ယမန်နေ့မှအဆက်
သောင်းဒန်သည် ခြေလှမ်းကျဲကျဲနှင့်တောင်ကုန်းကို တက်လာသည်။
ဘယ့်နှယ်လဲဟေ့ လှမင်း၊ ညက ကောင်းကောင်းအိပ်ကြရဲ့လား။ လေတဟူးဟူးနေမှာပေါ့ကွာ
လှမင်းက အဖြစ်အပျက် အစုံအလင်ကို အကျဉ်းရုံးပြောပြသည်။ ဆရာကြီး ပစ်သွားတယ် ဟူသော စကားကိုပါ မထိမ်မချန်ဘဲပြောလိုက်သည်။ သောင်းဒန်အတော်လေး စိတ်မကောင်းဖြစ်သွားသည်။ သူ့လူတွေကြည့်လိုက်လျှင် အားလုံးလိုလို မျက်တွင်းဟောက်ပက်ကလေးများနှင့် တွေ့ရသည်။ ရွှင်ရွှင်လန်းလန်းမရှိ။
မှိုင်တွေတွေဖြစ်နေကြသည်။
တစ်ညလုံး တစ်ရေးမှ မအိပ်ကြရဘူး ဆရာကြီး
ဟုတ်တယ် ဦးသောင်းဒန် မိုးသာ စင်စင်လင်းရော ဘယ်သူမှ အိပ်မပျော်ကြဘူး။ ငုတ်တုတ်ထိုင်ပြီး မိုးမြန်မြန်လင်းပါစေ ဆုတောင်းနေကြတာပဲ။ သန်းခေါင်ကျော်လောက်ကျမှ လထွက်လာလို့ နည်းနည်းအလင်းရောင်ရလာတယ်။ လမထွက်ခင်တုန်းက မှောင်လိုက်တာလည်း ပိန်းပိတ်နေတာပဲ
စင်ရော်သို့ ထွက်သွားမိသည်ကို သောင်းဒန် နောင်တရနေသည်။ စိတ်မကောင်းဖြစ်နေသည်။
ဟုတ်တယ်။ ပြောကြမှာပဲ။ သူတို့ကို ပစ်ထွက်သွားတယ်လို့ ပြောကြမှာပဲ။ ငါကိုက သတိ နည်းနည်းလိုသွားတယ်။ ကျိုက်ဒေးရုံမှာ တစ်ခါကြုံခဲ့ရပြီပဲ။
ထိုအခါ သောင်းဒန်စိတ်ထဲတွင် သည်နေရာ၌ တံတားဆောက်ဖို့ ရွေးသည်ကို အခဲမကျေဖြစ်လာသည်။ သို့သော် စိတ်မကောင်းဖြစ်နေ၍မပြီး။ ရွေးပြီးနေပြီ။ ဖြစ်ပြီးနေပြီ။ နောင် မဖြစ်ရအောင်သာ သတိထားဖို့ရှိသည်။
ဘယ်မှာလဲကွ ရဲဘော်တွေ၊ ခင်ဗျားတို့ တပ်ကြပ်ကိုကျော်ခင် ခေါ်စမ်းပါဦး။ ကဲ ကဲ ခင်ဗျားတို့ သွားကြဦး။ ပြီးမှ ခင်ဗျားတို့ကို စကားပြောမယ်
သူ့ဘေးပတ်လည်တွင် ဝိုင်းနေကြသော အလုပ်သမားများကို နှင်ထုတ်လိုက်သည်။ တပ်ကြပ် ကိုကျော်ခင် ရောက်လာသည်။
