မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ စိုက်ပျိုးရေး အခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်တော့မည်

မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ စိုက်ပျိုးရေး အခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်တော့မည်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် နိုင်ငံတော်၏ စီးပွားရေး တိုးတက်ကောင်းမွန်စေရန် စီးပွားရေးကဏ္ဍ၌ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးဆိုသည့် ဦးတည်ချက်နှင့် အညီ မွန်ပြည်နယ်အတွင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ မွန်ပြည်နယ်အတွင်း MSME လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံအစားအစာ ထုတ်ကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းကို စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ပြီး MSME လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အကြောင်းနှင့် တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော သုတေသနနှင့်  တီထွင်ဆန်းသစ်မှု ဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု  အထူးရန်ပုံငွေ (၂၀၂၀) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်  MSME လုပ်ငန်းများအတွက် မွန်ပြည်နယ်    စိုက်ပျိုးရေး အခြေခံ အစားအစာထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းကို စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်ကြာ  စာတွေ့လက်တွေ့  ဖွင့်လှစ်ပို့ချပေးခဲ့ပြီး    မွန်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူ ၁၄၃  ဦး တက်ရောက်သင်ကြားခဲ့သည်။

ဦးတိုးဝင်း(အတွင်းရေးမှူး) မွန်ပြည်နယ်အစိုးရအဖွဲ့

    နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်တဲ့   စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်နဲ့  SME ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ဖို့၊   Value Added ဖြစ်အောင်  ထုတ်လုပ်ဖို့ကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်က အမြဲမပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီသင်တန်း ဖြစ်ပေါ်လာတာကတော့ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မွန်ပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်တွေ စစ်ဆေးတဲ့ ခရီးစဉ်မှာ  ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ညှိနှိုင်းမှုအရ ဖြစ်ပေါ်လာတာပါ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်က   ကျောင်းတွေဟာ ပြည်နယ်ရဲ့ဒေသ ဖွံ့ဖြိုးရေးကို ကူညီပေးဖို့၊ မွန်ပြည်နယ်မှာ လိုအပ်နေတဲ့ Production ပိုင်းနဲ့ လူသားအရင်းအမြစ် မွေးထုတ်နိုင်ရေး ပံ့ပိုးပေးဖို့ညှိနှိုင်းခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်မှာရှိတဲ့   သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်ကို အကူအညီတောင်းခံပြီး  ဒီသင်တန်းကို   ဖွင့်လှစ်ခဲ့တာပါ။  ကျွန်တော်တို့ မွန်ပြည်နယ်ဟာ စိုက်ပျိုးရေးကောင်းမွန်ပြီး ဥယျာဉ်ခြံထွက် သီးနှံတွေ ပေါများပါတယ်။

သူ့ရာသီအလိုက် ပြည်နယ်တွင်းသာမက အခြားဒေသတွေပါ တင်ပို့နိုင်ပါတယ်။  ဒါပေမဲ့ ရေရှည်ထိန်းသိမ်းမှု စနစ်နဲ့ကြာရှည်ခံအောင်  ဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်။  မော်လမြိုင်မှာ  Cold Store အအေးခန်း ၁၁ ခုလောက်ရှိပြီး ငရုတ်သီး၊ အချို့ငါးခြောက်တွေပါ ထားနိုင်ပါတယ်။ ဒါပေမဲ့ အသီးအနှံတွေကိုတော့ အအေးခန်းနဲ့ ထားရာမှာ နည်းပညာ လိုအပ်နေပါတယ်။

ယခုသင်တန်းမှာ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနက အစားအသောက်နဲ့ ပတ်သက်တဲ့ အသီးအနှံများကို အခြောက်ခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဆောင်ရွက်တဲ့နည်းပညာ၊ ဓနိဝိုင်၊ ဓနိလက်ဖက်ခြောက်၊ ဓနိအဆီ ထုတ်ယူခြင်း၊ ကျွဲကောဝိုင်၊ မင်းကွတ်သီး၊ ကြက်မောက်သီးဖျော်နည်းပညာနဲ့ ရော်ဘာသစ်နဲ့ဝါးပါကေး ထုတ်လုပ်ခြင်း  နည်းပညာတွေ ဖြန့်ဝေတဲ့အတွက် အလွန်အင်မတန် အကျိုးရှိတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာရှိတဲ့ ကုန်သည်၊ စက်မှုအသင်း၊ အသီးအနှံအဖွဲ့များ၊ ရော်ဘာအဖွဲ့အစည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအဖွဲ့နဲ့ ပတ်သက်တဲ့ MSMEs လုပ်ငန်းရှင်တွေ ၁၄၃ ဦး တက်ရောက်နိုင်ခဲ့တဲ့ အတွက် မွန်ပြည်နယ်အတွက် အလွန်အကျိုးရှိပါတယ်။ ပြသတဲ့စက်တွေကိုလည်း ဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ ဒါကြောင့် မဲခေါင်-လန်ချန်း အစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ဒီအစီအစဉ်ကို ဖော်ဆောင်တဲ့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ သင်ကြားပေးသူ ဆရာမများ အားလုံးကို  မွန်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား    အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

