
ယမန်နေ့မှအဆက်
ကျွန်တော်တော့ သွားမှာပဲဆရာ။ ကျွန်တော်ပြန်မယ် ဆရာ၊ ဒီညကိုပြန်မယ်။ ဒီမှာမနေဘူး။စင်ရော်ကိုချောင်းဘေးကနေ လျှောက်သွားမယ် သိန်းတင်သည် အလျှော့မပေး။ သူ့စိတ်သည် ပို၍ချောက်ချားလာသည်။
မသွားရဘူး၊ ခင်ဗျားဘယ်မှ မသွားရဘူး။ ကျွန်တော့်အမိန့်ဗျာ။ အားလုံး ကိုသိန်းတင်ကို ဂရုစိုက်ပြီး ကြည့်နေကြ။ ဘယ်မှမသွားစေနဲ့။ မရရင်ဖမ်းချုပ်ထားကွာ။
ဒါပဲ
လှမင်း ဒေါသထွက်လာသည်။
ခင်ဗျားကြောင့် အားလုံးစိတ်ဓာတ် ပျက်ကုန်လိမ့်မယ်။ ခင်ဗျားယောကျ်ား မဟုတ်ဘူးလား။ဒီမှာကျုပ်တို့ လူရှစ်ဆယ်ရှိတယ်။ ရဲဘော် ရှစ်ယောက်ရှိတယ်။ သေနတ်ရှစ်လက်ရှိတယ်။ လာရင်အသေခံချမယ်ဗျာ။ ကျည်ဆန်မကုန်မချင်း ခံပစ်မယ်။
ခင်ဗျားတို့ အားလုံးသာစိတ်ဓာတ်မပျက်ကြနဲ့
ကဲ အိပ်ချင်တဲ့လူ အိပ်ကြ။ ကျွန်တော်တို့ တစ်ညလုံးမအိပ်ဘူး။ ကျွန်တော်ရယ်၊ စောသာအေးရယ်၊ ကိုလှမင်းရယ်၊ ဗစ်တာရယ်၊ ခင်မောင်စိန်ရယ်၊ မစ္စတာဒေးဗစ်ရယ် စောင့်ကြမယ်။ ခင်ဗျားတို့အိပ်ကြ အောင်ကြီးက အသံမာမာနှင့် ပြောသည်။
ကိုလှမင်း ပြောတာဟုတ်တယ်။ကျွန်တော်တို့နေရာက ဘာမှစိုးရိမ်စရာမရှိဘူး။ ဆူဆူညံညံသာမလုပ်နဲ့။ မယ်ဒလင် မတီးနဲ့။ ဆေးလိပ်မသောက်နဲ့။ ဒီတောင်ကုန်းပေါ်မှာ ကျွန်တော်တို့ရှိတယ်ဆိုတာ ဘယ်သူသိမှာလဲ အောင်ကြီးက ဆက်၍အားပေးသည်။ အားပေးမည့်သာ အားပေးရသော်လည်း သူ့စကားကို သူမယုံလှ။ သို့သော်အရေးမကြီး။ သူများယုံဖို့ အရေးကြီးသည်။ တကယ်တမ်းဆိုလျှင် သူတို့ကို ရန်မူရန်စောင့်နေသည့် ရန်သူသည် မနက်ကတည်းက ဘယ်မှာစခန်းချသည်ကို သိနေမည်။ သူတို့တွင်လည်း သတင်းပေးရှိသည်။ ရွာသားယောင်ဆောင်၍ ချောင်းထဲတွင် ကူးသန်းစုန်ဆန်နေကြသူတို့သည် သူတို့အဖွဲ့ရောက်လာသည်ကိုမြင်ပြီး တွေ့ပြီးဖြစ်သည်။ ယခုနေတွင်ကား ဖြစ်နိုင်တာတွေ စဉ်းစားနေလျှင် မိုးပြိုဖို့သာရှိသည်။ ယခုအခိုက်အတန့်တွင် အားပေးစကားလိုသည်။ ကျနေသော စိတ်ဓာတ်ကို မြှင့်ပေးရမည်။ ပျော့နေသည့်စိတ်ကို မာလာအောင် လုပ်ပေးရမည်။ ထို့ကြောင့် လူအုပ်များဆီသို့ သွားကာ အားပေးစကားပြောသည်။ စည်းရုံးစကားပြောသည်။