ခင်ဗျား တော်တော် အာချောင်တဲ့လူပဲ။ ခင်ဗျားတို့ဗိုလ်မှူးကို ကျွန်တော် ပြောထားတယ်။ ဒီတောင်ကို ပြန်ပေးတောင်လို့ မခေါ်ပါနဲ့လို့။ ခင်ဗျားတို့ကို မပြောဘူးလား။ ကျွန်တော့်လူတွေက ခင်ဗျားတို့လို စစ်တိုက်လာတဲ့စစ်သားတွေ မဟုတ်ဘူးဗျ။ တံတားဆောက်ဖို့ လာကြတဲ့ အလုပ်သမားတွေ။ အားရှိအောင် ပြောမှပေါ့။ ခုတော့ နဂိုက ကြောက်နေတဲ့ လူတွေကို ခင်ဗျားတို့က ဖြဲခြောက်တယ်
ကျွန်တော်တို့မှာ အားလုံးမှ ရဲဘော်ရှစ်ယောက်ပဲ ပါလာတယ်ဆရာ။ ဒီဒေသက ကျွန်တော်တို့ ကျွမ်းကျင်တာ မဟုတ်ဘူး
ရှစ်ယောက်ထဲ ပါလာတော့ရော ဒီစကားမျိုး ပြောရမှာတဲ့လားဗျ။ နေဦးဗျာ ကျွန်တော် လူထပ်တောင်းမယ်။ ဗိုလ်မှူးသိန်းအောင်ဆီမှာ တပ်စုတစ်စု ပို့ပေးဖို့ ထပ်ပြီးပြောမယ်။ အဲ နောက်တော့ ခင်ဗျား ဒီစကားမျိုး ဘယ်တော့မှ မပြောနဲ့။ ပြောရင် ခင်ဗျားတို့ တပ်ရင်းမှူးကို ကျွန်တော်တိုင်ရလိမ့်မယ်။ ဘာလဲ ခင်ဗျားတို့ ကြောက်သလား။ ခင်ဗျားတို့ဟာ စစ်တိုက်နေတဲ့ စစ်သားတွေပဲဗျ။ ကဲ ဒီနေ့ညကစလို့ နောက်ထပ်တပ်စု ရောက်မလာမချင်း ခင်ဗျားတို့ ရဲဘော်ရှစ်ယောက်နဲ့ တွဲပြီး ကျွန်တော်တို့ဆီက လူတွေလည်း ကင်းစောင့်မယ်။ ကျွန်တော်စီစဉ်မယ်
ဟုတ်ကဲ့ ဆရာ
သောင်းဒန်စိတ်မောလာသည်။ သူ့တာဝန်မသေးမှန်း တဖြည်းဖြည်းနားလည်လာသည်။ တံတားလည်း ဆောက်ရမည်။ လမ်းလည်း ဖောက်ရမည်။ ကင်းလည်းစောင့်ရမည်။ သူတို့ကိုလည်း မိဘ ဆရာသမားသဖွယ်အုပ်ချုပ်ရမည်။
ကဲ ခေါ်စမ်းဟေ့ လှမင်း မင်းလူတွေ အားလုံးခေါ်စမ်း။ ငါ စကားပြောမယ်
အင်ကြင်းပင်လေး တစ်ခု၏အခြေ ကုန်းမြင့်ထက်တွင် သောင်းဒန်ရပ်နေသည်။ သူ့အရပ်သည် နဂိုကပင် ၆ ပေရှိရာ ကုန်းမြင့်ထက်တွင် ကျောက်ရုပ်ကြီးတစ်ခုစိုက်ထားသလို ဖြစ်နေသည်။
မနေ့ညက စင်ရော်ကို ကျွန်တော် လိုက်သွားတာနဲ့ ပတ်သက်လို့ ခင်ဗျားတို့ကို နည်းနည်းပြောချင်တယ်။ ကျွန်တော်မရှိလို့ ခင်ဗျားတို့ အားငယ်နေမှာပဲ။ ဒါပေမဲ့ ဒီလောက်အထိ ဖြစ်လိမ့်မယ် မထင်ဘူး။
ခင်ဗျားတို့ကို ပစ်ပြီး ထွက်သွားတယ်လို့ ခင်ဗျားတို့ အထဲက ပြောသံဆိုသံ ကျွန်တော်ကြားရတယ်။
