ကုန်းဘောင်ခေတ်မြန်မာရာဇဝင်တွင် ဘကြီးတော်မင်းလက်ထက် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲရှုံးနိမ့် ခဲ့ရခြင်းကြောင့် အင်္ဂလိပ်၏ အမြဲတမ်းသံတမန်ကို အင်းဝနေပြည်တော်တွင် ထားရှိပေးရသည်။ သံတမန်အမည်မှာ မေဂျာဟင်နရီဘာနေ ဖြစ်သည်။ မေဂျာဘာနေသည်လည်း မြန်မာတို့အပေါ် ကောင်းခဲ့သည်မဟုတ်ပါ။
မြန်မာဘက်က ပြန်လည်စေလွှတ်မည့်သံအရာရှိမှာ မင်းကြီးမဟာစည်သူဖြစ်သည်။ မင်းကြီးမဟာစည်သူနှင့်အဖွဲ့ ကာလကတ္တားသို့ ထွက်ခွာခါနီးတွင် မေဂျာဘာနေက သူတို့ဘုရင်ခံချုပ်ထံမှ လိုအပ်သောကူညီမှုများ ပေးသနားရန် မိတ်ဆွေများ ဝတ္တရားအတိုင်းမှာကြား ပြောဆိုသင့်ပါလျက် ထိုသို့ မကူညီသည်သာမက ဘာနေသည် ဘုရင်ခံချုပ်ထံ လျှို့ဝှက်စာ ရေးသားပေးပို့ခဲ့သည်။
ဘာနေက သူ၏စာတွင် မြန်မာဝန်ကြီးများက ဘင်္ဂလားသို့ သံအဖွဲ့တစ်ခုအမြန်စေလွှတ်ရန် စီစဉ်သည်ဟု ကျွန်တော်ကြား သိရပါသည်။ ထိုအဖွဲ့ ကာလကတ္တားသို့ဆိုက်ရောက်ပါက ထုံးစံအတိုင်းကြိုဆို လက်ခံပြီးနောက် သူတို့အား မျက်နှာသာ မပေးစေလိုပါ။ ဆက်ဆံရာ၌ သူတို့အပေါ်တွင် အထက်စီးနင်းနှင့် မောက်မာစွာ ကျင့်သုံးသင့်ပါသည်။ အင်္ဂလိပ်ဘုရင်ခံချုပ်နှင့် သူတို့ကို တွေ့ခွင့်ပေးရန် ကြာနိုင်သမျှကြာအောင် စောင့်ဆိုင်းစေသင့်ပါသည်။ ရန္တပိုစာချုပ်အရ စစ်လျော်ကြေးပေးရန် ကျန်ငွေ(လေးပုံတစ်ပုံ)ကို ပြေလည်အောင်ပေးဆပ်ပြီး မှသာလျှင် သူတို့တိုင်ပင် ဆွေးနွေးလိုသော ကိစ္စများကို လက်ခံနိုင်မည်ဟု ပြောကြားသင့်ပါသည်။ ရခိုင်ပြည်ရှိ အင်္ဂလိပ်ပိုင်နက်များ မြန်မာတို့ကျူးလွန်သည်ကိုလည်း ရပ်တန်းကရပ်ရန် သတိပေးသင့်ပါသည် ဟူ၍ ရေးသားထားသည်။
မေဂျာဘာနေ၏စာတွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးများအတွက် အကျိုးပြုသော အချက်တစ်စုံတစ်ရာ မပါရှိဘဲ ရန်လိုသော သဘောထားကိုသာ ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။ အင်္ဂလိပ်တို့သည် ထိုခေတ်ထိုအချိန်ကာလကတည်းကပင် မြန်မာတို့အပေါ် အကောင်းမြင်သူများကို မြန်မာနိုင်ငံသို့ စေလွှတ်တာဝန်ပေးခြင်း မရှိခဲ့ပါ။
မြန်မာတို့နှင့် မသင့်မြတ်သူကိုသာ ရွေးချယ်လေ့ရှိသည်။ မေဂျာဘာနေသည် မြန်မာတို့အပေါ်၌ကား စေတနာ လုံးဝမရှိသူဖြစ်သည်။ အင်းဝမြို့တော်သို့ သူရောက်ရှိချိန်က ဘုရင့်ရှေ့တော်သို့ ချက်ချင်းဝင်ခွင့် မပြုခဲ့သည်ကို သူက အခဲမကျေနိုင်ဖြစ်နေသည်။ ဘုရင့်ရှေ့တော်ဝင်လျှင် မြန်မာထုံးစံအတိုင်း ဖိနပ်ချွတ်ရမည်။ ကန်တော့ခံသည့် နေ့တွင်ဝင်ရမည် စသောအချက်တို့ကို သူက အပြင်းအထန် ငြင်းဆန်ကန့်ကွက်ခဲ့သည်။