 

ဒေါက်တာသဇင်ဟန် (ညွှန်ကြားရေးမှူး) သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

    ကျွန်မအနေနဲ့ သင်တန်းမှာဖြန့်ဝေပေးမယ့် နည်းပညာတွေကတော့ ဓနိနဲ့ ကျွဲကောသီးမှ တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်နိုင်တဲ့နည်း အဆင့်ဆင့်ကို လက်တွေ့ သင်ကြားပေးမှာဖြစ်ပါတယ်။ ဓနိပင် တစ်ပင်လုံးကို အမျိုးမျိုး အသုံးပြုလို့ရတဲ့ အထဲမှာမှ တစ်ပင်လုံးရဲ့ အသက်ဟာ ဓနိဖူးလေးမှာပါ။ မွန်ပြည်နယ်မှာ ကျွဲကောသီးတွေက ပေါများစွာ ထွက်ရှိတဲ့ သီးနှံတွေဖြစ်လို့  အရည်အသွေးမီ ထုတ်ကုန်ရရှိစေဖို့ ကုန်ကြမ်းရွေးချယ်မှုမှ ကုန်ချောထွက်ရှိတဲ့အထိ အဆင့်တိုင်းကို သေချာစွာ ထိန်းချုပ်ဖို့ အရေးကြီးပါတယ်။ ယနေ့မွန်ပြည်နယ်မှာ လာရောက်ပြီး နည်းပညာတွေဖြန့်ဝေခွင့်ရလို့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

 

ဒေါက်တာကေသွယ်ခိုင်(ဒုတိယညွှန်ကြားရေးမှူး)သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန

    မြန်မာနိုင်ငံမှာ ပေါများစွာထွက်ရှိတဲ့ အသီးအနှံတွေ   လေလွင့်ဆုံးရှုံးမှုကို လျှော့ချပြီး တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်တဲ့ သီးနှံများစွာရှိပါတယ်။ကျွန်မအနေနဲ့ သင်တန်းမှာ ဖြန့်ဝေပေးမယ့် နည်းပညာတွေကတော့ မင်းကွတ်သီး၊ ကျွဲကောသီး ဖျော်ရည်လုပ်နည်း၊ အသီးတွေကို အေးခဲအခြောက်ခံ နည်းပညာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ မင်းကွတ်သီး၊ ဒူးရင်းသီးတွေ ပေါများစွာထွက်ရှိပြီး အသီးအနှံတွေ လတ်ဆတ်နေလို့ လက်တွေ့သင်ကြား ဖျော်နည်းပြတဲ့အခါမှာ ချိုမြိန်နေပါတယ်။ ဒူးရင်း၊ ပိန္နဲ၊ နဂါးမောက်၊ စိန်တစ်လုံး သရက်ကဲ့သို့ ရာသီအလိုက် ကုန်ကြမ်းပေါများစွာ ထွက်ရှိတဲ့ သီးနှံများကို Freeze Dry နည်းပညာကို အသုံးပြု၍ အဆင့်မြင့် ထုတ်ကုန်ပြုလုပ်ရန် သင့်လျော်ပါတယ်။ သင်တန်းမှာ နည်းပညာတွေ သင်ကြားခွင့်ရပြီး မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ လုပ်ငန်းရှင်များအနေနဲ့ တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်သွားနိုင်မယ်လို့ ယုံကြည်တဲ့အတွက်   ဝမ်းမြောက်မိပါတယ်။

 