လှမင်း၊ စောသာအေး၊ ဒေးဗစ်တို့လည်း အောင်ကြီးလိုပင် အားပေးစကား၊ စည်းရုံးစကားများ ပြောနေကြသည်။ ခင်မောင်စိန်ကား လူအပေါင်းလှုပ်လှုပ်ရှားရှား ဖြစ်နေကြသဖြင့် စိတ်ထဲတွင်တစ်မျိုးဖြစ်လာသည်။ သူသည် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်သည်။ အပူအပင်ကင်းသည်။ ဘဝကြီးတစ်ခုလုံး လှုပ်ရှားနေသည်ကို မြင်ချင်သည်။ ထုံထုံထိုင်းထိုင်းမနေချင်။
မလှုပ်ရှားရင် လောကကြီးဟာ အသုံးဘာကျမှာလဲ။ တစ်ခုခုတော့ လှုပ်ရှားနေမှကောင်းမယ်။ တိုက်ပွဲဖြစ်ရင် ကောင်းမှာပဲ။ သူပုန်တွေလာရင် ကောင်းမှာပဲ။ ဒါမှဆူဆူညံညံဖြစ်မယ်။ တို့က ရှိသမျှအင်အားနဲ့ သူပုန်တွေကို ခံတိုက်။ ခံတိုက် ခံတိုက်။ ဟင် တို့မှာခံတိုက်စရာ ဘာရှိလို့လဲ။ သေနတ်က ရှစ်လက်ထဲ။
ရဲဘော်က ရှစ်ယောက်ထဲ။
ဟေ့ ဟိုဘက်ကမ်းက ဘာသံလဲကြားလား
ခင်မောင်စိန်၏ စိတ်ထဲတွင် သူတို့ဆီသို့ တက်လာကြသော သူပုန်များကိုမြင်နေသည်။ သူတို့ချင်း စကားပြောသံကို ကြားနေသည်။ ထို့ကြောင့် သူ့ဘေးတွင် ရှိနေသော အေးသန်းကိုမေးလိုက်သည်။ အေးသန်းနားစွင့်သည်။ တွတ်တွတ်သံ ကြားရသည်ဟုထင်သည်။
သို့သော် မသဲကွဲ။ ထိုစကားကိုကြားရသဖြင့် လှမင်းတောင်ကုန်းအောက်နားသို့ ဆင်းသွားသည်။ ခဏကြာလျှင် ပြန်တက်လာသည်။
ခြံထဲက အဘိုးကြီးနဲ့ အဘွားကြီး စကားပြောနေကြတာပါဗျာ
ထိုအခါတွင်မှ ဟင်း ချနိုင်သည်။
တစ်နေရာတွင် အိပ်နေသော လက်သမား ဘချစ်သည် ထွေရာလေးပါးစိတ်ကူးရင်း ဒလတွင်ကျန်ရစ်ခဲ့သည့် မိန်းမမျက်နှာကိုပြေးမြင်သည်။ ည ညကျရင် ဘုရားရှိခိုးအိပ်နော် ကိုဘချစ် ဟု တတွတ်တွတ်မှာသည်ကို ကြားယောင်လာသည်။ ဘုရား တရားသံဃာ ဆရာ မိဘမမေ့နဲ့။ ဆရာ မိဘ ဆရာ၊ ဆရာကြီးဘယ်မှာလဲ။ ဆရာကြီး ဦးသောင်းဒန်ဘယ်မှာလဲ။
ဆရာ ဦးစောသာအေး၊ ဆရာ ဦးစောသာအေး
ခပ်လှမ်းလှမ်းတွင် ရပ်နေသော စောသာအေးကို
တိုးတိုးခေါ်သည်။ စောသာအေး သူ့ဆီသို့ ခပ်သွက်သွက်
