အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

ဒီတောင်ဟာ ပြန်ပေးတောင်တဲ့ ထိုသတင်းစကားကို တစ်ယောက်ပါးစပ်မှ တစ်ယောက်နားသို့ တစ်ဆင့်စီပါးလိုက်သည်။  နောက်ဆုံးတွင် လူ ၈၀ လုံးဆီသို့ ရောက်သွားသည်။ သန်းမောင်တို့မယ်ဒလင်ဝိုင်းသည်လည်း လှုပ်လှုပ်ရွရွဖြစ်သွားကာ ဝိုင်းပျက်သွားသည်။

လှမင်းသည် ပြူးပြူးပြဲပြဲမျက်နှာနှင့် ဦးခင်တို့ဝိုင်းသို့ ရောက်လာသည်။ စောစောက လှမင်းသည် သန်းမောင်၏ မယ်ဒလင်သံကြောင့် ရန်ကုန်ကိုလွမ်းသည်။ သမီးငယ်ကို လွမ်းသည်။ ခင်ခင်ကိုအမှတ်ရသည်။ မြန်မြန်ခေါ်ချင်သည်။  ခင်ခင့်မျက်နှာသည်  မိုးယံထက်တွင် ကြယ်ပြောက်ကလေးများအကြား၌  ပေါ်လာသည်။

ထို့နောက် သန်းမောင်၏မယ်ဒလင်သံက အမြူးအကြွဘက်သို့ တွန်းပို့လိုက်သဖြင့် သူသည် ခင်ခင်နှင့်တွဲကာ သက်တံပေါ်တွင် လေသင်တိုင်းစီးချင်စိတ်ပေါ်လာသည်။   တိမ်လွှာများအကြား   ခင်ခင်နှင့်ပြေးလွှား ဆော့ကစားချင်သည်။ ယခုကား ထိုစိတ်တို့ ပျောက်ကုန်ပြီ။ ပြန်ပေးတောင်တဲ့ ဆိုသောအသိက သူ့စိတ်ကို ခြောက်လှ့န်နေသည်။ သီရိတံတားတွင်လုပ်စဉ် တိုင်ကြီးတစ်ခု ပြိုလဲသွားစဉ်က ဤမျှထိတ်ထိတ်ပျာပျာမဖြစ်မိ။ ယခု တံတားတိုင်ပြိုလဲသည်ထက်ပို၍ အစိုးရိမ်စိတ်ကြီးလာသည်။ ပြန်ပေးတောင်ဆိုသော သတင်းကိုကြားလျှင် ထပ်၍နားထောင်ချင်လာသည်။ အကြောင်းစုံသိချင်လာသည်။

လာဗျို့ စောသာအေး၊ ဦးခင်တို့ဆီသွားကြမယ်။ ဟိုမှာလူစုစုနဲ့ သူတို့ဖြစ်မှာပဲ စောသာအေးလည်း အိပ်ရာမှလူးလဲထကာ လူအုပ်အုပ်ရှိရာသို့ လှမင်းနှင့်အတူရောက်လာသည်။ အချိန်ကား ၉ နာရီခန့်ရှိနေပြီ။

ဘယ်သူမှမအိပ်ကြသေး။   အိမ်က သား၊မယားများအကြောင်း၊ လုပ်ငန်းအကြောင်း၊ လာခဲ့သည့် ခရီးလမ်းပန်းအကြောင်း တို့ကို ပြောဆိုနေကြသည်။ ဦးခင်က စလိုက်သည်နှင့် အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်ကာ ဦးခင်ဆီတွင် ဝိုင်းဖွဲ့ကြသည်။

ဘာတဲ့လဲ၊  ပြန်ပေးတောင်တဲ့။  မဟုတ်ပါဘူး။ အင်ကြင်းတောင်ပါကွာ။ ဆရာကြီးတို့ပြောနေကြတာ ငါကြားသားပဲ။ ဒါကို အင်ကြင်းတောင်လို့ခေါ်တာတဲ့

မယုံရင် ဘကြီးခင်ကိုမေးကြည့်ပါလားကွ။ ငါကဘာလို့ အလကားလုပ်ကြံပြီးပြောရမှာလဲ

ဘကြီးခင်ကို ဘယ်သူပြောသလဲ မသိဘူး၊ သွားပြီးမေးပေါ့

ဒါ ပြန်ပေးတောင်ဆို ဘကြီးခင်၊ ဘကြီးခင်ကို ဘယ်သူပြောသလဲ။ ဘကြီးခင် အရက်မသောက်သေးပါဘူး