ဦးအောင်သိန်း(ဓနိလုပ်ငန်းရှင်)ချောင်းဆုံမြို့နယ်

    ကျွန်တော်ကတော့ ချောင်းဆုံမြို့နယ် ကလွီရွာနဲ့ ဒရယ်ရွာနှစ်ရွာကြားမှာရှိတဲ့ ဓနိ ဧက ၁၀၀ ခန့်ကို ပိုင်ဆိုင်ထားပြီး လက်ရှိဧက ၆၀ ခန့်ဧရိယာအတွင်း နေ့စဉ် ဓနိရည် ၅ ဂါလန်ဝင် ပုံးများဖြင့် ပုံးပေါင်း ၅၀ ခန့်  ထုတ်လုပ်လျက် ရှိပါတယ်။မိုးအကုန် ဆောင်းနှင့်နွေတွင် ရရှိသည့် ဓနိရည်ကို  ရှာလကာရည် အသုံးပြုရန် စုဆောင်းထားပြီး   အဲဒီကမှ တစ်ဆင့် ရှာလကာရည် ဖြစ်လာစေရန်  နှစ်နှစ်၊ သုံး နှစ်ခန့် အချဉ်ပြုထားတာကို  ပေါင်းခံကျိုချက်ပြီး ရှာလကာရည်  ထုတ်လုပ်ထားပါတယ်။  ဒါပေမဲ့ အနံ့အသက်နဲ့ အရောင်ပိုင်း  အားနည်းနေလို့   ယခုသင်တန်းမှာ  နှစ်ရှည်ထားစုဆောင်းရန် မလိုဘဲ အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး   အနံ့အသက် ကောင်းမွန်ပြီး မူလအရသာထက် ထူးကဲမှုကိုရရှိနိုင်မယ့် နည်းလမ်းတွေကို လက်တွေ့သင်ကြားပေးတယ်။    ဆရာမတွေရဲ့  လမ်းညွှန်ချက်အတိုင်း စမ်းသပ်ကြည့်တာ အနံ့အသက်ကောင်းမွန်မှုကို ဖော်ဆောင်နိုင်မှု လက်တွေ့ပြသနိုင်ခဲ့တယ်။ ကျွန်တော့်အနေနဲ့ ထုတ်လုပ် ရောင်းချနိုင်မယ့် အခြေအနေရှိလာရင်  “ဒီရေတောအရသာ ဓနိရှာလကာ”ဆိုတဲ့ အမည်လေးကို ယာယီပေးထားပါတယ်။ ဆရာမတွေက အရသာက ပင်လယ်ဆားဓာတ်လေး ပါနေလို့ ပိုပြီး အရသာထူးကဲတယ်လို့ ချီးမွမ်းအားပေးစကားတွေ  ပြောခဲ့ကြပါတယ်။ ဒီလို နည်းပညာဖြန့်ဝေပေးတဲ့ သင်တန်းကို တက်ရောက်ရတဲ့အတွက် မကြာမီကာလ အတွင်းမှာ မျှော်မှန်းထားတဲ့ ဒေသထွက်ကုန်တစ်ခု ဈေးကွက်အတွင်း ထိုးဖောက်ကာ မိသားစုဝင်ငွေ တိုးလမ်းစဟာ ပွင့်လာမှာဖြစ်တယ်လို့ မျှော်လင့်မိပါတယ်။ သင်တန်း ဖွင့်လှစ်သင်ကြားနိုင်အောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

အကျိုးကျေးဇူးရလဒ်များ

    မွန်ပြည်နယ်အတွင်းရှိ    MSMEs လုပ်ငန်းရှင်များ  ထုတ်လုပ်မှုကဏ္ဍများ တိုးမြှင့်ထုတ်လုပ် လာနိုင်စေရန် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံအစားအစာ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှု  နည်းပညာဖြန့်ဝေပေးရေး သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးနိုင်ခြင်းကြောင့်   စိုက်ပျိုးထွက်ကုန် သီးနှံများကို  တန်ဖိုးမြင့်ဈေးကွက်ဝင် ထုတ်ကုန်များ အဖြစ် ထုတ်လုပ်နိုင်ခြင်း၊ စားသောက်ကုန် ထုတ်လုပ်ခြင်း နည်းပညာများ တိုးတက် လာနိုင်ခြင်း၊ ဒေသတွင်းရှိ သီးနှံများ တန်ဖိုးမြင့်မားလာပြီး လေလွင့်မှု နည်းပါးလာခြင်း၊ သွင်းကုန်များ အစားထိုးနိုင်ခြင်း၊ ဒေသတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာခြင်း၊ MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း စသည့်ကောင်းမွန်သော အကျိုးကျေးဇူးများပြီး နိုင်ငံတော် အကြီးအကဲမျှော်မှန်းသည့် စိုက်ပျိုးရေး ထုတ်ကုန်၊    မွေးမြူရေးထုတ်ကုန်နှင့် MSMEs  ထုတ်ကုန်များကို  တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။   

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်    တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ အလားတူ နည်းပညာဖြန့်ဝေပေးသည့် အစီအစဉ်များကို   နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သြဂုတ်လ ၁၅ ရက် နှင့်  ၁၆   ရက်တို့တွင်  ပြုလုပ်ခဲ့ပြီး ယခုမွန်ပြည်နယ်တွင်   တတိယမြောက် အစီအစဉ်အဖြစ်  နည်းပညာများကို ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း  တင်ပြလိုက်ရပါသည်။  ။