လျှောက်လာသည်။
ဘာလဲ၊ ကိုဘချစ်လား
ဆရာကြီးရော၊ ဆရာကြီး ဦးသောင်းဒန် ဘယ်မှာလဲ
စင်ရော်ကို သွားတယ်
ပြန်မလာဘူးလား
ဘယ်ပြန်လာမလဲဗျ။ ည ဟိုမှာစီစဉ်စရာတွေ ရှိတယ်။ စက်တွေရောက်မယ်။ ပြီးတော့ ခင်ဗျားတို့ ကျွန်တော်တို့ စားဖို့သောက်ဖို့အတွက် နလကတို့ ကုန်သွယ်ရေးတို့နဲ့ စီစဉ်ရမယ်။ ဘာဖြစ်လို့လဲ၊ ကျွန်တော်တို့ရှိသားပဲဗျ။ ကျွန်တော်တို့ကို အုပ်ချုပ်စောင့်ရှောက်ဖို့ ဦးသောင်းဒန် မှာခဲ့တာပဲ
ဘာမှမဖြစ်ပါဘူး ဆရာ၊ ဆရာကြီးကို အမှတ်ရလို့ပါ။ ဟိုတုန်းကတော့ ကျွန်တော်တို့နဲ့အတူ စားမယ်။
အတူနေမယ်၊ အတူအိပ်မယ်လို့ပြောပြီး ခုတော့...
ခုတော့ ဘာဖြစ်လဲ
ခုတော့ ကျွန်တော်တို့၊ ကျွန်တော်တို့ကို ပစ် ပစ် ထွက်သွားတယ်။ ဘချစ်သည် ပြောရင်း ငိုသံပါလာသည်။ ဘချစ် စိတ်အားငယ်နေပြီ။
ဘယ်က ပစ်ထွက်သွားရမှာလဲ။ ခင်ဗျား အရမ်းမပြောနဲ့။ တခြားလူတွေ ကြားကုန်မယ်။ ပစ်ထွက်သွားတာ မဟုတ်ဘူး။ အရေးကြီးတဲ့ အစီအစဉ်တွေလုပ်ဖို့ ပြောပြီး ထွက်သွားတာ။ ခင်ဗျားပြောတာနဲ့ အားလုံးက ဦးသောင်းဒန် ကျွန်တော်တို့ကို ပစ်ထွက်သွားတယ် ထင်နေလိမ့်မယ်
ပစ်ထွက်သွားတာပါ ဆရာရယ်၊ ကျွန်တော်တို့ အခုဒုက္ခတွေ့နေပြီ
ဘယ်ကဒုက္ခတွေ့ရမှာလဲ။ ခင်ဗျားအတော်ပျော့တဲ့လူပဲ။ အခုဘာဖြစ်လို့လဲ၊ ဘာဒုက္ခတွေ့နေလို့လဲ။ ခင်ဗျား ယောကျ်ားမဟုတ်ဘူးလား မဟုတ်ဘူး ဆရာ၊ ဆရာကြီး ကျွန်တော်တို့ကို ပစ်သွားတာပဲ။ ဆရာကြီး ပစ်သွားတာပဲ
တော်ဗျာ၊ ဒီစကားမပြောနဲ့
စောသာအေး ဒေါသထွက်လာသဖြင့် လှမင်းဆီသို့ သွားသည်။ ဒေးဗစ်ကိုလည်း ခေါ်သည်။ အကျိုးအကြောင်း ပြောပြသည်။ လှမင်းသည် ဘချစ်ဆီသို့ သွားကာ ချွေးသိပ်ရပြန်သည်။ သို့သော် မရ။ ဘချစ်တုန်တုန်ယင်ယင် ဖြစ်နေသည်။ မတတ်နိုင်။ လှမင်းထွက်လာခဲ့သည်။ ဘချစ်၏ရောဂါသည် ကူးစက်သွားသည်။ စောစောက ငိုငိုရယ်ရယ် ဖြစ်နေသည့် သိန်းတင်ဆီသို့ ရောက်သွားသည်။ သိန်းတင်က ဟုတ်တယ်၊ ဆရာကြီးတို့ကို ပစ်သွားတာပဲဟု ယုံသွားသည်။