အမှန်အားဖြင့် ရှေ့တော်သို့ ဝင်ခွင့်ရစဉ်ကလည်း အင်္ဂလိပ်သံအဖွဲ့က မလိမ့်တပတ် စည်းကမ်းချိုးဖောက်ခြင်း ပြုခဲ့သည်။ မေဂျာဘာနေ၏ ညီတော်သူ ဒုတိယသံမှူး ကပ္ပီတန်ဂျော့ဘာနေသည် ခြေအိတ်ရှည်အတွင်းက ဖိနပ်ကိုဝှက်စီးကာ ရှေ့တော်သို့ဝင်လေသည်။ သံမှူးအနေနှင့် ထိုသို့ပြုပါက မြန်မာတို့ကန့်ကွက်လျှင် အရှက်ရဖွယ်ရှိသောကြောင့် ညီနှင့်လွှဲပြောင်းကာ ခိုးကြောင်ဝှက်ကြောင် စည်းကမ်းဖောက်ခြင်းဖြစ်သည်။
အကယ်၍ မြန်မာတို့က အပြစ်ဆိုလျှင် သံငယ်က မသိ၍ပါဟူသော ဆင်ခြေဖြင့် ညစ်ပုပ်ကပ်ကျယ်ဗြောင်လိမ်ဖွယ်ရှိသည်။ မြန်မာတို့ အနေဖြင့်ကား သိသော်လည်း အကျယ်မဖြစ်စေလို၍ သည်းခံခဲ့ခြင်း ဖြစ်ဟန်တူပေသည်။
မေဂျာဘာနေသည် ထိုခံစားချက်များကြောင့် မြန်မာသံအဖွဲ့နှင့်ပတ်သက်၍ ဘုရင်ခံချုပ်ထံ အတွင်းစာ ရေးသားခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်သံမှူးဘာနေ၏ ချောက်တွန်းချက်ကြောင့် မင်းကြီးမဟာစည်သူ၏ သံအဖွဲ့သည် အိန္ဒိယပြည်သို့ရောက်ရှိပြီး နှစ်နှစ်နီးပါးကြာမှ အင်္ဂလိပ်ဘုရင်ခံချုပ်နှင့်တွေ့ရသည်။ ထိုသို့တွေ့ဆုံရသည်မှာ လမ်းခုလတ်တွင် ခေတ္တတွေ့ဆုံရခြင်း ဖြစ်သည်။ တိုင်းပြည်အရေး ဆွေးနွေးခွင့်မှာ ကာလကတ္တား မြို့တော်၌ ရမည်လိုလိုနှင့် နောက်ထပ်တစ်နှစ်ကြာခဲ့ပြန်သည်။ မြန်မာသံအဖွဲ့ကို အကူအညီပေး စောင့်ရှောက်ရန်အတွက် မေဂျာဘာနေက သူ့ညီ ကပ္ပီတန်ဘာနေကို ထည့်ပေးလိုက်သည်။ ကပ္ပီတန်ဘာနေက သူ့နောင်တော်၏ အတွင်းရေး စာအတိုင်း မြန်မာများကို ညှဉ်းဆဲဖြစ်အောင် ညှဉ်းဆဲခဲ့သည်။
မင်းကြီးမဟာစည်သူ၏ ဘင်္ဂလားသွားစာတမ်း၌ မြန်မာများ အင်္ဂလိပ်ဘုရင်ခံချုပ်ကို လွယ်လင့်တကူ မတွေ့ကြသည်ကို ကွက်ကွက်ကွင်းကွင်းရေးသားထားသည်။ ပထမကာလကတ္တားမြို့၌ တွေ့ခွင့်ရရန် ၁၀ လကျော်ငံ့မျှော်ခဲ့ကြသည်။ တစ်ဖန်ဗာရာဏသီမြို့သို့လိုက်မှ တွေ့ရမည်ဆို၍ စိတ်အားထက်သန်စွာ ဂင်္ဂါမြစ်ကို ဆန်တက်ခဲ့ကြသည်။ သို့သော် ထိုမြို့၌မရှိဘဲ ဖရုတ်ကဘတ်မြို့သို့ ခရီးဆက်ကြရပြန်သည်။ ထိုမြို့၌ မတွေ့၍ ဆင်းမလားမြို့သို့ လိုက်မည်ရှိရာ ခွင့်မရသဖြင့် ရောက်ရာအရပ်မှ ခုနစ်လဆိုင်းစောင့်နေရပြန်သည်။ ထို့နောက် အာဂရမြို့သို့ သွားရပြန်သည်။ ထိုမြို့တွင် ဘုရင်ခံချုပ်နှင့်တွေ့သော်လည်း ဘာမျှဆွေးနွေးခွင့်မရဘဲ အင်္ဂလိပ်မင်းကို အနီးကပ်မြင်ဖူးရုံမျှသာဖြစ်သည်။ ကမ္ဘာ့သံတမန်ဆက်ဆံရေး သမိုင်းတွင် ပြောမယုံ ကြုံဖူးမှသိ ဆိုသကဲ့သို့ ဤမျှရိုင်းပျသော လက်စားချေမှု မကြုံဘူးကြောင်း ညိုမြ၏ ကုန်းဘောင်ရှာ ပုံတော်စာအုပ်တွင် ဖော်ပြထားသည်။ ဤသည်မှာ ဘကြီးတော်မင်း လက်ထက်ကြုံတွေ့ရသော ဖြစ်ရပ်မှန်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ ။