လယ်ဝေးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အေလာ၌ ကျောင်းသား၊ ကျောင်းသူများ နွားနို့တိုက်ကျွေးခြင်း အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်
နေပြည်တော် အောက်တိုဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွားနို့တိုက်ကျွေးရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အေလာ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် နေ့စဉ်စားသုံးသည့် အစားအစာ များက အရေးကြီးကြောင်း၊ နွားနို့သည် ကျန်းမာဖွံ့ဖြိုးရန် မရှိမဖြစ် လိုအပ်သည့် အာဟာရတစ်ခုဖြစ်ကြောင်း၊ သန့်ရှင်းလတ်ဆတ်သည့် နွားနို့သောက်သုံးခြင်း၊ သားငါးများ စားသုံးခြင်းများ ဆောင်ရွက်နိုင်ရန် အတွက် တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသများတွင် မွေးမြူရေး တိုးတက်ဖွံ့ဖြိုးရန် အတွက် လိုအပ်သည့် တိရစ္ဆာန်မျိုးကောင်းများ ရရှိမွေးမြူလာစေရေး၊ ကောင်းမွန်သည့် မွေးမြူရေးစနစ် ကျင့်သုံးလာစေရေး နည်းပညာများ၊ တိရစ္ဆာန်အစာများ၊ ရောဂါကာကွယ်ထိန်းချုပ်သည့် နည်းလမ်းများကို ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တက်တက်ကြွကြွ ဆောင်ရွက်နိုင်ရေးအတွက် ပညာအရည်အချင်းရှိသည့် ဒေသခံလူငယ်များရှိရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး(စီမံ) ဦးကြာညိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း အေလာ Grade - 4 မှ ကျောင်းသား၊ ကျောင်းသူများက (၃၈)ဖြာမင်္ဂလာတေးသီချင်းဖြင့် လည်းကောင်း၊ Grade - 10 မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို နွားနို့နှင့် ကြက်ဥအာဟာရများကို တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။