမှုများ ဆောင်ရွက်နိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ ကုန်စည်ပို့ဆောင်ရေး ခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲပျံသန်းရန် စီစဉ်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ပို့ကုန်၊ သွင်းကုန်ကို တိုးမြှင့်တင်ပို့နိုင်မည် ဖြစ်သည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးရာရောက်မည် လည်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းကို တာဝန်ယူဆောင်ရွက်နေသူများ အားလုံးက တက်ညီလက်ညီ၊ စည်းလုံးညီညွတ်စွာ မိမိတို့ကိုယ်ပိုင်စီးပွားရေးကဲ့သို့ သဘောထားဆောင်ရွက်သွားကြမည်ဆိုပါက တိုးတက်အောင်မြင်မှု ရရှိမည့်အပြင် ရေရှည်ရှင်သန်ရပ်တည်သွားနိုင်မည်ဖြစ်သည်။ နေ့စဉ်အချိန်ကိုက် လှုပ်ရှားသွားလာနေရသောလူမှုဘဝတွင် အချိန်မှန်ကန်တိကျခြင်းကို အလေးထားကြရမည်ဖြစ်သည်။ အစစအရာရာတွင် စိတ်ချမ်းမြေ့စွာ ဝန်ဆောင်မှုပေးနိုင်ပါက မြန်မာအမျိုးသားလေကြောင်းအပေါ် ခရီးသွားရွေးချယ်မှု အများဆုံးအခြေအနေသို့ရောက်ရှိလာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် စိန်ရတုမှသည် ရတုပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်အောင် မြင်ပါစေကြောင်း။   ။