(၂၀)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၁၈

ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ (ASEAN  Cooperation on  Civil  Service  Matters-ACCSM)၏ ၂၀၁၉-၂၀၂၀ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ နိုင်ငံ့ဝန်ထမ်းကော်မရှင်ရုံးမှဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် (၂၀)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းအကြီးအကဲများ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးများကို ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံ့ဝန်ထမ်းကဏ္ဍဆိုင်ရာ အကြီးအကဲများနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းတက်ရောက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက်  အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းဆိုင်ရာ  အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက မြန်မာနိုင်ငံအနေဖြင့် Community  Quarantine  ပြုလုပ်ရန် လိုအပ်မှုများရှိပါက ထိန်းချုပ်ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စိတ်ဓာတ်မြှင့်တင်ပေးမှု စသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံးမှ  ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စားဝတ်နေရေး အခက်အခဲပြဿနာ၊ အလုပ်လက်မဲ့ပြဿနာတို့ပြေလည်နိုင်ရေး ပြည်သူများအား ပံ့ပိုးပေးနိုင်ရေးအတွက် COVID-19   Economic  Relief  Plan (CERP) Action  Plan ကို ရေးဆွဲပြီး ထောက်ပံ့ပေးနေမှု အစီအစဉ်များ  စသည်တို့ကို  မျှဝေပေးခဲ့ကြောင်း သိရသည်။