ဟုတ်တယ် ထင်စရာပဲ။ ကျွန်တော်ကလည်း ပစ်ထွက်သွားသလို ဖြစ်နေတာကိုး။ ဒါပေမဲ့ ဟိုမှာက စီစဉ်စရာတွေရှိတယ်။ တိုင်ပင်စရာတွေ ရှိတယ်။ အခုထက်ထိအောင် ကိစ္စတွေက မပြတ်သေးဘူး။ နောင်လည်းအမြဲပဲ စင်ရော်နဲ့ ဆက်သွယ်နေရမှာပဲ။ စင်ရော်ကို သွားနေရမှာပဲ။ စင်ရော်သာ မဟုတ်ဘူး။ စိမ့်မြိုင်ကိုလည်း သွားရမယ်။ ရန်ကုန်ကိုလည်း သွားရမယ်။
ဒါပေမဲ့ ခုရက်အတွင်းမှာတော့ ညအိပ်ညနေသွားဖို့ စိတ်မကူးတော့ဘူး။ ဒီမှာပဲ အိပ်မယ်။ ပြီးတော့ကင်းစောင့်ရဲဘော် ရှစ်ယောက်နဲ့ မလုံလောက်ဘူးထင်လို့ နောက်ထပ် တပ်စုတစ်စု ချပေးဖို့ ဗိုလ်မှူးသိန်းအောင်ဆီ ပြောမယ်။ ဒီညက စပြီးတော့ ကျွန်တော်တို့တစ်တွေ ရဲဘော်တွေနဲ့တွဲပြီး အလှည့်ကျကင်းစောင့်ကြရမယ်။ ကျွန်တော်ပါ ကင်းစောင့်မယ်။ ဟုတ်လား
အားလုံးက ကျေနပ်ကြသည်။
ပြီးတော့ တစ်ခုရှိသေးတယ်။ အဲဒါက ခင်ဗျားတို့စိတ်ဓာတ်ပဲ။ အခု နေရမှာက တစ်လမဟုတ်ဘူး။
နှစ်လမဟုတ်ဘူး။ တစ်နှစ်မဟုတ်ဘူး။ သုံးနှစ်တောင် ဒီနေရာမှာ နေကြရမယ်။ ဒီလို စိတ်ဓာတ်မျိုးနဲ့ ဘယ်ဖြစ်ပါ့မလဲ။ ဒီအလုပ်က တိုင်းပြည်ရဲ့အလုပ်။ ကျွန်တော့်ရဲ့ကိုယ်ပိုင်အလုပ်မဟုတ်ဘူး။ တိုင်းပြည်အတွက် လုပ်ကြရတာ။ ဒါတွေလည်း ခင်ဗျားတို့နားလည်ပါတယ်ဗျာ။ ဟိုတုန်းကတော့ ကျွန်တော့်ခင်ရင် လိုက်ခဲ့ကြပါလို့ခေါ်ခဲ့တယ်။ ဟုတ်တယ်။ ခင်မင်မှုအပေါ် အရင်းခံကြတာပဲ။ ကျွန်တော်လည်း ဘာထူးသလဲ။
ခင်ဗျားတို့လိုပဲ။ အတူတူပဲ။ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လမ်းဖောက်ရတယ်။ တံတား ဆောက်ရတယ်။ ထမင်းစားရအောင် အလုပ်တစ်ခုတည်း အနေနဲ့တော့ ဒီလိုအလုပ်မျိုး ဘယ်လုပ်မလဲဗျာ။ ရုံးထိုင်နေရတဲ့ အင်ဂျင်နီယာအလုပ်မျိုး ကျွန်တော်လုပ်မှာပေါ့။ ကဲဗျာ ရှည်ရှည်ဝေးဝေးလည်း မပြောချင်ပါဘူး။ အခုပဲ စင်ရော်ကို ပြန်သွားရဦးမယ်။ တချို့စက်တွေရောက်ကုန်ပြီ။
ဒီညနေ ကရိန်းကြီးရောက်မယ်။ ကရိန်းကြီးကို ဒီအထိသယ်ဖို့ စီစဉ်ရမယ်။ ဒီည ကျွန်တော်စခန်းမှာ ပြန်အိပ်မယ်။ ဒါပဲ။