မင်းအမေ့လင် ဘယ်ကအရက်သောက်ရမှာလဲ။ ဒီမဲဇာမှာ ဘယ်ကအရက်လာပြီးရမှာလဲကွ

ဦးခင် ဒေါပွသွားသည်။ ဓာတ်သိသူများဖြစ်သဖြင့် သူအရက်သောက်တတ်မှန်း    လူတိုင်းသိနေသည်။

သီရိတံတားဖွင့်ပွဲတုန်းက ဆရာကြီးဦးသောင်းဒန်ကပင် နိုင်ငံခြားအရက် ခေါ်၍တိုက်သေးသည်။ အလွန်အဝင် ကောင်းသည့်အရက် ဖြစ်သည်။ နံနက်မိုးလင်းတော့ ခေါင်းအုံ၊ ခေါင်းကိုက်ခြင်းမရှိ။ မီးခိုးနံ့လည်းကင်းသည်။

ဟုတ်သည်။ သူအရက်သောက်သည်။ သို့သော်လည်း သူအရက်သမားမဟုတ်။ သူ့ကို အရက်သမားခေါ်လျှင်မကြိုက်။

မမူးသေးရင်   ဘကြီးခင်အခုပြောတာ   စကားကောင်းပေါ့နော်

ဦးခင် ဘာမှပြန်မပြော။ ထိုင်ရာမှထပြီး တောင်စောင်းတွင်    မှိုင်တွေချကာထိုင်နေသော ရဲဘော်ကို လှမ်း၍ခေါ်လိုက်သည်။

လာစမ်းပါဦး ကိုရဲဘော်ရယ်။ ခင်ဗျားတို့ပဲလာပြီး ရှင်းလှည့်ပါဦး

ရဲဘော်လည်း ပျာပျာသလဲနှင့် ဦးခင်တို့ရှိရာသို့ ပြေးလာသည်။

ဘာလဲ၊ ဘာဖြစ်သလဲ။ ဟေး စိန်သောင်း၊ လှတင်၊ အုန်းမြင့်၊ ထွန်းလှအောင်

သူ့ရဲဘော်များကိုလှမ်းခေါ်ပြီး ရောက်လာသည်။

သူကား စောစောကဦးခင်ကို သည်တောင် ပြန်ပေးတောင် ဖြစ်သည်ဟု သတင်းပေးသွားသော တပ်စိတ်မှူး တပ်ကြပ်ကျော်ခင်ဖြစ်လေသည်။

ဘာမှမဖြစ်ပါဘူး    ရဲဘော်ရယ်။    ဒီတောင်ဘာတောင်ခေါ်သလဲလို့ ဟောဒီကသိချင်ကြလို့တဲ့

ပြန်ပေးတောင်ခေါ်တာပေါ့ဗျ။  ပြန်ပေးဆွဲလို့ ပြန်ပေးတောင်ခေါ်တာပဲ။  အရင်ကတော့  နာမည်ရှိမှာပေါ့

အင်ကြင်းတောင်တဲ့

အခုတော့   ပြန်ပေးတောင်ပဲ။   ဒီတစ်ဝိုက်မှာ ပင်လယ်ဗိုလ် တိုင်းကျော်အဖွဲ့ သောင်းကျန်းနေတယ်။

ဓားပြလည်းတိုက်တယ်။ ပြန်ပေးလည်းဆွဲတယ်။ လစ်ရင်လစ်သလို ဝင်တိုက်တယ်။ သူ့ကို စင်ရော် တိုင်းကျော်လို့လည်း ခေါ်ကြတယ်

အခု သူဘယ်မှာလဲ ဘယ်သိမလဲဗျ။ ဘယ်မှာလဲသိရင် ကျုပ်တို့လိုက်ပြီး တိုက်လိုက်ရုံရှိတာပေါ့။ မသိလို့ခက်နေတာပေါ့။ ဒီနေရာတစ်ဝိုက်က သိပ်ပြီးတော့ကောင်းတယ်။ တိုင်းကျော်ကို ကျုပ်တို့ တွေ့ချင်နေတာကြာပြီ

တပ်ကြပ်ကျော်ခင်စကား      ကြားလိုက်ရလျှင် အားတက်သွားကြသည်။

နို့ မောင်ရင်ပြောတော့...

