အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျရေတပ်တို့၏ မာလာဘာစစ်ရေးလေ့ကျင့်ခန်း ဒုတိယ အဆင့် စတင်

နယူးဒေလီ၊ စစ်ရေး

အိန္ဒိယနိုင်ငံကလက်ခံပြုလုပ်သည့် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျရေတပ်တို့ ပူးပေါင်းပါဝင်သော မာလာဘာရေတပ်စစ်ရေးလေ့ကျင့်ခန်း ဒုတိယအဆင့်ကို နိုဝင်ဘာ ၁၇ ရက်တွင်စတင်ကြောင်းသိရသည်။

အဆိုပါ ဒုတိယအဆင့်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၂၀ ရက်အထိ အာရေဘီယံပင်လယ် အတွင်း လုပ်ဆောင်မည်ဖြစ်သည်။ အိန္ဒိယနှင့်အမေရိကန်တို့မှ လေယာဉ်တင်သင်္ဘောများပါဝင်သည့် ယခုစစ်ရေး လေ့ကျင့်မှုသည် ပထမအဆင့်စစ်ရေးလေ့ကျင့်မှုထက် ပိုမိုရှုပ်ထွေးကာ အသေးစိတ်စီမံချက်များ ရေးဆွဲထား သည်ဟု အိန္ဒိယရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။

၎င်းတို့၏ ပထမအဆင့်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၃ ရက်နှင့် ၆ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယစစ်ရေးလေ့ကျင့်မှုသည် အိန္ဒိယရေတပ်၏ ဗီခရမ်မာဒီရာလေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအုပ်နှင့် အမေရိကန်ရေတပ်မှ နီမစ်လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်တို့ကြား အဓိကပူးတွဲ လေ့ကျင့်မှုဖြစ်ကြောင်း အိန္ဒိယရေတပ်မှ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ထို့ပြင် ယင်းစစ်ရေးလေ့ကျင့်မှုများတွင် အမေရိကန်မှ F-18 တိုက်လေယာဉ်များ၊ E2C Hawkeye လေယာဉ် နှင့် အိန္ဒိယ၏ MiG-29k တိုက်လေယာဉ်များအကြား တန်းမြင့်လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်း များနှင့် တစ်ဖက်၏ လေယာဉ်တင်သင်္ဘောအပေါ် တစ်ဖက်မှတိုက် လေယာဉ်များ ဆင်းသက်မှု လေ့ကျင့်ခန်း များ ပါဝင်သည်။

အလားတူ ထိုစစ်ရေးလေ့ကျင့်ခန်းသည် ရေပေါ်ရေအောက်အဆင့်မြင့် စစ်ရေးလေ့ကျင့်ခန်းများနှင့် လေးနိုင်ငံ ရေတပ်များအကြား အပြန်အလှန်ဆက်သွယ်ပြီး လက်နက်များပစ်ခတ်မှုလေ့ကျင့်ခန်းများ ပါဝင်ကြောင်း သိရသည်။

Ref: Sputnik