သြော် တစ်ခုပြောစရာကျန်သေးတယ်။ အခုလောလောဆယ်တော့ စင်ရော်နဲ့ စခန်းကူးဖို့သန်းဖို့ အတွက် မော်တော်တစ်စင်း ငှားလာတယ်။ တစ်နေ့အစိတ်ပေးရတယ်။ တစ်နေ့နှစ်ခေါက်ကူးမယ်။ ဒါကပုံမှန်။ အရေးရှိရင်ရှိသလို သွားရမယ်။ ခင်ဗျားတို့တစ်တွေလည်း ဒီမော်တော်ကိုပဲ အသုံးပြုရမှာပဲ။
နောက် ဟိုဘက်က ချဉ်းကပ်လမ်းဖောက်ပြီးရင် မော်တော်ကားစီစဉ်မယ်။ ကဲ ဘာပြောစရာ ရှိကြသေးသလဲ။ ဒါပဲနော် ဘယ်သူမှ ပြန်စကား မပြောကြနဲ့။ နောက်မှ ကီလေး ကာလေး မလုပ်နဲ့
သူတို့အားလုံး ရယ်နိုင်၊ ပြုံးနိုင်ရှိနေကြပြီ။ အလင်းရောင်က သူတို့ကို အားတက်စေသည်။ အမိုက်မှောင်က သူတို့ကို အားပျော့စေသည်။ သူတို့တွင် အကာအကွယ်မရှိ။ သစ်ပင်အောက် အိပ်ကြရသည်။ မိုးကောင်းကင်က ကြယ်ပြောက်များကိုသာ အဖော်ပြုကြရသည်။ သို့သော်သည်အတိုင်း မပြောင်းမလဲနေရမည်မဟုတ်။ မိုးလေအကာအကွယ် အတွက် တဲများ၊ အိမ်များ ဆောက်ကြရမည်။ ရန်သူအကာအကွယ်အတွက် ကင်းစောင့်ကြရမည်။ အရန်အတားများပြုလုပ်ကြရမည်။
သောင်းဒန်သည် နေ့လယ်တွင် စင်ရော်သို့ မော်တော်နှင့်ပြန်သွားသည်။ သူနှင့်အတူ အောင်ကြီးနှင့် လှမင်းတို့ ပါသွားသည်။ ထို့ပြင် အလုပ်သမား လေးယောက်ခန့်ကိုလည်း ခေါ်သွားသည်။ ညနေဘက်တွင် အလုပ်သမားများသည် သမ္ဗန်ကြီးနှစ်စင်းနှင့် ရောက်လာကြသည်။ ဝါးများ၊ သစ်များပါလာသည်။ သောင်းဒန်တို့ကား ညနေစောင်းမှ မော်တော်နှင့်ပြန်လာသည်။
နက်ဖြန် နှစ်ဆိုင်းခွဲမယ်။ တစ်ဆိုင်းက စင်ရော်ကို ပစ္စည်းသယ်လိုက်ရမယ်။ တစ်ဆိုင်းက ဒီမှာ တဲနှစ်လုံးထိုးရမယ်။ စင်ရော်မှာ ပစ္စည်းတွေအားလုံးလိုလိုရောက်လာပြီ။ ပစ္စည်းတွေကို ဖြုတ်ပြီး သယ်ရမလား။
ဒီအတိုင်းပဲ စက်လှေကြီးကြီးနဲ့ သယ်ရမလားမသိဘူး။
တော်သလို ကြည့်လုပ်ရမှာပဲ။ ကျန်တစ်ဆိုင်းက စခန်းစောင့်ကြရမယ်။ သုံးလေးရက်ကြာမှာပေါ့။