သိန်းတင်ကတစ်ဆင့် ထိုစကားကို စက်မောင်းအေးသန်းအား ပြောသည်။ အေးသန်းက သူ့အဖော် စက်မောင်းဘလှကို တစ်ဆင့်ဖြန့်သည်။ ဘလှက သူတို့စကားကို လက်မခံ။
မဟုတ်ဘူး၊ ခင်ဗျားတို့ အလကား အားငယ်နေတာ။ ဆရာကြီးသူ့ကိစ္စနဲ့သူသွားတာ။ ဦးစောသာအေးတို့၊ ဦးလှမင်းတို့ကိုမှာနေတာ ကျွန်တော်ကြားသားပဲ ဟုပြောသည်။
အေးသန်းက နက်ဖြန်မှ သွားတော့ရော မဖြစ်ဘူးတဲ့လားဟု ကွန့်သည်။
အခုည အရေးတကြီး စီစဉ်စရာရှိလို့ အခုညသွားတာပေါ့ဗျ ဘလှစိတ်တိုလာသည်။
ဦးခင်သည် အင်ကြင်းစေတီသို့မျက်နှာမူကာ ပရိတ်ရွတ်နေသည်။ တွတ်တွတ်သံသာ ထွက်လာသည်။ ဘာရွတ်နေမှန်း မသဲကွဲ။ တစ်ချက်တစ်ချက် ချောင်းဟန့်သံ၊ ချောင်းဆိုးသံတို့နှင့် ရောသွားသည်။ တစ်ယောက်က ချောင်းဟန့်လိုက်လျှင် နောက်တစ်ယောက်က လိုက်၍ ချောင်းဟန့်သည်။ တစ်ယောက်က သမ်းလိုက်လျှင် နောက်တစ်ယောက်က လိုက်ပြီးသမ်းသကဲ့သို့ ချောင်းဟန့်ခြင်းသည်လည်း အမြန်ကူးစက်သွားသည်။
တို့ မအိပ်သေးဘူး၊ တို့ အိပ်လို့မပျော်ဘူး။ တို့အိပ်လို့ မရဘူးဆိုသည့်သဘောကို ဖော်ပြနေကြသည်။
ဦးခင်သည် ပရိတ်ရွတ်ပြီးလျှင် မေတ္တာပို့သည်။
အရပ်ဆယ်မျက်နှာရည်မှန်း၍ မေတ္တာပို့သည်။ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ချောင်းစောင့်နတ်၊ မြစ်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ် မကျန်စေရ။
သြဓိသမေတ္တာ၊ အနောဓိသမေတ္တာ။ ထို့နောက်တောင်ကုန်းပတ်ပတ်လည် မျက်နှာမူကာ စည်းချလေသည်။
ဟေတုပစ္စယော၊ အဓိပတိပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ ပစ္စယောဟောတု
အရှေ့ဘက်ပြီးလျှင် တောင်ဘက်လှည့်ကာ လက်ညှိုးညွှန်လျက် စည်းချပြန်သည်။
ပစ္စယော ဟောတု။
ပစ္စယော ဟောတု။
ပစ္စယော ဟောတု။
_ _ _ _ _
ကွမ်းသီးခြံထဲမှ မားမားမားမားနှင့် လူတစ်ယောက် ထွက်လာသည်။
ဟော ဦးသောင်းဒန် လာပြီ လှမင်းက အော်လိုက်ပြီးလျှင် တောင်ကုန်းကိုအပြေးဆင်းကာ သောင်းဒန်ကို သွား၍ကြိုသည်။
ဆက်လက်ဖော်ပြပါမည်။
ကျော်အောင်