ဟုတ်တယ်  ဦးလေး။  အခု  ကျွန်တော်တို့မှာက ရဲဘော်ရှစ်ယောက်တည်းရယ်။   ဒီနေရာမှာလည်း ကျွန်တော်တို့ မကျွမ်းသေးဘူး။  လက်နက်ကလည်း မပြည့်စုံဘူး။ ရိုင်ဖယ်ချည်းပါတယ်။ ဒီကောင်တွေက ဂျီသရီးတို့၊ ဘာတို့ကိုင်တာဗျ

အားလုံး တပ်ကြပ်ကျော်ခင်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်ကြသည်။ ဘယ်သူမှစကားမပြောကြ။ ဦးခင်သည် နဖူးကြောကိုရှုံ့၍ အကြံထုတ်နေသည်။ လှမင်း၊စောသာအေး၊ အောင်ကြီး၊ ခင်မောင်စိန်တို့ မျက်နှာများကို ကြည့်သည်။ သူတို့အားလုံးလည်း မျက်နှာသေလေးများနှင့် ငိုင်နေကြဟန်တူသည်။ ည၏အမှောင်ကြောင့် မျက်နှာများကိုကား သဲသဲကွဲကွဲမမြင်ရ။ အောင်ကြီးသည် လည်ချောင်းထဲကတံတွေးကို ခွပ်ခနဲမျိုချလိုက်သည်။ ပြီးလျှင် ဆေးလိပ်သောက်ရန် မီးခြစ်ကိုအိတ်ထဲမှ ထုတ်လိုက်သည်။ မီးခြစ်ဆံထုတ်ကာ ရှဲခနဲခြစ်လိုက်လျှင်  လှမင်းက  ဟေ့လူ၊  မီးမြင်သွားလိမ့်မယ် ဟု

ဟန့်လိုက်သည်။ လှမင်း၏အသံသည် ခြောက်ကပ်ကပ်ရှိလှသည်။ သူ့အသံကြားလျှင် ဆေးလိပ်ကိုင်ထားသူတို့ ယောင်ယမ်းကာ ဆေးလိပ်တိုများကိုပစ်ချလိုက်ကြသည်။

အားလုံးချောက်ချားနေကြပြီ။     အပ်ကျသံပင်ကြားရမတတ်   တိတ်ဆိတ်နေသည်။   ပင်လယ်က တိုက်ခတ်လာသော လေအေးသည် သူတို့ကိုစိမ့်ခနဲပက်ဖျန်းလိုက်သည်။ သို့ရာတွင် သူတို့ စိတ်လှုပ်ရှားနေသဖြင့် မအေး။ ပူနွေးနေသော သူတို့ကိုယ်ကို လေအေးက မလွှမ်းမိုးနိုင်။ သူတို့၏ နှလုံးများသည် မြန်မြန်ခုန်နေကြသည်။  သွေးသည်  ပို၍မြန်မြန်လှည့်နေသည်။

ငှက်ဆိုးတစ်ကောင်သည် သူတို့ခေါင်းထက်တွင် စူးစူးရှရှ အော်မြည်ကာ တောင်ထိပ်ဆီသို့ ပျံတက်သွားသည်။

အားလုံးပင်     ဖြန်းခနဲကြက်သီးထသွားကြသည်။

တစ်ယောက်အနားသို့တစ်ယောက်တိုးလာကြသည်။

ထိုအချိန်တွင် ဦးခင်က တိတ်ဆိတ်ခြင်းကိုဖောက်ခွဲလိုက်သည်။

အနို့ ဒီညတော့ရော ရဲဘော်ကြီးရဲ့

ဒီညလား၊ ဒီအတိုင်းနေရမှာပေါ့။ သတိ၊ ဝီရိယနဲ့နေရမှာပဲ။ ကျွန်တော်တို့လည်း တကယ်လို့ဖြစ်လာရင် ရှစ်ယောက်တည်းနဲ့ ဘာမှမတတ်နိုင်ဘူး

ဦးခင်သည် တောအရက်ကောင်းကောင်းကို ချက်ချင်း အမှတ်ရလာသည်။ ယခုလိုအခိုက်အတန့်တွင် သွေးဆူသွားအောင်    လက်ဖက်ရည်ပန်းကန်တစ်လုံးခန့်စီလောက် တိုက်လိုက်ချင်သည်။

ကျွန်တော်တို့ ကွမ်းသီးခြံထဲဆင်းအိပ်ရမကောင်းဘူးလား

ချောင်းဟိုဘက်ကူးပြီးအိပ်ကြရင် ကောင်းမယ် ထင်တယ်

ချောင်းဟိုဘက် ဘယ့်နှယ်ကူးမလဲ။ လှေမှမရှိဘဲနဲ့ ဦးခင် ခေါင်းကုတ်နေသည်။

နေဦး၊ နေဦး၊ ကျုပ်စီစဉ်မယ်။ ဘာမှစိုးရိမ်စရာမရှိဘူး

အားလုံး ခေါင်းမော့လာကြသည်။

ကျုပ်တို့ အခုနေတော့ ဘုရားမှတစ်ပါး ဘာမှကိုးကွယ်ရာမရှိဘူး။ ကျုပ်တို့အထဲမှာ လူမျိုးစုံပါတယ်။