လူလေးဆယ်ဆီဆံ့တဲ့ တဲကြီးနှစ်လုံး ထိုးရမယ်။
မြေစိုက်မဟုတ်ဘူး။ ကြမ်းခင်းနဲ့ဆောက်ရမယ်
ထိုညတွင် ဆရာကြီးရှိသဖြင့် အားလုံးအားတက်ကြသည်။ သောင်းဒန်က သန်းမောင်ကိုခေါ်ကာ မယ်ဒလင် တီးခိုင်းသည်။ ရွှင်မြူးတက်ကြွစရာသီချင်းများကို ဆိုစေတီးစေသည်။ စနေနေ့ညက အိပ်ရေးပျက်သဖြင့် အိပ်ချင်နေကြသည်။ ထိုနေ့ညက စောစောအိပ်ရာဝင်ကြသည်။ ကင်းသမားများမှာ တစ်လှည့်လျှင် တစ်နာရီခွဲတာ စောင့်ရသည်။ ထိုညတွင် သောင်းဒန်လည်း ညဦးပိုင်း၌ ကင်းစောင့်တာဝန်ယူလိုက်သည်။
သူနှင့်အတူ ကင်းစောင့်တာဝန်ကျသည့် ရဲဘော်မှာ စိန်သောင်းဆိုသူဖြစ်သည်။
နောင်ကြီး ဘယ်အရပ်ကလဲ
ရဲဘော် စိန်သောင်းက စ၍သူ့ကို မိတ်ဖွဲ့သည်။
သောင်းဒန်က သူ့ဇာတိကို ပြောပြသည်။ အလုပ်အကိုင်အကြောင်းပြောပြသည်။
ကျွန်တော်က မိတ္ထီလာက ခင်ဗျ။ မိတ္ထီလာနယ်ထဲက သိမ်ကုန်းရွာထဲကပဲ
တပ်ထဲဝင်တာ ဘယ်လောက်ကြာပြီလဲ
ခြောက်နှစ်လောက်ရှိပြီ။ ကျွန်တော်တို့ မိတ္ထီလာဘက်က ရဲဘော်တွေ အများကြီးပဲဗျ။ ကျွန်တော်ရောက်တာလည်း နေရာအနှံ့ပဲ။ အခု မြစ်ကြီးနားဘက်က ပြောင်းလာတာ။ မြစ်ကြီးနားဘက်မှာ သိပ်ဆိုးတာပဲခင်ဗျ။ ကေအိုင်အေရော၊ နာဂသူပုန်ရော ရှုပ်နေတာပဲ
နာဂသူပုန်က ဘယ်လိုရောက်လာတာလဲ
ကျွန်တော်တို့ မြန်မာပြည်ကိုဖြတ်ပြီး သူတို့တိုင်းပြည်ကို ပြန်တာဆိုပဲခင်ဗျ။ တရုတ်ပြည်က သင်တန်းဆင်းပြီး ပြန်လာတာတဲ့။ တိုက်တော့မတိုက်ရပါဘူး။ ကေအိုင်အေနဲ့တော့ ခဏခဏတိုက်ပွဲဖြစ်တယ်။ သူတို့ထောင်တဲ့ မိုင်းဗုံးက သိပ်ကြောက်စရာကောင်းတယ်။ ကျွန်တော်တို့တပ်စုက ရဲဘော်ရွှေမြို့ရယ် ပွဲချင်းပြီးသေတာပဲ။ ဗိုလ်ကြီးသောင်းကြည်က
ဟေ့ ဟေ့ ဗုံး ဗုံးလို့ သတိပေးနေရင်း တက်နင်းမိတာပဲ။ တောင်စောင်း၊ တောင်ကမ်းပါးယံတွေမှာ လူသွားလမ်းဆိုလို့ တစ်လမ်းတည်းရှိတာခင်ဗျ။ ဘယ်လိုမှ ရှောင်မလွတ်ဘူး။ အဲဒီတောင်စောင်းက လမ်းအတိုင်းတက်ရ ဆင်းရတာပဲ
ဆက်လက်ဖော်ပြပါမည်။
ကျော်အောင်