ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် စက်တင်ဘာ ၉ ရက်က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသသည် ခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်သည့် သဘာဝရေမြေတောတောင် အလှအပများနှင့် အရင်းအမြစ်များစွာ ရှိပြီးဖြစ်သည့်ဒေသဖြစ်ကြောင်း၊ ဂုတ်ထိပ်တံတားနှင့် တောတောင်ရေမြေသဘာဝအလှများသည် ခရီးသွားများကို ဆွဲဆောင်နေသည့် နေရာတစ်ခုဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်းသာယာလှပရေး၊ သန့်ရှင်းသပ်ရပ်ပြီး မျက်စိပသာဒဖြစ်ဖွယ်ရှိစေရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက် သွားမည်ဆိုပါက ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ခရီးသွားဧည့်သည်များစိတ်ဝင်တစားလာရောက်နိုင်ရေးမှာ မိမိတို့ဒေသတွင်ထွက်ရှိသော အစားအစာများမှာ အရည်အသွေးကောင်းမွန်နေရန်လိုသည်။  သန့်ရှင်းလတ်ဆတ်ပြီး  အရည်အသွေးကောင်းမွန်ကာ စားချင်စဖွယ်ဖြစ်အောင် လုပ်ဆောင်ကြရမည်။ တည်းခိုနေထိုင်ရေး၊ သွားလာရေးများကိုလည်း ကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ကြရမည်ဖြစ်သည်။ ဝန်ဆောင်မှုအကောင်းဆုံးဖြစ်အောင် ပေးနိုင်မှသာလျှင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုအကောင်းဆုံးဖြစ်ပေမည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည့်အတွက် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဒေသခံပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှု တိုးတက်ရေးသည်လည်း အဓိကဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ် ထားနိုင်ခြင်းသည်လည်း  အဓိကဖြစ်သည်။  ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ လေ့လာကြည့်ရှုစရာ သဘာဝရှုခင်းများလည်း ပေါများလှသည်။ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံနှင့် ရိုးရာအကအလှများကလည်း ခရီးသွားများကို ဆွဲဆောင်နိုင်စွမ်းရှိလှသည်။  ထို့ပြင်  ပြင်ဦးလွင်ဘူတာ၊  ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းတို့မှာလည်း ခရီးသွားများ စိတ်ဝင်စားသည့်နေရာများဖြစ်သည်။

လမ်းပန်းဆက်သွယ်မှုလျင်မြန်ချောမွေ့ပြီး ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်မှုရှိမှသာလျှင် ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်။ ကုန်စည်စီးဆင်းမှုသာမက ခရီးသွားဧည့်သည်များ အနေဖြင့်လည်း လွယ်ကူအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း   ပို့ဆောင်ဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ လေယာဉ်ပြေးလမ်းအား ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့် ပြေးလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လူမှုစီးပွားဘဝများလည်းမြင့်မားလာပေမည်။

ထို့ပြင် လားရှိုး-မန္တလေး ရထားလမ်းပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော်ရထားလမ်းဖောက်လုပ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိသည်။ လက်ရှိအသုံးပြုလျက်ရှိသောကားလမ်းကိုလည်း  လေးလမ်းသွားအဖြစ်  အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ ကူးလူးဆက်သွယ်သွားလာမှုများ အဆင်ပြေ ချောမွေ့လာမည်ဆိုပါက ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ ဒေသတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအတွက် ခရီးသွားလုပ်ငန်းများမှာများစွာ အထောက်အကူပြုလျက်ရှိသည်။ ခရီးသွား လုပ်ငန်းမှာ အောင်မြင်မှုရရှိပါက အကျိုးဖြစ်ထွန်းမှုအနေဖြင့် ကြီးကြီးမားမားရရှိနိုင်သည်။ ခရီးသွားလုပ်ငန်း များရေရှည် အောင်မြင်ရေးအတွက် အခြေခံအဆောက်အဦများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ဟိုတယ် နှင့်တည်းခိုရာနေရာများ၊ လျှပ်စစ်နှင့်အင်တာနက်ဆက်သွယ်မှုများ၊ ငွေကြေးနှင့်ဘဏ်စနစ်များ အဆင့်မြင့် ကောင်းမွန်ရန်လိုအပ်သည်။ ထို့အတူ ခရီးသွားများအတွက် လိုအပ်သောသတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေစွာ လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနိုင်ရန်လည်း လိုအပ်ပေသည်။

ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ပို့ဆောင်ဆက်သွယ်မှုများပိုမိုကောင်းမွန်စေရေးကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်ခဲ့ပြီးဖြစ်သည်။  ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသည် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိပြီး ပို့ကုန်၊ သွင်းကုန်များကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေး၊ စီးပွားရေးအရ အရေးကြီးသောဒေသဖြစ်သည်။ မကြာမီကာလအတွင်း  MSME  စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သကဲ့သို့ ဒေသ၏ခရီးသွား လုပ်ငန်းများကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။