ဆရာဦးဒေးဗစ်တို့၊ ဦးစောသာအေးတို့က ခရစ်ယာန်လို ဆုတောင်း။ ကျုပ်တို့က မြတ်စွာဘုရားဆီမှာ ဆုတောင်းမယ်။  စိပ်ပုတီးစိပ်ကြရမယ်။  ဂုဏ်တော်ကိုးပါးကို အာရုံပြုပြီး စိပ်ကြရမယ်။ ဣတိပိသော  ရကြတယ် မဟုတ်လား။ ပြီးတော့ သမ္ဗုဒ္ဓေလည်းရကြတယ် မဟုတ်လား။   နှစ်ဆယ့်လေးပစ္စည်းနဲ့   ကျုပ်စည်းချမယ်။

စည်းချပြီးအိပ်ကြရမယ်

အိပ်ဖို့စိတ်မကူးနဲ့ ဘကြီးခင်။ ကျွန်တော်တို့တော့ မအိပ်ဘူး

အိပ်ချင်တဲ့ လူအိပ်ဖို့ပြောတာပါ။ ကျုပ်တို့လည်း မအိပ်ပါဘူး။ တစ်ညလုံးထိုင်ပြီး ပုတီးစိပ်မယ်။ ပရိတ်ရွတ်မယ်၊ စည်းချမယ်။ ဆရာဦးဒေးဗစ်တို့၊ ဦးစောသာအေးတို့လည်း ဘုရားရှိခိုးကြပေါ့

မစ္စတာဒေးဗစ်သည်   စောသာအေးကိုခေါ်ကာ ဝါးရုံပင်အောက်တစ်နေရာသို့သွားသည်။

ကျွန်တော်တို့တော့ ကွမ်းသီးခြံထဲဆင်းအိပ်မှာပဲ

စက်မောင်းသိန်းတင်၏ အသံဖြစ်သည်။ သူ့အသံသည် တုန်နေသည်။ ကျိုက်ဒေးရုံရေလယ်ဘုရားတွင် သိန်းတင်သည် တစ်ယောက်တည်း ကျိတ်၍ငိုနေသည်။ ယခုထိတ်ထိတ်ပျာပျာဖြစ်နေပြီ။  နေစရာ၊  ထိုင်စရာမရှိ ဖြစ်နေပြီ။

ကောင်းကင်ဘုံ၌ရှိတော်မူသော အဖ ဘုရားသခင်၊ ကျွန်ုပ်တို့သည် ယခု တောကြီးတောင်ကြီးအလယ်၌ ဒုက္ခနှင့်ကြုံတွေ့ နေကြရပါသည်။ ဤဘေးဒုက္ခအပေါင်းတို့မှ လွတ်မြောက်အောင်  အဖယေရှုသခင်  ကူညီစောင်မတော်မူပါ။  အဖ ယေရှုသခင်၏နာမတော်ကို အမှီပြု၍ အသနားခံပါသည် အဖဘုရားသခင်၊ အာမင်

ဒေးဗစ်၊ စောသာအေးနှင့် ဗစ်တာတို့ ဆုတောင်းနေကြသည်။ ဆူဆူသံကြားသည်နှင့် ဖြောင့်အောင်ပင် ဆုမတောင်းရဘဲ လူအုပ်ရှိရာသို့ပြန်လာရသည်။

မသွားရဘူး၊ ဘယ်မှသွားပြီးမအိပ်ရဘူး။ ခင်ဗျားယောကျ်ားမဟုတ်ဘူးလား ကိုသိန်းတင်

လှမင်း၏အသံဖြစ်သည်။ သူ့အသံသည်မာသည်။

မထိန်းလျှင်မဖြစ်တော့သည့် အခြေအနေသို့ရောက်နေပြီဟု သူနားလည်လာသည်။

ဘယ်သူမှ ဒီနေရာကခွာဖို့ စိတ်မကူးကြနဲ့။ ကွမ်းသီးခြံထဲပြေးတော့ကော လွတ်မယ်ထင်သလား။ လာရင်ကွမ်းသီးခြံကလူကို အရင်တွေ့မှာပဲ။  ချောင်းထဲက လှေနဲ့လာပြီး တက်လာမှာ။ ကျွန်တော်တို့ တောင်ကုန်းပေါ်က အလွတ်ကြီး။ ကွမ်းသီးခြံဖြတ်ရဦးမယ်။ ပြီးမှကျွန်တော်တို့ဆီရောက်မယ်

ဆက်လက်ဖော်ပြပါမည်။     

ကျော်အောင်